မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ရုပ်ရှင်လောကသားများ တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၅ ရက်နေ့က ဝင်္ကဘာလမ်းမှာရှိတဲ့ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲဟာ အကယ်ဒမီပေးပွဲအပြီး ထခဲ့တဲ့ ဂယက်တွေကြောင့် ရုပ်ရှင်လောကသားတွေ စည်းလုံးညီညွတ်ဖို့ လိုတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီတွေ့ဆုံညှိနှိုင်းပွဲမှာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က လက်ရှိဥက္ကဌကို နှုတ်ထွက်စေချင်တဲ့ သဘောမျိုးတွေ ပြောဆိုသွားတယ် ဆိုသော သတင်းများလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီ့အပေါ် မောင်မျိုးမင်း ဘာလဲ ဘယ်လဲ ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်ခဲ့တဲ့အတွက် အဲ့ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ကို ဧရာဝတီမှ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ရုပ်ရှင်လောကသားတွေ တွေ့ဆုံညှိနှိုင်းဆွေးနွေးကြတဲ့ပွဲအပြီးမှာ ဦးမျိုးမင်းက လက်ရှိ ဥက္ကဌအပေါ် သဘောမကျဘူးဆိုတဲ့ အသံတွေထွက်လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာကြောင့် သဘောမကျလဲဆိုတာကို ဦးမျိုးမင်းရဲ့ သဘောထားကို သိချင်ပါတယ်။
ဖြေ။ ။ ဦးမျိုး သဘောထားက အမှန်အတိုင်းပဲ ပြောတာလေ။ ဒီလိုပါ NGO တခုရဲ့ခေါင်းဆောင်က ဒီလို အရောင်အသွေးမရှိရဘူး။ ဆိုလိုတာက သူရဲ့ NGO အဖွဲ့ထဲမှာ ပါတီပေါင်းစုံက သူတွေပါနိုင်တယ်လေ။ ပရိသတ်တွေထဲမှာလည်း လူပေါင်းစုံရှိနိုင်တယ်လေ။ ရှိခွင့်လည်း ရှိတယ်လေ။ ပါစင်နယ်အနေနဲ့ ကြိုက်တာ ကို အားပေးနိုင်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်အနေနဲ့က မဖြစ်သင့်ဘူး။ နောက်ပြီး NGO တခုရဲ့ သက်တမ်းရဲ့ ၂ နှစ်ဖြစ်ရမယ်။ ဂီတလည်း ၂ နှစ်၊ သဘင်လည်း ၂ နှစ် ဥက္ကဌသက်တမ်းက အဲလောက်ရှိရမယ်။ ရုပ်ရှင်က ၃ နှစ်ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် သက်တမ်းတိုးထားတယ်။ အဲဒါကိုပြောတာ။ သူ့ဘာသူ လူမင်းအနေနဲ့က ကြိုက်ချင်ရာကို ကြိုက်ခွင့်ရှိပါတယ်။ ဘာမှပြဿနာမရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌအနေနဲ့ ဒီလို ကာလာတခု ရိုက်လိုက်တာနဲ့ ဘာဖြစ်သွားလည်းဆိုတော့ အစည်းအရုံးဝင်အားလုံးက သူ့ကို ကိုယ်စားမပြုဘူးလေ။ ကိုယ်စားမပြုပေမယ့် အရောင်ဆိုးခံရတယ်။
