အမျိုးဘာသာ သာသနာ စောင့်ရှောက်ရှေးအဖွဲ့ (မ.ဘ.သ) တွင် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခသည် ဗဟိုအလုပ်အမှုဆောင် ဆရာတော်အဖြစ် တာဝန်ယူခဲ့သည်။ မ.ဘ.သ သည် နိုင်ငံရေးပါတီ တခုအတွက် ရပ်တည်သည့်သဘော ဆောင်သဖြင့် ဆရာတော် ဦးပါမောက္ခ နုတ်ထွက်မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ မ.ဘ.သ အဖွဲ့အစည်းနှင့် လက်တွဲဖြစ်ပုံ၊ မ.ဘ.သ နှင့် နိုင်ငံရေး ဆက်နွှယ်လာမှုများ၊ နုတ်ထွက်ရသည့် အကြောင်းများနှင့် စပ်လျဉ်း၍ ဧရာဝတီ သတင်းထောက် ထွန်းထွန်းက မေးမြန်းလျှောက်ထားခဲ့ပါသည်။
မေး။ ။ ဆရာတော် အနေနဲ့ မ.ဘ.သ အဖွဲ့အစည်းထဲ ဘယ်လိုစပြီး ဝင်ရောက်ဖြစ်ခဲ့တာပါလဲဘုရား။
ဖြေ။ ။ မ.ဘ.သ အဖွဲ့ကို ဝင်ဖြစ်ခဲ့တာက လုပ်ငန်းတခုက အဖွ့ဲအစည်းနဲ့ လုပ်မှ ပိုပြီးအောင်မြင်တဲ့ အရာတွေရှိတယ်။ ဗဟိုအနေနဲ့ ထုတ်ထားတဲ့ မူဝါဒတွေထဲမှာ ပါတီနိုင်ငံရေး ဟောပြောတာတွေ မလုပ်ရဘူး။ အဲ့ဒါတွေကြောင့် မ.ဘ.သ ဗဟိုရဲ့ လုပ်ငန်းတွေကို အားကျခဲ့တယ်၊ ဘုန်းကြီး စိတ်ဆန္ဒအရ ဗဟိုမှာ ဗဟိုအလုပ်အမှုဆောင် ဆရာတော်ဆိုပြီးတော့ ပါဝင်ပြီး လုပ်ခဲ့တာဖြစ်တယ်။
မေး။ ။ ယခု မ.ဘ.သ အဖွဲ့အစည်းကနေ နုတ်ထွက်တယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့်ပါလဲဘုရား။
ဖြေ။ ။ မ.ဘ.သ အဖွ့ဲအစည်းမှာ မူဝါဒတွေရှိတယ်။ မည်သည့်ပါတီ၊ အဖွဲ့အစည်းကိုမှ ပုတ်ခက်ဟောပြောခြင်း၊ ပါတီတခုကို မဲပေးဖို့ ဟောပြောတာတွေ မလုပ်ဖို့ မူတွေရှိတယ်။ ဒီလို မူတွေရှိပေမယ့် မ.ဘ.သ ဗဟိုက ရွေးကောက်ပွဲ နီးလာတဲ့အခါမှာ မျိုးစောင့်ဥပဒေ အောင်ပွဲတွေဆိုပြီး မြို့ပေါင်းများစွာမှာ လုပ်ခဲ့ကြတယ်။ အဲဒီမှာ မျိုးစောင့်ဥပဒေတွေကို ကန့်ကွက်ခဲ့သူတွေကို မဲမပေးဖို့၊ ဒီဥပဒေ အတည်ပြုပေးခဲ့သူတွေကိုသာ မဲပေးရွေးချယ်ဖို့ ဆိုတာတွေ လုပ်ခဲ့တယ်။ အဲဒီမှာ NLD ကိုမဲ မပေးနဲ့၊ ကြံ့ခိုင်ရေးကို မဲပေးဆိုတဲ့သဘော ဖြစ်သွားတယ်။ မ.ဘ.သဗဟိုဟာ ပါတီတခုဘက် ရပ်တည်တယ်လို့ တွေ့ရှိရတယ်။
နောက်ပြီး ၂ နှစ်မြောက် မ.ဘ.သ ဗဟိုညီလာခံမှာလည်း လက်ကမ်းစာစောင်တွေ ဝေတယ်၊ အဲဒီမှာလည်း အဓိကအားဖြင့် ကြံ့ခိုင်ရေးကို မဲပေးဖို့၊ NLD ကို မဲမပေးဖို့၊ ဒါပါပဲ။ မ.ဘ.သမှာ ဟောပြောတဲ့ ဆရာတော်တွေ တော်တော်များများကတော့ ဗဟိုရဲ့ မူဝါဒတွေကို ချိုးဖောက်တာလား၊ သူတို့ရဲ့ ပုဂ္ဂလိကလား ဆိုတာတော့ မသိပါဘူး။ သူတို့ ဟောပြောပွဲတွေ တော်တော်များများမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပုတ်ခက်ဟောပြောတာတွေကို ဘုန်းကြီးကိုယ်တိုင် ကြားသိနေရတယ်။ အဖြူရောင်သက်သက် မ.ဘ.သ လုပ်ချင်လို့ အခုလို နုတ်ထွက်ရခြင်း ဖြစ်တယ်။
