အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်မှု အပြီး လာမည့် စက်တင်ဘာလတွင် လာနီညာနှစ် ဖြစ်လာရန် ၇၀ ရာခိုင်နှုန်း သေချာနေပြီ ဖြစ်သလို လာနီညာနှစ်တွင် အအေးပိုခြင်း၊ မိုးရွာသွန်းမှု များခြင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ထပ်မံ သတိပေးချက် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုးများစွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်း၊ ဝင်းသို၊ ပင်လယ်ဗူး မြို့နယ်များတွင် ရေကြီးမှုများ ဖြစ်ပေါ်ကာ လူသေဆုံးမှုများ ရှိခဲ့သည်။ သို့ဖြစ်ရာ အယ်လ်နီညိုအပြီး လာနီညာနှစ်တွင် ဖြစ်ပေါ်လာနိုင်မည့် မိုးရွာသွန်းမှုအခြေအနေ၊ ရာသီဥတု အပြောင်းအလဲ အပေါ် ကြိုတင်ကာကွယ်သင့်သည့် အခြေအနေတချို့ နှင့် ပတ်သက်၍ မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကို ဧရာဝတီ သတင်းဌာန၊ အကြီးတန်း သတင်းထောက် သူဇာက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှု အခြေအနေကို ပြောပေးပါရှင့်။
ဖြေ။ ။ အယ်လ်နီညိုနှစ်က ဒီလဆန်းမှာ ပြီးပြီ ဆိုတော့ လာမယ့် စက်တင်ဘာလဆို လာနီညာနှစ်က စတော့မယ်။ အဲဒီတော့ စက်တင်ဘာဆိုရင်တော့ ရာသီဥတုက အေးမယ်၊ မိုးများမယ်။ ဒါပေမယ့် ဒီနှစ် မိုးရွာသွန်းပုံက ဇွန်လက စပြီး လွန်ခဲ့တဲ့ ၁၂ လ အတွင်းမှာ ပထမဆုံး အကြိမ် အရှေ့တောင် အာရှနိုင်ငံတွေမှာ မိုးက ရွာသွန်းမြဲအထက် ပိုမယ်ဆိုတဲ့အတွက် မိုးကောင်းတဲ့ အချိန်တော့ နည်းနည်း ရောက်လာပြီပေါ့။ အဲဒီတော့ အခု လောလောဆယ် ဘင်္ဂလား ပင်လယ်အော်မှာ မုတ်သုန် အားကောင်းနေတယ်။ ကမ်းရိုးတန်းတွေလဲ မိုးတွေ ရွာတယ်။ အခု စစ်ကိုင်းဘက်မှာလဲ မိုးတွေ ရွာနေတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသလို ရခိုင်ရယ်၊ စစ်ကိုင်းရယ်၊ မကွေးရယ် မိုးကောင်းနေတယ်။ မနှစ်က ဇူလိုင်၊ သြဂုတ်မှာ မိုးကောင်းတဲ့ ပုံစံနဲ့ တော်တော်လေး ဆင်တဲ့အတွက် သတိထားဖို့ လိုတယ်။
မေး။ ။ မနှစ်က အယ်လ်နီညိုနှစ် ဖြစ်ခဲ့တဲ့ နှစ်တုန်းကလည်း မိုးတွေရွာလို့ နေရာ အနှံ့မှာ ရေကြီးတဲ့ ဘေးဒုက္ခတွေ ကြုံတွေ့ခဲ့ရတယ်။ ဒီနှစ်လဲ လာနီညာ ဖြစ်မယ်ဆိုတော့ မြန်မာနိုင်ငံအတွက် ရေဘေးအန္တရာယ်က ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ ရှင်းပြပေးပါ ဒေါက်တာဦးထွန်းလွင်ရှင့်။
