NLD အစိုးရလက်ထက် တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေး နှင့် အငြင်းပွားမှု ဆိုင်ရာ ကိစ္စများကို ဖြေရှင်းပေးမည့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်လာသည်။ အဆိုပါ ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ အကြား ဖြစ်ပွားနေသည့် လူ့အခွင့်အရေးကိစ္စရပ်များ၊ ညှိနှိုင်းမှုများ အပါအဝင် တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်နေသည့် ကိစ္စများကို လုပ်ကိုင် ဆောင်ရွက်မည်ဖြစ်သည်။ သို့ဖြစ်ရာ ဝန်ကြီးဌာန ၏ အနာဂတ် အစီအစဉ်များ၊ လျာထားချက်များနှင့် ပတ်သက်၍ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လက်ထောက် အတွင်းဝန် ဦးမင်းအေးကိုနှင့် ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဘယ်လို ပေါ်ပေါက်လာတာလဲဆိုတာ အရင်ဆုံး သိချင်ပါတယ်။
ဖြေ ။ ။ ဒီဝန်ကြီးဌာန ဖြစ်လာတာကတော့ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေအရ ဖြစ်လာ တာပဲ။ ဒီဥပဒေကလည်း ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ ဥပဒေတခုပါပဲ။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၈ အရ ပေါ်ပေါက်လာခြင်း ဖြစ်တယ်။ အဲဒီမှာ တိုင်း ရင်းသားဆိုတာကို အဓိပ္ပါယ်ဖွင့်ခဲ့တယ်။ အဲဒါက အဓိကပဲ။
တိုင်းရင်းသား လူမျိုးဆိုတာ ပြည်ထောင်စု မြန်မာနိုင်ငံကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်ပြီးတော့ စဉ်ဆက်မပြတ် နေထိုင်ခဲ့တဲ့ လူမျိုးတွေကို ဆိုလိုတာ။ အဲဒီအထဲမှာ ဧည့်နိုင်ငံသားဖြစ်တာ နိုင်ငံသားပြုခွင့်ရတဲ့သူဖြစ်တာတွေ မပါဘူး။ အဲဒါ ရှင်းရှင်းလေးပဲ။
အဲဒီတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပေါ်လာတာပဲ။ ပြီးခဲ့တဲ့ တပတ်ကလည်း ပြည်ထောင်စု လွှတ်တော်မှာ ဝန်ကြီးက သွားရှင်းတယ်။ ဘာကြောင့်ရှင်းလဲဆိုရင် ဥပဒေမှာ တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာနလို့ ပါထားတဲ့အတွက် ဥပဒေနဲ့အညီဖြစ်အောင် သွားရှင်းတာ။ စကားလုံးကြောင့် မဟုတ်ဘူး။ ဥပဒေကြောင့် ပြောင်းလိုက်တာ။
မေး ။ ။ ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံက ဘယ်လိုရှိလဲ။