မေး။ ။ မ.ဘ.သအနေနဲ့ ဘာတွေ လုပ်ဆောင်ခဲ့ပါလဲဘုရား။
ဖြေ။ ။ မ.ဘ.သ ဆိုတာက အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတာ။ မည်သည့်ပါတီ မဲရဖို့၊ ဘယ်သူ အာဏာရဖို့ဆိုပြီး ဖွဲ့ထားတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဘုန်းကြီးတို့က NLD ပါတီကို ထောက်ခံသော်လည်းပဲ မည်သည့် ဟောပြောပွဲမှာမှ NLD ကောင်းကြောင်းတွေ၊ ကြံ့ခိုင်ရေး မကောင်းကြောင်းတွေ မပြောဘူး။ မ.ဘ.သထဲက တချို့ကတော့ ဒီလိုသဘောတွေ လုပ်ခဲ့တယ်။
ဒီနေရာမှာ ပြောစရာရှိလာတာက သာသနာဘောင်မှာ နေနေတဲ့ ရဟန်းသံဃာတော်တွေကို မဟာသန္တိသုခ ကျောင်းကြီးနဲ့ ပတ်သက်ပြီးတော့ ညတွင်းချင်း အကြမ်းဖက် ဖြိုခွင်းပြီးတော့ စွမ်းအားရှင်လူ၊ စွမ်းအားရှင် ဘုန်းကြီးတွေနဲ့ သံဃာ ၅ ပါးကို ညတွင်းချင်း လူဝတ်လဲပစ်လိုက်တယ်။ အဲ့ဒီအချိန်မှာ မကွေးကျောင်းဆရာတော် အနေနဲ့ သံဃာတော်တွေဘက်ကနေ မားမားမတ်မတ် ရပ်ခဲ့တယ်။ မ.ဘ.သဗဟို အနေနဲ့ သဘောထားကြေညာချက်လေး တစောင်တောင် ထုတ်ပြန်တာမျိုး မတွေ့ရဘူး။ ဒါဟာ သာသနာတော်နဲ့ မသက်ဆိုင်တဲ့ ကိစ္စမို့လို့လား။
နောက် ရွှေတိဂုံစေတီတော်ကြီးနားက Dagon City အိမ်ယာစီမံကိန်းနဲ့ ပတ်သက်လို့လည်း ဦးပဇ္ဈင်းနဲ့ သဘောထားခြင်း တူညီတဲ့သူတွေ စုပြီးလုပ်ခဲ့ရတာ။ အဲ့ဒါတွေဟာ မ.ဘ.သဗဟိုက လုပ်တာတွေ မဟုတ်ဘူး။ ဦးပဇ္ဈင်းက မ.ဘ.သဗဟိုထဲ ပါနေတဲ့အတွက် လုပ်ခဲ့တာတွေကို မ.ဘ.သဗဟိုက လုပ်သယောင် ထင်ကြလိမ့်မယ်။ ရိုဟင်ဂျာကိစ္စတွေ၊ White Card တွေ မဲပေးပိုင်ခွင့် မရှိဘူးဆိုတာတွေကို ဦးဆောင် လှုပ်ရှားခဲ့ကြတာလည်း ဒီလိုပါပဲ။ မ.ဘ.သအနေနဲ့တော့ မျိုးစောင့် ဥပဒေတွေ အတည်ပြုအောင် လုပ်နိုင်ခဲ့တယ်။ ကလေးတွေကို ဗုဒ္ဓရဲ့ အဆုံးအမတွေ စိတ်ထဲတည်မြဲနေအောင် ယဉ်ကျေးလိမ္မာ သင်တန်းတွေ ပို့ချနေတာတွေလည်း ရှိပါတယ်။ အမျိုးသားရေးဆိုတာ NLD ဖြစ်စေ၊ ကြံ့ခိုင်ရေးဖြစ်စေ၊ ဘယ်ပါတီမှ မပါသူဖြစ်စေ အားလုံးမှာ တာဝန်ရှိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အမျိုးသားရေးစိတ်ဓာတ် ရှိတဲ့သူက ၁ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်လို့ ထင်တယ်။