ဖြေ။ ။ အထူး သတိထားရမှာပေါ့။ လာနီညာနှစ် ဆိုတာက ရေကြီးနိုင်တာပေါ့။ မိုးလေဝသ အခြေအနေကိုတော့ ပုံသေတွက်လို့ မရဘူး။ လာနီညာနှစ်မှာ ရေကြီးတာတွေလည်း ဖြစ်တတ်သလို ရေမကြီးတာတွေလည်း ဖြစ်ခဲ့တာတွေ ရှိတာကိုး။
မေး။ ။ ကမ္ဘာ့နိုင်ငံတွေမှာ ဆိုရင်လည်း ရာသီဥတု ပြောင်းလဲမှုကို သိသိသာသာ ခံစားနေရတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာလဲ ရာသီဥတုဖောက်ပြန်မှုကို ရင်ဆိုင်ကြုံတွေ့နေရပြီဆိုတော့ အဲဒီအခြေအနေတွေကိုလဲ ပြောပြပေးပါ။
ဖြေ။ ။ အဲဒီမေးခွန်းကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းပဲ။ ရာသီဥတု ပြောင်းလဲတာတော့ တကမ္ဘာလုံး ခံစားနေရတာ တော့ မှန်တယ်။ သူ့နေရာနဲ့ သူ ဖြစ်နေတာပေါ့။ တူညီတာကတော့ တကမ္ဘာလုံး အပူချိန် တိုးနေတာတွေတော့ အမှန်ပဲ။ အပူချိန်ကတော့ အားလုံး တိုးနေတာတော့ ပြောလို့ရတယ်။ တနှစ်နဲ့ တနှစ် တကမ္ဘာလုံး အပူချိန်တွေက ပိုတိုးလာနေတယ်။ မိုးရွာတာ မရွာတာကတော့ တနေရာနဲ့ တနေရာ မတူဘူး။ တချို့နေရာတွေမှာ မိုးပိုတယ်။ တချို့နေရာတွေမှာ မိုးမရွာဘူး။ ဒီနှစ်ကတော့ အစကတည်းက ရာသီဥတုက အစွန်းရောက်မယ်လို့ ပြောထားတဲ့အတွက် မိုးက ရွာချင်လဲ ရွာမယ်။ ခေါင်ချင်လဲ ခေါင်မယ်ပေါ့။ မျှတတဲ့ရာသီဥတုတော့ မဟုတ်ဘူးလို့ ဒီနှစ် အစ ကတည်းက ခန့်မှန်းထားပါတယ်။
မေး။ ။ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေကြားက ရာသီဥတု ဆက်စပ်မှုကရော ဘယ်လို ရှိနိုင်ပါသလဲ။
ဖြေ။ ။ တိုက်ရိုက် သက်ရောက်တယ်လို့တော့ ပြောလို့မရပါဘူး။ ဧရိယာ တခုလုံးက ဆက်စပ်နေတာပဲ။ အရှေ့တောင် အာရှ တခုလုံးက ပူတယ်။ မိုးလျော့တယ်။ အခုဆို မြန်မာတပြည်လုံးက မိုးရွာတယ်။ သူတို့က မိုးမရွာဘူး။ အင်ဒိုနီးရှား နိုင်ငံတို့ မလေးရှားတို့ ဘက်မှာ မိုးမလာသေးဘူး။ ဒီနောက်ပိုင်းမှ မိုးလာရင် လာမယ်။ လောလောဆယ်တော့ ဒီတလ အတွင်းရွာတဲ့ မိုးကတော့ မြန်မာပြည်မြောက်ပိုင်းနဲ့ အနောက်ပိုင်းတွေ အကုန်လုံးက မိုးများတယ်။ မုတ္တမကွေ့ဒေသတွေနဲ့ တဆက်ထဲ ဒေသတွေဖြစ်တဲ့ ထိုင်းတို့ မလေးရှားတို့ဖက်မှာတော့ မိုးနည်း နေတယ်။ ကိုယ့်ဒေသတွေအလိုက် ကိုယ်သွားတဲ့ ပုံစံမျိုးတော့ ရှိနေတာပေါ့လေ။ နှစ်ကုန်ကြည့်လိုက်ရင်တော့ အားလုံး တမျိုးတစားထဲ သွားတာပေါ့။ လွန်ခဲ့တဲ့ ၁၂ လတုန်းကတော့ အားလုံးဟာ ပူလည်း ပူတယ်၊ မိုးလဲ နည်းတယ်ပေါ့။ အခု လောလောဆယ်မှာတော့ မြန်မာနိုင်ငံ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်စပ်နေတဲ့ အနောက်မြောက်ပိုင်းကတော့ မိုးကောင်းနေတယ်။ မြန်မာပြည် မြောက်ပိုင်း ကချင်တို့၊ စစ်ကိုင်းအထက်တို့ကတော့ မိုးကောင်းနေတယ်။ ဒါပေမယ့် အင်ဒိုချိုင်းနား ဖက်မှာ ရှိတဲ့ ဗီယမ်နမ်တို့၊ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့၊ မလေးရှားတို့ဘက်မှာတော့ မိုးနည်းမယ်။
မေး။ ။ မြန်မာနိုင်ငံအတွက် သဘာဝ ဘေးအန္တရာယ်တွေကို ဒေါက်တာဦးထွန်းလွင် အနေနဲ့ အမြဲတမ်း ကာကွယ်ဖို့ ပြောနေတာတွေရှိတယ်။ အစိုးရပိုင်းကလည်း ကာကွယ်မှု တချို့ လုပ်နေတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေက သဘာဝဘေး ဖြစ်ပြီဆိုတာနဲ့ ကာကွယ်မှုက တော်တော်ကောင်းတာ တွေ့နေရတယ်။ အဲဒီလိုတွေ ဖြစ်လာဖို့ဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ ဆရာ့အမြင် ပြောပေးပါဦး။
ဖြေ။ ။ တခြားနိုင်ငံတွေရဲ့ လုပ်ဆောင်မှုတွေ များများ လေ့လာပါ။ အိမ်နီးချင်း နိုင်ငံတွေ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ရှိတယ်။ ထိုင်းနိုင်ငံ ရှိတယ်။ သူတို့ ဘယ်လိုလုပ်လဲ လေ့လာစေချင်တယ်။ မြန်မာနိုင်ငံနဲ့ သင့်တော်တာကို လုပ်ဆောင်နိုင်တဲ့ နည်းလမ်းဆို အဲဒါက အကောင်းဆုံးပါ။
မေး။ ။ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ်ရော အားရကျေနပ်မှု ရှိပါသလား။
ဖြေ။ ။ အစိုးရပြောင်းသွားပြီပဲ။ အားမရရင် သေဖို့ ရှိတော့တာပေါ့။ အခုကတော့ အားရတယ်လို့ ပြောလို့ရပါတယ်။ မျှော်လင့်ချက်တော့ ရှိတာပေါ့။ စိတ်ဝင်တစား ရှိတယ်။ နောက်ပြီးတော့ မေးတယ်၊ မြန်းတယ်။ အခု ချက်ချင်း ရောက်တယ်။ အရင်နဲ့တော့ ဘာမှ မဆိုင်ဘူးပေါ့။ တိုးတက်လာပါလိမ့်မယ်။ အချိန်တော့ ပေးရမှာပေါ့။
မေး။ ။ စိုက်ပျိုးရေးကဏ္ဍမှာရော လက်ရှိ ရာသီဥတု ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်ဖို့ ဘယ်လို လုပ်ဆောင်မှုတွေ လိုအပ်မလဲဆိုတာ ရှင်းပြပေးပါရှင့်။
