အစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ရပ်တန့်ပြီး နိုင်ငံရေးဆွးနွေးပွဲသို့ AA တပ်ဖွဲ့ကို ဖိတ်ခေါ်သင့်ကြောင်း အရေးကြီးအဆိုကို ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ(ANP)မှ ဦးဝေစိန်အောင် က တင်သွင်းသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က “နိုင်ငံက လွတ်လပ်ရေးရကတည်းက စစ်ဖြစ်လာတာ၊ နိုင်ငံလည်း ဆင်းရဲ မွဲတေနေပြီ၊ တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာစေချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာတွင် ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရ သည့်အပြင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ခြေ ရှိခြင်းကြောင့် ပြည်ထောင်စု အစိုးရသို့ အရေးကြီး အဆို တင်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။
အမျိုးသား လွှတ်တော်၌ ဦးဝေစိန်အောင်၏ အရေးကြီးအဆို တင်သွင်းမှုတွင် AA တပ်ဖွဲ့အား ရက္ခိုင့် တပ်မတော် ဟု ခေါ်ဆိုသုံးစွဲမှုတွင် တပ်မတော်ဟူသည့် အသုံးအနှုန်းကို တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်မှု ရှိခဲ့သည်။
အဆိုအား မဲခွဲဆုံးဖြတ်ရာ အနိုင်ရရှိခဲ့ပြီး မေ ၃ ရက်တွင် ကျင်းပမည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေး မည် ဖြစ်ကြောင်း သိရသည်။