အဲဒီအကျိုးဆက်က ဘာတွေဖြစ်လာလဲဆိုတော့ ပြည်သူတော်တော်များများက အကယ်ဒမီပေးပွဲကို ကြည့်ပြီးတဲ့အချိန်မှာ ရိုးရိုးသားသားဆုပေးတဲ့ပွဲလို့ မထင်ဘဲ NLD ဘက်ကမို့လို့ ဆုပေးတယ်ဆိုပြီးပြောခံရတယ်။ ဒါက ဘာကြောင့်လည်းဆိုတော့ ရပ်တည်မှုကြောင့်လေ။ အဲလိုဟာမျိုးကို မဖြစ်ချင်တာပါ။ အနုပညာကို အနုပညာသန့်သန့်လေးပဲ ဖြစ်စေချင်တာပါ။ ကျနော်ကိုယ်တိုင်ရော ဘယ်သူကိုမဲပေးခဲ့လဲဆိုတာ အားလုံးသိတယ်၊ လူတိုင်းသိတယ်။ အခုလက်ရှိအစိုးရကို မကျေနပ်စရာအကြောင်းဘာမှကို မရှိတာပါ။ ဒါပေမယ့် ဒို့ရဲ့ NGO ကို ဦးဆောင်တဲ့ လူက အရောင်အသွေးကင်းမဲ့သင့်တယ်။ ဒါမှဒီလိုအစွပ်အစွဲမခံရမှာလေ။ တကယ်ရိုးရိုးသားသားပေးတာ သူ့ဘာသာတကယ်တော်လို့ ပေးတာတောင် NLD ကမို့လို့ ပေးတာဆိုပြီး နာမည်ထွက်လာတာကတော့ မကောင်းဘူးလေ။ အဲ့တော့ ဘာဖြစ်လာမလဲဆိုတော့ ပြည်သူအများက ဒါကို စိတ်ဝင်စားမှုလျော့သွားမယ်။ ပြီးရင် အထင်သေးခံရတာမျိုးမဖြစ်ချင်ဘူး။ ဒါကြောင့်ပြောတာပါ။
မေး။ ။ မောင်မျိုးမင်း ဘာလဲ ဘယ်လဲ ဆိုတဲ့ မေးခွန်းတွေ ဖေ့စ်ဘုတ်မှာ မေးခွန်းအထုတ်ခံရတဲ့အပေါ်မှာရော ဘယ်လို ပြန်ဖြေရှင်းချင်ပါလဲ။
ဖြေ။ ။ ဦးမျိုးမင်း ဘာလဲ ဘယ်လဲက မေးစရာကို မလိုပါဘူး။ ၂၀၁၀ ခုနှစ် ဘယ်သူမှ နားရွက်မခတ်သေးတဲ့ အချိန်ကစပြီး အမေစု ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်ဖြစ်ပြီဆိုကတည်းက စင်ကာပူမှာ ကျနော်က အောင်ပွဲခံတဲ့ပုံတွေ ဖေ့စ်ဘုတ်မှာတင်ထားခဲ့တာ။ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်မယ်ဆိုတာနဲ့ ရံပုံငွေရှာပြီဆိုတာနဲ့ ကျနော်တို့ တဖွဲ့လုံး စပြီးရှာပေးခဲ့တယ်။ ရှာပေးပြီးမှ ကျနော်တို့က အဲဒီအဖွဲ့ထဲကို မသွားတော့တာ ၊ ကျနော်တို့တာဝန်လုပ်စရာရှိတာ အကုန်လုပ်ပေးခဲ့တယ်။ ကျနော်တို့ နှင်းဆီအဖွဲ့ပြက်လုံးတွေတောက်လျှောက်က ဘာတွေပြက်တယ် ဘယ်သူတွေကိုပြက်တယ်ဆိုတာ ပရိသတ်အားလုံးသိတယ်။ ဘယ်ဘက်က ရပ်ခဲ့လဲဆိုတာလည်း အားလုံးသိတယ်။ အဲ့လိုသိနေတဲ့အချိန်မှာ ကိုးယိုးကားယားနဲ့ အခုမှသိတဲ့ မထော်မနမ်းတွေကလာပြီးပြောတာကို ဘာမှဖြေစရာမလိုဘူးလို့ ထင်ပါတယ်။
ဦးမျိုးမင်းဘာလဲဆိုတာ အားလုံးသိသလို ဘယ်လဲဆိုတာလဲ အားလုံးသိပါတယ်။ ခေတ်အဆက်ဆက် ကျနော်တို့ ဘယ်အစိုးရဆီကမှ ဘာတွေမှ မယူခဲ့ဘူး။ အဲလိုတွေ အများကြီး ကွာခြားပါတယ်။ ဖေ့စ်ဘုတ်မှာလည်း တဖက်က ကျနော့အကောင့်တုနဲ့ ကျနော်နဲ့ NLD တွေကို လှည့်တိုက်ပေးနေတာလည်း တွေ့ရတယ်။ ဘုမသိ ဘမသိ လူတွေကလည်းဝင်ရေးနေတာကို တွေ့ပါတယ်။ အဲလို အကောင့်တုနဲ့လုပ်တာကတော့ အောက်လုံးဖြစ်သွားပြီလေ။ ကျနော်အကောင့်အတုနဲ့ ကျနော် ပြောသလိုတွေ လျှောက်ရေးထားတာ။ အဲဒါကတော့ အရမ်းကို အောက်တန်းကျတဲ့ အပြုအမှုမျိုး ဖြစ်သွား ပါပြီ။ အဲလိုကတော့ ဘယ်လိုလူကမှ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကျနော်ပုံတပုံတင်ရင်တောင်မှ ဘယ်သူ့ကိုမှ Tag မလုပ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ် Tag လုပ်တဲ့သူကိုပါ ကိုယ်က ဆွဲထည့် သလိုဖြစ်မှာဆိုးလို့လေ။ လိုချင်တဲ့သူက သူ့ဘာသာ share ရင် share လိမ့်မယ်၊ save ချင်ရင် save ပါလိမ့်မယ်။ comment ပေးရင်ပေးပါလိမ့်မယ်။ ကျနော်ဒါမျိုးဘယ်တော့မှ မလုပ်ဘူး။ ယောက်ျား ပီသတာကိုပဲ ကြိုက်ပါတယ်။
မေး။ ။ ရုပ်ရှင်လောကသားတွေအနေနဲ့ အခုချိန်မှာ အားလုံးစည်းလုံးညီညွတ်မှုရှိဖို့ လိုတဲ့အချိန်လို့ ပြောကြတယ်။ ဒါပေမယ့် ဦးမျိုးမင်းတို့က ဒီလိုဖြစ်နေတဲ့အတွက် စည်းလုံးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ပြောကြတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုပြောချင်ပါလဲ။
ဖြေ။ ။ အမှန်အတိုင်းပြောရရင် အခုဒီလိုမျိုး အခုချိန်က နိုင်ငံတော်အတွက် အရေးကြီးတဲ့အချိန်ပါ။ ပြန်လည် ပြုပြင်ရေးတွေလုပ်နေတဲ့အချိန်မှာ ကျနော်တို့က ရုပ်ရှင်ဘက်ကဖြစ်တာ တော်တော် ရှက်စရာ ကောင်းပါ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရုပ်ရှင်ဆိုတာ အခုချိန် မီးမလာတဲ့ အချိန်လောက်တောင် အရေးမကြီး ပါဘူး။ အခုချိန်မှာမီးပြတ်နေတာက တနိုင်ငံလုံးနဲ့ဆိုင်ပါသေးတယ်။ ရုပ်ရှင်ဆိုတာ တနိုင်ငံလုံးနဲ့ မဆိုင်ပါဘူး။ မပြောမဖြစ် ပြောနေရတာလည်း ဘာလည်းဆိုတော့ ကျနော်တို့က ရုပ်ရှင်နဲ့ အသက်မွေး နေရတာလေ။ အသက်မွေးနေရတာဖြစ်တဲ့အတွက် ဒါက ကျနော်တို့ရဲ့ အသက်မွေးဝမ်းကြောင်း ဖြစ်နေတဲ့ အတွက် ပြောနေရတာပါ။ နောက်ပြီး ကျနော်ပြောနေတဲ့အထဲမှာ လက်လွတ်စပယ်ပြောနေတာ တခုမှ မပါပါဘူး။ အားလုံးက ဥပဒေအရ ပြောနေတာပါ။ ပြည်ထဲရေးဌာနကို တင်ထားတဲ့ ခုနကပြောတဲ့ ရုပ်ရှင် ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းအားလုံးကို ရုပ်ရှင်လောကသားတွေ မသိအောင် ဖွက်ထားတယ်။ ဖွတ်ထား တော့ ဘယ်သူမှ အဲ့ဒါကို မသိတဲ့အခါကျတော့ အူကြောင်ကြောင်နဲ့ ဘာမှားလို့လဲ မေးကြတယ်။