ဖြေ။ ။ ပြောင်းလဲ စိုက်ပျိုးနိုင်မယ့် နည်းပညာတွေကို စိုက်ပျိုးရေး ပညာရှင်တွေနဲ့ တိုင်ပင် လုပ်ဆောင်သင့်တယ်။ ဆရာကတော့ ရာသီဥတုနဲ့ ပတ်သက်ပြီး ပြောနိုင်မယ်။ မိုးက များမယ်။ မမှန်ဘူး ဆိုတာပေါ့။ ရာသီဥတုအကြောင်း သိရပြီးရင် ရာသီဥတုနဲ့ ကိုက်ညီ၊ လျော်ကန်မယ့် စိုက်မျိုးနည်းတွေကို ပညာရှင်တွေကို မေးမြန်း စိုက်ပျိုးသင့်တယ်။ စိုက်ပျိုးရေးမှာ ဘယ်လို ထိခိုက်မယ်။ ဘယ်လို စိုက်ပျိုးဖို့ လိုတယ်ဆိုတာ စိုက်ပျိုးရေး ပညာရှင်ကို မေးတာ အကောင်းဆုံးပါ။ စိုက်ပျိုးရေးအတွက် ရာသီဥတု အခြေအနေကတော့ ဒီနှစ်က အစွန်းရောက် ရာသီလို့ ပြောထားတော့ စိုက်ပျိုးရေးပေါ်မှာတော့ ထိခိုက်မှာ။ အထွက်လျော့ရင် လျော့မယ်၊ မလျော့ရင် အပင်တွေသေမယ်။ ဒါတွေကို သတိထားရမယ်။ အစွန်းရောက် ရာသီဥတုရဲ့ အကျိုးဆက်ကတော့ ခံစားရမှာပဲ။
မေး။ ။ ဒီနှစ်မှာရော မြန်မာနိုင်ငံရဲ့ ရေကြီးနိုင်မယ့် အခြေအနေတွေကို ပြောပေးပါဦး။
ဖြေ။ ။ တချို့နေရာတွေကို ရေမြှုပ်နေပြီ။ ပဲခူးတိုင်း တောင်ပိုင်းအစွန်းရယ်၊ ရန်ကုန်တိုင်း တောင်ပိုင်းရယ်။ နောက်ပြီးတော့ ဧရာဝတီတိုင်း တောင်ပိုင်းရယ်။ အဲဒီဒေသတွေမှာ အားလုံးကို နာဆာဂြိုလ်တုကနေ ကြည့်တာတော့ အဲဒီနေရာတွေမှာ ရေမြှုပ်တဲ့အလားအလာ တော်တော်များတယ်လို့ တွေ့နေရတယ်။
မေး။ ။ မနှစ်တုန်းကလည်း ထူးထူးခြားခြား ရေကြီးတဲ့ အခြေအနေတွေ ကြုံခဲ့ရတယ်။ ဒီနှစ်ရော မနှစ်ကလို ရေကြီးနိုင်မယ့် အလားအလာ ဘယ်လောက် ရှိနိုင်တယ်လို့ ခန့်မှန်းရမလဲ ဆရာ။
ဖြေ။ ။ ဆရာတို့ အလုပ်က အမြဲ မျှော်လင့်နေရတာပဲ။ ဖြစ်တော့မှ ကံပေါ့။ ဖြစ်မယ်လို့ ကိုယ့်ကိုကိုယ် အမြဲကြည့်နေရတာပဲ။ အဲလိုမှ မကြည့်ရင် လွှတ်သွားနိုင်တယ်လေ။ ဖြစ်လာနိုင်တာပေါ့။ အခုနှစ်က ရာသီဥတု အစွန်းရောက်နှစ်ဆိုတော့ မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူး။ အထူးသတိရှိနေဖို့ လိုတယ်။ ပြည်သူတွေ အနေနဲ့လည်း အမြဲတမ်း ရာသီဥတု သတင်းအချက်အလတ်တွေကို နားစွင့်ထားဖို့၊ သက်ဆိုင်ရာက ထုတ်ပြန်ချက်တွေကို သတိထားစောင့်ကြည့်ဖို့ အမြဲလိုပါတယ်။ တာဝန်ရှိတဲ့သူတွေကလည်း သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အတွက် ရေးဆွဲထားတဲ့ စီမံချက်တွေအတိုင်း အကောင်အထည်ဖော်ဖို့ အတွက်ကို မမေ့ဖို့ လိုပါတယ်။