မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန် အပါအဝင် နယ်ပယ်ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန် အစိုးရက အစွမ်းကုန် ကူညီပေးသွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြား ဝန်ကြီး မစ္စတာ ဖူမီအိုခိရှိဒါက ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံခြားဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာအစိုးရ အလေးထားသည့် အလုပ်အကိုင် ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ အခြေခံ အဆောက် အဦ တည်ဆောက် ရေး၊ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး ကဏ္ဍများတွင် အကူအညီပေးရုံသာမက မြန်မာနိုင်ငံ၏ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင်ပါ အစွမ်းကုန် ကူညီပေးသွားမည်ဟု ဂျပန်နိုင်ငံခြား ဝန်ကြီး မစ္စတာ ဖူမီအိုခိရှိဒါက ပြောသည်။
“မြန်မာပြည်သူတွေရော ဂျပန်လုပ်ငန်းရှင်တွေပါ ၂ ဖက် အကျိုးရှိမယ့် အကျိုးခံစားနိုင်မယ့် ရင်းနှီးမြှပ်နှံမှု ပတ်ဝန်းကျင် ကောင်းကိုလည်း အတူတကွ လက်တွဲပြီး ဆောင်ရွက်သွားပါမယ်။ ဂျပန်က မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်ကို အလေးထားပြီးတော့ အစွမ်းကုန် ကူညီသွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။
တိုင်းရင်းသား လူနည်းစုများနှင့် ငြိမ်းချမ်းရေး ရရှိရေး၊ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စများတွင် ဂျပန်အစိုးရက ကူညီ ဆောင်ရွက် နေကြောင်း၊ အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင်လည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကိုလည်း မြန်မာနိုင်ငံနှင့်အတူ လက်တွဲပြီး ပူးတွဲ ဆောင်ရွက်လိုပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရအနေဖြင့် ယင်းသို့ ပူးတွဲဆောင်ရွက်လိုမှုကို လက်ခံလိမ့်မည်ဟု မျှော်လင့် ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုကဲ့သို့ လာရောက်တွေ့ဆုံသည့်အတွက် ဝမ်းသာ ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံသူ နိုင်ငံသားများ၏ စေတနာ၊ မေတ္တာကို အသိ အမှတ်ပြုကြောင်း ပြောဆိုသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသည် ပြည်သူ လူထု၏ ထောက်ခံမှု ကို ရယူပြီး ဖွဲ့စည်းသည့် အစိုးရ ဖြစ်သည်ဆိုသော အချက်ကို ဂျပန်အစိုးရက အလေးထား စဉ်းစား၍ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းပြီး ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ထပ်လောင်း ကတိပြု ပြောဆိုသွားသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် သမ္မတဦးထင်ကျော်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကူအညီပေးရေး၊မြန်မာနိုင်ငံ၏ ဖံွ့ဖြိုးတိုး တက် မှု ဖြစ်စဉ်တွင် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးမှု မိတ်ဘက်အဖြစ် ဆက်လက်ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ၏ ငွေကြေး ဈေးကွက်၊ ဘဏ္ဍာရေးဈေးကွက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်း လာစေရေး၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျပန်လုပ်ငန်းရှင်များ ဆက်လက် ရင်းနှီးမြှုပ်နှံရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များတွင် အကူအညီပေးရေး၊ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည် များ၏ အရိုးရှာဖွေ ကောက်ယူခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား အကျိုးစီးပွား မြှင့်တင်နိုင်ရေးအတွက် Japan-Myanmar Joint Initiative ဖွဲ့စည်း ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး ကြောင်း နိုင်ငံတော်သမ္မတရုံးက တရားဝင် သတင်းထုတ်ပြန်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် အပြတ်အသတ် အနိုင်ရရှိပြီးနောက် ၂၀၁၆ မတ်လ ၃၀ ရက်နေ့ တရားဝင် အာဏာ လွှဲပြောင်း ရယူ ခဲ့ကြောင်း၊ ယင်းနောက် ဧပြီလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi သည် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ကြောင်း၊ ယင်းသို့ လာရောက်သော ခရီးစဉ်တွင် မြန်မာအစိုးရသစ် နှင့်ပူးပေါင်း ဆောင် ရွက် ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကူညီသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကတိပြု ပြောဆို သွားခဲ့သည်။