ဖြေ ။ ။ လောလောဆယ်မှာက ဖွဲ့စည်းပုံ ကျမလာသေးဘူး။ ဖွဲ့စည်းဖို့ လျာထားတာက ဝန်ကြီးရုံး ရှိမယ်။ ဦးစီးဌာနတွေ ရှိတယ်။ ဦးစီးဌာန ၂ ခုမှာ တခုက စာပေနဲ့ ယဉ်ကျေးမှု ဦးစီးဌာန၊ နောက်တခုက တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန။ ဒါကလည်း ဥပဒေမှာပါတဲ့ အဓိက အချက်တွေပဲ။ ဥပဒေကြောင့် လုပ်တာ။ ဘာကြောင့် ဖွဲ့ရတာလဲဆိုရင် တိုင်းရင်းသား အချင်းချင်း တန်းတူညီမျှ အခွင့်အရေး ရရှိဖို့၊ ချစ်ကြည်ရင်းနှီးဖို့နဲ့ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ဖို့၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ ရိုးရာ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွှတ်ပြီး ချစ်ကြည်လေးစားဖို့၊ ဖွံ့ဖြိုးမှု နည်းတဲ့ တိုင်းရင်းသား ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ တိုင်းရင်းသားများရဲ့ အခွင့်အရေးကို အပြည့်အဝ ရရှိဖို့ဆိုတဲ့ အဲဒီရည်ရွယ်ချက်နဲ့ ဖွဲ့စည်းလိုက်တာပဲ ဖြစ်တယ်။
မေး ။ ။ ဝန်ကြီးဌာနအနေနဲ့ ဘယ်လို လုပ်ဆောင်မှုတွေ စလုပ်နေပြီလဲ။
ဖြေ ။ ။ အဲလိုမျိုး လုပ်ဖို့အတွက် လောလောဆယ် ဝန်ထမ်း မရှိသေးဘူး။ အခု တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနမှာ ဝန်ကြီးတယောက်ပဲ တရားဝင် ရှိသေးတယ်။ ကျနော်ကလည်း ယဉ်ကျေးမှုနဲ့ သာသနာရေးကနေ ပြောင်းလာတယ်။ နောက်တယောက် ညွှန်မှူး ဦးဝင်းနိုင်ကလည်း နယ်စပ်ရေးရာ ဝန်ကြီးဌာနက ပြောင်းလာတယ်။ နောက်တယောက် ဦးအယ်လ်ထူးကလည်း စီမံကိန်းနဲ့ ဘဏ္ဍာရေးက ဒုညွှန်ကြားရေးမှူးကနေ ပြောင်းလာတာ။ ဒီ ၃ ယောက်ပဲ ရှိတယ်။ အဲဒါကလည်း ဒီမှာလာပြီး တွဲလုပ်ပေးနေတာ။ ရုံးလုပ်ငန်း လည်ပတ်ဖို့အတွက်ပဲ ရုံး Staff အနေနဲ့ လာလုပ်ပေးနေတာ။ ကျန်တဲ့ဟာတွေကတော့ ဦးစီးဌာနဖွဲ့စည်းပုံ ပြင်ထားတယ်။ ခွင့်ပြုချက်ကျပြီးမှ လုပ်နိုင်မယ်။
လူတွေလည်း ခန့်ထားပြီးတဲ့အခါကျမှ လုပ်ငန်းလည်း စလို့ရမယ်။ ပထမဆုံးအနေနဲ့ကတော့ နေပြည်တော်မှာ ပြည်ထောင်စု ဝန်ကြီးရုံးရယ်၊ ဦးစီးရုံးရယ် ခိုင်ခိုင်မာမာ ဖြစ်အောင် အရင်လုပ်မယ်။ နောက်နှစ်ကျရင် ပြည်နယ်နဲ့ တိုင်းတွေမှာ ဦးစီးရုံးတွေ ပေါ်လာအောင် လုပ်ရမယ်။
မေး ။ ။ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ ရှိပါတယ်။ သူတို့နဲ့ ချိတ်ဆက်ဆောင်ရွက်သွားဖို့ရော ရှိလား။
ဖြေ ။ ။ သူတို့က လူမျိုးတမျိုးချင်း အလိုက် ဖြစ်လာတဲ့ တိုင်းရင်းသား ဝန်ကြီးတွေပါ။ ဒီမှာကတော့ တိုင်းရင်းသား လူမျိုးများဆိုပြီး အကုန်လုံး ပါတယ်။ သူတို့နဲ့တော့ ချိတ်ဆက်ပြီးတော့ လုပ်မယ်။ လောလောဆယ် သူတို့နဲ့လည်း တွေ့နိုင်ဖို့အတွက်လည်း စီစဉ်နေတာ တွေ ရှိတယ်။ တွေ့ပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေ ဘာတွေ ဆွေးနွေးဖို့လည်း ရှိပါတယ်။ နောက်တခုက ဟိုတလောက ဝန်ကြီး ကိုယ်တိုင် ရန်ကုန်သွားတော့ ရန်ကုန်က စာပေ၊ ယဉ်ကျေးမှု အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာတွေလည်း ရှိပါတယ်။
တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနရဲ့ ဥပဒေတွေနဲ့ လုပ်မယ့် လုပ်ငန်းတွေကို ရှင်းပြခဲ့တယ်။ သူတို့ကလည်း သူတို့ရဲ့ လိုအပ်ချက်တွေကို တင်ပြလာတဲ့အတွက် တင်ပြချက်တွေ အားလုံးကို မှတ်တမ်းတင်ထားပါတယ်။ ပြည်နယ်အဆင့်အထိ အောက်ခြေဆင်းပြီး မလုပ်နိုင် သေးတာက ဝန်ထမ်းမရှိဘူး။ ဝန်ထမ်းရှိလာတဲ့ အချိန်ကျရင်တော့ ဒီက ဝန်ထမ်းတွေကို ခိုင်မာအောင်လုပ်မယ်။ ပြီးရင် ပြည်နယ်နဲ့ တိုင်းကို ဖွဲ့မယ်။ ပြီးရင် လုပ်လို့ရတာတွေ ချိတ်ဆက်ပြီး လုပ်သွားမယ်။
မေး ။ ။ ဦးစီးဌာန ၂ ခုရှိတယ်ဆိုတော့ အဲဒီ ဦးစီးဌာနတွေရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေ ဖြစ်မလဲ။
ဖြေ ။ ။ ပထမ စာပေနဲ့ ယဉ်ကျေးမှု ဦးစီးဌာနက စာပေနဲ့ ယဉ်ကျေးမှုကို အဓိက ထိန်းသိမ်းဖို့ပါ။ တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှုတွေကို ဖော်ထုတ်ဖို့၊ ထိန်းသိမ်းဖို့နဲ့ သူတို့တွေကို စာပေသင်ကြားမှုတွေ အားပေးဖို့ အဓိက လုပ်မှာပါ။ နောက်တခုက တိုင်းရင်းသားတွေအချင်းချင်းကြား၊ တိုင်းရင်းသား လူမျိုးတခုနဲ့တခုကြား အငြင်းပွားမှု ဖြစ်တာတို့ အခွင့်အရေးနဲ့ ပတ်သက်တာတို့ ရှိလာခဲ့ရင် ဖြေရှင်းပေးမယ်။
မေး ။ ။ အခု တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ အများကြီး ရှိနေတယ်။ သူတို့အတွက် ကာကွယ်စောင့်ရှောက်ပေးဖို့ စဉ်းစားထားတာမျိုး ရှိလား။
ဖြေ ။ ။ ကျနော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာတော့ မပါသေးဘူး။ အခုလောလောဆယ် အစည်းအဝေး ခေါ်ရင်တော့ သွားတက် ရဖို့တော့ ရှိတယ်။ အခု လုပ်ငန်းစဉ်အရဆိုရင် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ပါတယ်။ ပြဿနာက ကျနော်တို့က Coordinator အဆင့်မှာပဲ ရှိတယ်။ လုပ်ငန်းလုပ်ရမယ့် ဘတ်ဂျက်တောင် မရှိသေးတော့ ခုနကပြောတဲ့ ကိစ္စတွေ လုပ်နိုင်ဖို့ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တွန်းအားပေးဖို့၊ ကူညီပေးဖို့ပဲ အကူအညီတောင်းရမှာ။ အဓိကက သူတို့ဘက်က အကူအညီ ပေးဖို့ပဲ လိုတယ်။ ကျနော်တို့က ညှိနှိုင်းပေးတဲ့ အဆင့်မှာပဲ ရှိသေးတယ်။
မေး ။ ။ တိုင်းရင်းသား ဒေသတခုခုမှာ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီး ပြဿနာ တခုခု ရှိလာရင် ဒီဝန်ကြီးဌာနကို တင်ပြလို့ ရပါသလာ။