မေး။ ။ မ.ဘ.သ အနေနဲ့ ပါတီတခုအတွက် မဲဆွယ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုလိုတာလားဘုရား။
ဖြေ။ ။ ဟုတ်တယ်။ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ မျိုးစောင့်ဥပဒေကို ထောက်ခံတဲ့ အစိုးရကိုသာ မဲပေးသင့်တယ် ဆိုတဲ့၊ ဒီဥပဒေ ထောက်ခံတဲ့သူကိုသာ မဲပေးရမယ်ဆိုတာတွေ ဗဟိုရဲ့ မျိုးစောင့်အောင်ပွဲ ကျင်းပတဲ့ မြို့နယ်တွေတိုင်းမှာ ထုတ်ပြန်တဲ့ သဝဏ်လွှာတွေက ထင်ရှားပါတယ်။
မေး။ ။ မ.ဘ.သ အနေနဲ့ ပါတီနိုင်ငံရေးနဲ့ ဘယ်လို ပတ်သက်နေပါလဲဘုရား။
ဖြေ။ ။ အခုဟာတွေဟာ ပါတီတခုရဲ့ အသုံးချ ခံလိုက်ရတာပါပဲ။ လုပ်ခဲ့တာတွေက ပါတီတခုရဲ့ အသုံးချခံခဲ့ရတာပေါ့။
မေး။ ။မ.ဘ.သဗဟိုက ထောက်ပံ့ကြေးပေးတယ် ဆိုတာကကော ဘယ်လိုပါလဲဘုရား။
ဖြေ။ ။ အဲ့ဒါက မျိုးစောင့်အောင်ပွဲဆိုပြီး ကျင်းပတဲ့မြို့နယ်တွေမှာ ဗဟိုကနေပြီးတော့ ၅ သိန်း၊ ၁၀ သိန်း ဆိုပြီးပေးခဲ့တာပါ။ ဘုန်းကြီးက ဖုန်းနဲ့ တိုက်ရိုက်ပင့်ဖိတ်တဲ့ မြို့နယ်တွေမှာပဲ ဟောရတာ ဖြစ်တယ်။ ထောက်ပံ့ကြေး ကိစ္စတွေကို ဘုန်းကြီး သေချာမသိခဲ့ဘူး။ ဒီလိုရတယ် ဆိုတာတွေကို မြို့နယ် မ.ဘ.သ ဥက္ကဋ္ဌတွေရဲ့ ပြန်ပြောချက်အရ ဘုန်းကြီးတို့ သိရတာ။
မေး။ ။ ဒီအတွက် မ.ဘ.သကို ဘယ်အဖွဲ့အစည်းတွေက ငွေကြေးထောက်ပံ့ပေးခဲ့တာလဲ။ မဲဆွယ်ပေးခဲ့တဲ့ ပါတီက ထောက်ပံ့ပေးခဲ့တာလား။
ဖြေ။ ။ ဒီလိုထောက်ပံ့ကြေးတွေ၊ ငွေကြေးကိစ္စတွေကျတော့ ဘုန်းကြီးက ဗဟိုအလုပ်အမှုဆောင်မှာ ပါနေသော်လည်းပဲ မသိခဲ့ရဘူး။ ဒါတွေ ပတ်သက်တဲ့ အစည်းအဝေးတွေမှာလည်း ပင့်ဖိတ်ခြင်း မရှိခဲ့ဘူး။ သူတို့နဲ့ သဘောတူရာ ဗဟိုဦးဆောင်သူတွေနဲ့ လုပ်ကြတာဖြစ်တယ်။ ဟောပြောဖို့ ကိစ္စတွေမှာလည်း ပင့်ဖိတ်တာ မရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဘုန်းကြီးတို့ ဟောပြောမှုတွေက ကြံ့ခိုင်ရေးပါတီ မဲရရှိရေး ဘယ်လိုမှ ဟောပြောပေးမှာ မဟုတ်ဘူးဆိုတာ သိလို့ပဲဖြစ်တယ်။
မေး။ ။ ဒီလို ဟောပြောမှုတွေမှာ မ.ဘ.သဗဟိုအနေနဲ့ မူဝါဒချပေးတာတွေ ရှိခဲ့ပါသလားဘုရား။
ဖြေ။ ။ ဟောပြောပွဲ နီးချိန်မှတော့ အဲ့ဒီလို ဒါဟောရမယ်၊ ဒါပြောရမယ် ဆိုတာတော့ မရှိပါဘူး။ ဗဟိုရဲ့ ချမှတ်ထားတဲ့ မူဖြစ်တဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သည့် ဘာသာကိုမှ ပုတ်ခက်ခြင်း မရှိရဘူးဆိုထားပေမယ့် တကယ့် ဟောပြောပွဲတွေမှာ ပေးဝေတဲ့ လက်ကမ်းစာစောင်တွေမှာ မူဝါဒတွေကို ချိုးဖောက်ပြီး လုပ်နေသလို ဖြစ်နေတယ်။ ဘယ်ပါတီကိုပဲ မဲပေး၊ ဘယ်သူ့ကိုတော့ မပေးနဲ့ဆိုတာမျိုးတွေပေါ့။
