ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရ လက်ထက် ဒုတိယ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း ဟာ ထိုင်းနိုင်ငံ မဟာချုလာလောင်ကွန်း တက္ကသိုလ်က ပေးအပ်ချီးမြှင့်မယ့် ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့(Honorary PhD In Educational Administration)ကို လက်ခံရယူဖို့အတွက် ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။
ဒေါက်တာ စိုင်းမောက်ခမ်းဟာ မေလ ၁၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ ရှမ်းတိုင်းရင်းသားတွေနဲ့ တွေ့ဆုံပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ ဒေါက်တာ စိုင်းမောက်ခမ်းကို ထိုင်းနိုင်ငံ မဟာချုလာလောင်ကွန်း တက္ကသိုလ်က မေလ ၁၅ ရက်နေ့မှာ ချီးမြှင့်မယ့် PhD ဘွဲ့အကြောင်း အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး လွှတ်တော်ထဲကနေ တစုံ တရာ ဆောင်ရွက်ဖို့ ရှိမရှိကို ဧရာဝတီ သတင်းထောက် ကျော်ခ က တွေ့ဆုံ မေးမြန်းထားပါတယ်။
ဒေါက်တာ စိုင်းမောက်ခမ်းဟာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာလည်း USDP ပါတီကနေ လားရှိုးမြို့နယ် ပြည်သူ့လွှတ် တော် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်လာသူပါ။
မေး။ ။ ဒေါက်တာ စိုင်းမောက်ခမ်းအနေနဲ့ အခုဒီမှာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့တယ်။ ဘာအတွက်တွေ့တာလဲ။ တွေ့ဆုံပြီး တဲ့ နောက်ပိုင်းမှာ သူတို့အတွက် တစုံတရာ လုပ်ဆောင်ပေးမယ့် အစီအစဉ်တွေများ ရှိလားဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ရွှေ့ပြောင်းလုပ်သားတွေ လာတွေ့တာ မဟုတ်ပါဘူး။ ဒီမှာရှိတဲ့ မြန်မာပြည်က ဒီဘက်ကိုပြောင်းလာတဲ့ ပြည်သူလူထုတွေကို လာပြီးတော့ တွေ့တဲ့သဘောပါပဲ။ လာပြီးတော့ နှုတ်ဆက်တာပါ။
မေး။ ။ မဟာ ချုလာလောင်ကွန်း တက္ကသိုလ်က ချီးမြှင့်ပေးမယ့် PhD ဘွဲ့ဟာ ဒေါက်တာ စိုင်းမောက် အနေနဲ့ ထိုက်တန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါသလား။
ဖြေ။ ။ Honorary Doctorate (ဂုဏ်ထူးဆောင် ပါရဂူဘွဲ့) ပေးတာ ထိုက်တန်သလားတဲ့။ တန်သလား မတန်သလားဆိုတာ ခုနမေး ခွန်းနဲ့ အတူတူပါပဲ။ Honorary Doctorate က ကမ္ဘာမှာရှိတဲ့ အဖွဲ့အစည်းတွေ အသီးသီး၊ တက္ကသိုလ်တွေ အသီးသီးပေါ့။ သူက ဒီ ပုဂ္ဂိုလ်၊ ဒီဆရာတော်၊ ဒီလူကို သူပေးချင်တယ် ဆိုလို့ရှိရင် သူပေးလိုက်တာပါပဲ။ သူ့ရဲ့ မူလ အခြေခံ အချက်အလက်တွေ ရှိမှာပေါ့။ အဲဒီဟာက သူတို့နဲ့ ပိုပြီးတော့ ဆိုင်လိမ့်မယ်လို့ထင်ပါတယ်။ ကျနော်တော့ ဒီ Honorary Doctorate ကို ဘယ်နေ့၊ ဘယ်ရက်မှာပေး မယ်။ လာပြီးတော့ တက်လို့ရမယ်ဆိုလို့ရှိရင် လာတက်ပါဆိုတဲ့ ဖိတ်စာရတဲ့အတွက် ကျနော်လာတက်တာပါ။ အဲဒါကိုတော့ လိုရင်း တိုရှင်းဖြေတာပါ။