ကျနော်ကသိနေတဲ့အတွက်ပြောနေတဲ့အခါ ကျနော်တယောက်ကပဲ ပြောနေတယ်လို့ ထင်တာလေ။ အခု အဲဒါတွေအကုန်လုံးကိုလည်း ကျနော်ဖြန့်ဝေသွားမှာပါ။ အကယ်ဒမီစည်းမျဉ်းစည်းကမ်းဆိုတာလည်း ဖွတ်ထားတာ။ စိတ်မဝင်စားတာနဲ့မပြီးဘူး စိတ်မဝင်စားတာ စိတ်ဝင်စားတာက သူ့သဘောထားလေ။ ဖြန့်ဝေရမှာက သူတို့တာဝန်မဟုတ်ဘူးလား။ ရုပ်ရှင် လောကစည်းလုံးဖို့ဆိုတာက လက်ရှိလုပ်နေတဲ့ သူတွေက ဘယ်လောက်စည်းမျဉ်းစည်းကမ်းနဲ့ ညီသလဲဆိုတာပေါ် မူတည်တယ်။ စည်းမျဉ်းစည်းကမ်းနဲ့ မညီရင်တော့ စောစောက ပြောသလို ဘယ်လိုမှ စည်းလုံးနိုင်မှာ မဟုတ်ဘူးလေ။ သူတို့ကိုယ်တိုင်က အဲ့ဒီစည်းမျဉ်းစည်းကမ်းကို မလိုက်နာနိုင်ရင် ကျန်တဲ့သူတွေက ဘယ်သူမှ စည်းမျဉ်းစည်းကမ်းကို လိုက်နာနိုင်မှာ မဟုတ်ဘူးလေ။ ဆိုတော့ အခုချိန်က ဒီလိုသွေးကွဲနေတဲ့အချိန်မှာ ညီညွတ်သင့်တယ်ဆိုတာ အရမ်းမှန်ပါတယ်။ ညီညွတ်ချင်ပါတယ် ညီညွတ်ဖို့အတွက် စည်းကမ်းဆိုတာကို အရင်ဆုံး တင်းကြပ် ရပါမယ်။ တင်းကြပ်ပြီးမှ ကျန်တာတွေကိုလုပ်ရပါမယ်။ ဖြေသွားတဲ့မေးခွန်းတွေရဲ့အဖြေကလည်း ယောင်တောင်တောင်တွေပဲ ကိစ္စမရှိပါဘူး။ Media Law မကြာခင်ပေါ်လာမှာပါ ပေါ်လာဖို့အတွက်လည်း ဘာလို့လည်းဆိုရင် ကျနော်တို့ကို ချပြရမယ်လေ။ ကျနော်တို့အားလုံးသဘောတူပြီဆိုမှ လွှတ်တော်ကိုတင် အတည်ပြုပြီးမှ ဖြစ်မှာလေ။
အခုလောလောဆယ်က အဟောင်းတွေနဲ့ပဲ သွားနေသေးတာလေ။ အဟောင်းတွေနဲ့သွားနေတဲ့အချိန်မှာ အဟောင်းကို လိုက်နာဖို့ လိုတယ်။ မလိုက်နာရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ လူမရှိလို့ သူလုပ်နေရတယ်ဆိုတဲ့ စကားကိုလည်းမကြိုက်ဘူး။ အဲ့လောက်နဲ့ လုပ်နေမယ်ဆိုရင်တော့ လုပ်မယ့့်သူတွေအများကြီးပါ။ ကျနော်တို့ စိတ်ထဲမှာ ကိုယ့်ဘာသာကိုယ် ရွေးချယ်ထားတဲ့သူတွေလည်း တပုံကြီးရှိပါတယ်။ လောလောဆယ်မှာ ဒါကို မကြိုက်တာ လူ လက်တဆုပ်စာပဲ ဖြစ်ချင်ရင်ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဥပဒေတွေကိုသိတာက လက်တဆုပ်စာပဲ ရှိနေလို့လေ။ အကုန်လုံးဥပဒေကို သိသွားရင် အကုန်လုံးဖြစ်သွားပါလိမ့်မယ်။ လောလောဆယ်မှာ လက်တဆုပ်စာကနေ အကုန်လုံးသိသွားဖို့က ဒီဥပဒေတွေကို ဖြန့်ဝေသွားရမယ်။ ကျနော် ဒီလိုပြောတဲ့အတွက် ကျနော်နဲ့ NLD ကို တိုက်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘာနဲ့ တိုက်ပေး တိုက်ပေးကျနော်မကြောက်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော် အမှန်ကိုပြောရဲပါတယ်။ ဒါက NLD ရဲ့ ဥပဒေကို လွန်ဆန်တာ မဟုတ်ပါဘူး။ အမေစု ကိုယ်တိုင်ကလည်း ဒီလို ဥပဒေတွေကို ဆန့်ကျင်တာကို ကြိုက်မှာ မဟုတ်ဘူးလေ။ နောက်ပြီး ကျနော်တို့က အခုမှ ခါတော်မီ နီတာ မဟုတ်ပါဘူး။