စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အဓိက ဖမ်းဆီးထောင်ချရာတွင် အသုံးပြုခဲ့သည့် အရေးပေါ် စီမံမှု အက် ဥပဒေနှင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ၂ ခုကို ဖျက်သိမ်းမည့် ဥပဒေကြမ်းများကို လာမည့် လွှတ်တော်တွင် တင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လွှတ်တော်ကိုယ်စားလှယ်အများစုကြီးစိုးထားသော လွှတ်တော်တွင် ဥပဒေကြမ်း ၅ ခု ဖျက်သိမ်းရန် စီစဉ်နေပြီး ယင်းဥပဒေများထဲတွင် စစ်အစိုးရက ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို အဓိက ဖမ်းဆီးထောင်ချရာတွင် အသုံးပြုခဲ့သည့် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ နှင့် ၁၉ ၅၀ ခုနှစ် အရေးပေါ် စီမံမှု အက်ဥပဒေတို့လည်း ပါဝင်ကြောင်း သိရှိရသည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “အခြေအနေနဲ့ ကိုက်ညီမှုမရှိတော့တဲ့ ဥပဒေတွေကို ပြင်ဆင်၊ဖျက်သိမ်းဖို့ လိုအပ်ပါတယ်၊ ပြည်သူ့လွှတ်တော်က ၂ခု နဲ့ ကျနော်တို့က ၃ ခု တင်မှာပါ”ဟု ဧရာဝတီသို့ပြောသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အနေဖြင့် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ နှင့် ၁၉၅၀ ခုနှစ် “အရေးပေါ်စီမံမှု အက်ဥပဒေ” တို့ကို ဖျက်သိမ်းသည့် ဥပဒေကြမ်း ၂ခုကို တင်သွင်းမည် ဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့ကောင်စီ ဥပဒေ၊ နိုင်ငံတော်ကောင်စီ ဥပဒေ နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် စီမံခန့်ခွဲမှု ဥပဒေ တို့ကို ဖျက်သိမ်းသည့် ဥပဒေကြမ်းများကို တင်သွင်းမည် ဖြစ်ကြောင်း သိရှိရသည်။
လွှတ်တော်က ဖျက်သိမ်းမည့် ဥပဒေများအနက် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေး အန္တရာယ် မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေသည် ကိုလိုနီခေတ် ၁၈၇၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေ ဖြစ်ပြီး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉ ၇၅ ခုနှစ်တွင် ပြန်လည်ရေးဆွဲ ပြင်ဆင်ပြဋ္ဌာန်း ခဲ့သည့် ဥပဒေ ဖြစ်ကြောင်း သိရှိရသည်။
စစ်အစိုးရ လက်ထက် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေဖြင့်ပင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖမ်းဆီးပြစ်ဒဏ် ချမှတ်ခဲ့ သည့် အပြင် တော်လှန်ရေး တက်ကြွလှုပ်ရှားသူများကိုလည်း ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကိုဘိုကြည်က ပြောသည်။
ကိုဘိုကြည်က “ဒီဥပဒေ က အာဏာရှိသူက အတိုက်အခံခေါင်းဆောင်တွေ နဲ့ အခြားတက်ကြွ လှုပ်ရှားသူ တွေကို ဖမ်းချင်သလို ဖမ်းလို့ရတဲ့ ဥပဒေ ဖြစ်နေတာရယ်၊ အာဏာရှိသူတွေကို လိုရင်လိုသလို ဘာသာပြန် လို့ရအောင် လုပ်ပေးထားတဲအတွက် ဖျက်သိမ်းသင့်ပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေး အန္တရာယ် မှ ကာကွယ်သည့်ဥပဒေအား ဖျက်သိမ်းသည့် ဥပဒေကြမ်းကို မေ ၂ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။