မေး။ ။ ဒါကတော့ ဟိုဘက် (ချူလာလောင်ကွန်း တက္ကသိုလ်) က ပေးတဲ့ပုံစံကိုပြောတာပေါ့။ ကျနော်မေးတာက ဒေါက်တာ အနေနဲ့ကျတော့ ဘယ်လို ခံယူသလဲဆိုတာ မေးတာပါ။
ဖြေ။ ။ Honorary Doctorate ကို သူတို့က ဂုဏ်ပြုချီးမြှင့်တယ်ဆိုတော့ ကျနော်လည်း လက်ခံယူရမှာပေါ့။ ချူလာလောင်ကွန်း ယူနီဗာစီတီ ဆိုတာ ဒီထိုင်းနိုင်ငံမှာတင် မဟုတ်ပါဘူး။ ကမ္ဘာကျော် တက္ကသိုလ်ဖြစ်ပါတယ်။ ဒီဆရာတော်ဘုရားတွေကနေ ပြီးတော့ ဦးစီးဦးရွက်ပြီးတော့မှ ဒါဘယ်သူကို ပေးသင့်တယ်ဆိုပြီးတော့မှ ဆုံးဖြတ်ပါတယ်။ ကျနော့်ဘက်က အနေနဲ့ကတော့ ကျနော် လုပ်ခဲ့ တဲ့ လူမှုရေးကိစ္စ သာသနာရေးကိစ္စ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော့်ရဲ့ အချက်အလက်တွေ သူတို့ရှိပါလိမ့်မယ်။ အဲဒါကြောင့် သူတို့ပေးတဲ့ အတွက် ကျနော်လာယူတာပါ။
မေး။ ။ ဒေါက်တာ စိုင်းမောက်ခမ်း UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ) မှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တဲ့ အချိန်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ထိုးခဲ့တဲ့ ၈ ဖွဲ့ထဲက RCSS (ရှမ်းပြည် ပြ န် လည် ထူထောင်ရေး ကောင်စီ)က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပလောင်(တအာင်း) တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ ဒီလို အပစ်အခတ်ရပ်စဲရေး လုပ်ဆောင် ထား တဲ့ အထဲက အဖွဲ့တဖွဲ့က တိုက်ပွဲတွေဖြစ်နေတာက အပစ်အခတ်ရပ်စဲရေးကို ရုပ်ဆိုး အကျည်းတန်စေတယ်လို့ မမြင်ဘူးလား။
ဖြေ။ ။ UPWC ကိစ္စက TNLA(ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်) နဲ့ RCSS ။ RCSS ကတော့ NCA လက်မှတ် ထိုး တယ်။ TNLA ကတော့ မထိုးဘူး။ ဒါပေမယ့် အကြောင်းအား လျော်စွာ ရှမ်းပြည်နယ်မှာပဲ တိုက်ပွဲတွေဖြစ်တယ်။ အဲဒီဟာကတော့ နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် စိတ်မကောင်း စရာပေါ့။ ရံဖန်ရံခါ ကျနော်ပြောဖူးပါတယ်။ ဘယ်သူကပဲမှန်မှန်၊ ဘယ်သူကပဲ မှားမှား လက်နက်ကိုင် တိုက်ပွဲ ဖြစ်တဲ့နေရာမှာ ပထမ ဦးဆုံး ခံစားရမှာက မြေဇာပင်ကတော့ ပြည်သူလူထုပါပဲ။ အခုလည်း အလားတူပါပဲ။ ဒီဘက်က RCSS၊ ဒီဘက်က TNLA သူတို့က သူတို့ အကြောင်း အချက်နဲ့ ဘယ်သူက ဘာဖြစ်တယ် အကြောင်းပြကြတယ်။ ဘာကြောင့်မလို့ တိုက်ပွဲတွေ ဖြစ်ရတယ်။ အမျိုးမျိုးတော့ ရှိတယ်။ ဒါပေမယ့် ခံရတာကတော့ ပြည်သူလူထုတွေပါ။ ဒါကတော့ စိတ် မကောင်းစရာပါ။