ဖြေ ။ ။ ရပါတယ်။ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်လာရင် တင်ပြလို့ရတယ်။ ဥပဒေမှာလည်း ပြဌာန်းပြီးသားပါ။ တိုင်း ရင်းသား အခွင့်အရေးကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲနဲ့ ပိတ်ပင်လို့ မရပါဘူး။ တိုင်းရင်းသား အချင်းချင်း မုန်းတီးအောင်၊ စိတ် ဝမ်းကွဲအောင် ရည်ရွယ်ချက်ရှိရှိ မလုပ်ရဘူး။ လုပ်လာလို့ရှိရင် ခံစားရမယ့့် ပြစ်မှု ပြစ်ဒဏ်တွေလည်း ဥပဒေမှာ ပြဌာန်းထားပြီးသားပါ။
မေး ။ ။ တခြား ဝန်ကြီးဌာနတွေ လုပ်နေကြတဲ့ ရက် ၁၀၀ စီမံကိန်းလိုမျိုးရော ရှိလား။
ဖြေ ။ ။ ရက် ၁၀၀ မှာကတော့ ကျနော်တို့ ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံ ကျဖို့က အဓိကပဲ။ အခုတောင် ရက်ပေါင်း ၆၀ ရှိနေပြီ။ ကျနော် တို့ လုပ်ငန်းတွေ လည်ပတ်နိုင်အောင်ပဲ လုပ်ရမယ်။
မေး ။ ။ ဝန်ကြီးဌာန ဖြစ်ပေါ်လာအောင် သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကူညီပံ့ပိုးမှုတွေရော ရှိလား။
ဖြေ ။ ။ ဝန်ကြီးဌာန ဖြစ်လာတာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး။ ဥပဒေကြောင့် ဖြစ်လာတာပါဆို။ ဥပဒေအရ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန ဖွဲ့ရမယ်လို့ ပါပြီးသား။ အဲဒါကြောင့်ဖွဲ့တာ။ ပြီးတော့ တိုင်းရင်းသားတွေ ဆန္ဒရှိရင် ရှိသလောက် အလုပ် ဖြစ်လာနိုင်တယ်။ သူတို့ဆန္ဒမရှိရင်တော့ ဘာမှ လုပ်ပေးလို့မရဘူး။ အဓိက ပြောချင်တာက တိုင်းရင်းသား လူမျိုးများဆိုတာကိုပဲ ပေါ်လွင်စေချင်တယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အကုန်လုံးနဲ့ တခြား မျိုးနွယ်စုတွေ အားလုံးက တိုင်းရင်း သားတွေချည်းပဲ။ တချို့ကလည်း ဗမာကို တိုင်းရင်းသား မဟုတ်ဘူး ထင်သေးတယ်။ မဟုတ်ဘူး။ ဗမာလည်း တိုင်းရင်းသားပဲ။
တိုင်းရင်းသားဆိုတာသည် မြန်မာနိုင်ငံမှာ နှစ်ပဋိရှည်ကြာစွာနေထိုင်လာတဲ့ မူရင်းနိုင်ငံအဖြစ် သတ်မှတ်နေထိုင်တာ တိုင်းရင်းသားပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ်တွေ မြန်မာပြည်ပြောင်းလာတယ်။ သူဘယ်လောက်ကြာကြာပဲ နေနေ သူသည် တရုတ်လူမျိုး တိုင်းရင်းသား မဟုတ်ဘူး။ သူ့မှာ မူရင်းနိုင်ငံရှိပြီးသား။ အဲတာက တရုတ်နိုင်ငံလေ။ တို့နိုင်ငံကို သူတို့ရဲ့ မူရင်းနိုင်ငံအဖြစ် သတ်မှတ်လို့ မရဘူး။ သူက နိုင်ငံသား ဖြစ်ရင်လည်း ဖြစ်လာမယ်။ တိုင်းရင်းသားတော့ မဟုတ်ဘူး။ ဒါကို ဥပဒေက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။