မြန်မာ့နိုင်ငံရေးတွင် ဘာသာရေး၊ လူမျိုးရေးကို အသုံးချကာ နိုင်ငံရေးအမြတ်ထုတ်မှုများကိုလက်ရှိအချိန်တွင် သတိပြု ရှောင်ရှားရန် လိုအပ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက မန္တလေးတွင် ယနေ့ ကျင်းပသည့် ဘာသာပေါင်းစုံအဖွဲ့နှင့် တွေ့ဆုံပွဲတွင် ပြောဆိုသည်။
“ယနေ့ခေတ်မှာ ဘာသာရေးကလည်း နိုင်ငံရေးပါပဲ၊ ဘာသာရေးကို အခြေခံပြီး နိုင်ငံရေး လှုံဆော်ရာမှာ လွန်စွာ လွယ်ကူ ပါတယ်၊ ပြည်တွင်းပြည်ပကအဖျက်တွေရှိနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်” ဟု သူရဦးအောင်ကို က ပြောသည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွှတ်ရေး အဖွဲ့နှင့် ယနေ့တွေ့ဆုံခဲ့ရာ ခရစ်ယာန်အသင်းတော်၏ မန္တလေးသာသနာပိုင်နယ်မြေ ဆရာတော် ဒေးဗစ် ညီညီနိုင်က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်း စေတီလာရောက် တည် သည့်ကိစ္စနှင့် ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနသို့ စာတင်ထားကြောင်း တင်ပြပြီး မိတ္ထီလာမြို့နယ်တွင် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သည့်လူမျိုးရေးပဋိပက္ခဖြစ်စဉ်ပြီးနောက် ဝတ်ပြုခွင့်ပိတ်ထားသည့် ဗလီများအား
ပြန်လည် ဝတ်ပြုခွင့်ပေးရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက တောင်းဆိုတင်ပြခဲ့ကြကြောင်း သိရှိ ရသည်။
အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက မေ ၅ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ပြီးလွတ်လပ်စွာ ကိုးကွယ်ခွင့်အတွက် ဆက်လက်ကြိုးစား ပေးမည် ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောဆိုသည်။
“မတူကွဲပြားမှုတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက် အင်အား တရပ်အနေနဲ့ ပြောင်းလဲတည်ဆောက်ယူနိုင်မယ်ဆိုရင် အေးချမ်းတဲ့ မြန်မာ့လူဘောင်အဖွဲ့အစည်း
တရပ် ဖြစ်လာမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ကို ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာဝင်များဖြင့် ၂၀၁၃ ခုနှစ် ဧပြီလကတည်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။