ဒါတော့ ငြိမ်းချမ်းရေးကိစ္စ၊ NCA ကိစ္စက ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ ပြီးခဲ့ပြီ။ အခုတက်လာတဲ့ အစိုးရက ဆက်ပြီးတော့ အကောင် အထည်ဖော်ဖို့ သူတို့မှာ တာဝန်ရှိပါတယ်။ ဒါလည်း တပ်မတော်ဘက်နဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ သူတို့ဘယ်လိုလုပ် ဆက်ပြီးတော့ သွားမလဲဆိုတာ အခုမှ စပြီးတော့မှ လုပ်နေတာပါ။ ဒါ ဧရာဝတီ ကလည်း အများကြီးသိပါတယ်။ ရှေ့ဘယ်လိုလုပ်သွားမလဲ။ ဘယ်လိုဆွေးနွေးမလဲ ဆိုတာ ဒါကိုတော့ စောင့်ကြည့်ရဦးမယ်လို့ပဲ ဖြေချင်ပါတယ်။
မေး။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်နေတဲ့ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ ဒုက္ခသည်တွေအများကြီး အခုဆိုလို့ရှိရင် ရာနဲ့ချီပြီး ထွက်လာရတာတွေရှိတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ ဒါကို ပါလီမန်ထဲကနေပြီးတော့ ဒီကိစ္စတွေကို ဘယ်လို ဆောင်ရွက်ပေးဖို့ အစီအစဉ်တွေရှိလဲ ဆိုတာလည်း သိချင်ပါတယ်။
ဖြေ။ ။ လောလောဆယ်တော့ မရှိသေးပါဘူး။ ကျနော်က လွှတ်တော်တက်တာ လပိုင်းပဲ ရှိသေးတယ်။ တက်တဲ့ ရက်က ရက်ပိုင်းပဲ ရှိသေးတယ်။ အဲဒီတော့ လွှတ်တော်မှာ ဆွေးနွေးနေကြတာတွေ။ အဆိုတွေ တင်သွင်းတာတွေ။ မေးခွန်းတွေ မေးနေကြတာတွေ ကျနော်နည်းနည်းလေး လစ်ဟာနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဆိုတော့ ကျနော်က အစိုးရသက်တမ်းက မတ်လကုန်မှာပြီးတယ်။ ဧပြီ လမှာ ကျနော်တို့က တက်တယ်။ ၆ ရက်လောက်ပဲ တက်ရတယ်။ သင်္ကြန်ပိတ်တယ်။ အခု ပြန်တက်တာ ၃-၄ ရက်ရှိတယ်။ ဒီရောက်လာတယ်။ ဆိုတော့ ရက်ပိုင်းပဲ တပတ်၊ ၂ ပတ်လောက်ပဲ ရှိသေးတယ်။ ဆိုတော့ လွှတ်တော်မှာ အဆိုတင်သွင်းတာတွေ၊ မေးခွန်းမေးတာတွေ ဘယ်လိုလုပ်သလဲ သူ့ပရိုစီဂျာ လေ့လာဖို့ လိုပါသေးတယ်။ အချိန်တန်ရင်တော့ မေးသင့်ရင်မေးမှာပါ။
မေး။ ။ ကြံ့ခိုင်ရေး ပါတီအနေနဲ့ရော မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို အကူအညီ ပေးနေတာ ဆောင်ရွက်နေတာ ရှိလား။
ဖြေ။ ။ သူ့ဒေသအနေနဲ့ပဲ ပေးတာတွေ့ရပါတယ်။
မေး။ ။ ဒေါက်တာတို့ အနေနဲ့ရော သွားပေးတာရှိလား။
ဖြေ။ ။ ကျနော်တို့က အဝေးကနေပဲ ပေးတာရှိပါတယ်။ ။