မေး။ ။ မ.ဘ.သ ဗဟိုနဲ့ တချို့နေရာတွေမှာ သဘောထားချင်း မတိုက်ဆိုင်ခဲ့ဘူးဆိုတော့ ဗဟိုကနေထွက်ဖို့ ဖိအားပေးတာမျိုးရော ကြုံခဲ့ပါသလားဘုရား။
ဖြေ။ ။ အဲ့ဒါမျိုးတော့ မရှိပါဘူး။ ဘုန်းကြီးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ နုတ်ထွက်ခဲ့တာပါ။
မေး။ ။ ဆရာတော်အနေနဲ့ မ.ဘ.သအပေါ် ဝေဖန်းမှု လုပ်ရမယ်ဆို ဘယ်အချက်ကို အဓိကထောက်ပြ ဝေဖန်ချင်ပါလဲဘုရား။
ဖြေ။ ။ မ.ဘ.သအနေနဲ့ ပါတီကို ဇောင်းပေးခဲ့တာပဲ။ အဲ့ဒါဟာ မ.ဘ.သ အဖွဲ့အစည်းအနေနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို အဓိက လုပ်ဆောင်သွားတာပဲ။
မေး။ ။ ဆရာတော်အနေနဲ့ မ.ဘ.သအပေါ် အကြံပြုချက် ပေးချင်တာများ ရှိပါသလားဘုရား။
ဖြေ။ ။ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး မည်သူတဦးတယောက်ကမျှ ဒါတွေကို ကျော်ပြီးတော့ မလုပ်ဘူး၊ မိမိကိုယ်တိုင် ဘယ်ပါတီကိုပဲ သဘောကျနေပါစေ၊ ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်းပဲ လိုက်နာ အကောင်အထည်ဖော် လုပ်ဆောင်စေချင်ပါတယ်။ ပြည်နယ်၊ တိုင်း၊ မြို့နယ် အဆင့်ဆင့်မှာလည်း သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ဘယ်သူကတော့ ဘာတာဝန်ဆို ဘာလုပ်ရမယ် ဆိုတာမျိုး တိတိကျကျ ချမှတ်ပြီး လိုက်နာလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ မည်သည့့်ပါတီဘက်ကမှ ရပ်တည်မှု မပြုဘဲ အဖြူရောင် မ.ဘ.သ ဖြစ်သွားမယ်ဆိုရင် ပြည်သူ တရပ်လုံးရဲ့ အားကိုးအားထားရာအဖြစ် အောင်မြင်လာမှာပါ။
မေး။ ။ ဆရာတော် ဦးဆောင်ပြီး စာတမ်းဖတ်ပွဲလေးတွေ လုပ်နေတယ်ဆိုတာကရော ဘယ်လိုပါလဲဘုရား။
ဖြေ။ ။ အဲ့ဒါက နစ်နာနေရသူများ ရှင်းလင်းတင်ပြရေး ကော်မတီဆိုပြီး ဘုန်းကြီးရဲ့ ကျောင်းမှာပဲ နှစ်လတကြိမ် ကျင်းပနေတာပါ။ မြန်မာနိုင်ငံမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ စာရိတ္တမဏ္ဍိုင်ဆိုတဲ့ မဏ္ဍိုင်ကြီးလေးခုက ယိမ်းယိုင် ခြစားနေကြတဲ့အတွက် ဖြစ်ပျက်နေတာတွေကို အမှားအမှန် စိစစ်ပြီး ဒီစာတမ်းတွေကို သမ္မတရုံး၊ ပြည်ထဲရေး၊ ပြည်ထောင်စု လွှတ်တော်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တို့ထံ စာပေးပို့တာတွေ၊ တိတ်ခွေ မှတ်တမ်းတွေပါ ပေးပို့ပြီး ဖြေရှင်းနိုင်ရေး လုပ်ဆောင်နေကြတာပါ။ ဘုန်းကြီးတို့ ပြည်သူတွေက ဥပဒေရဲ့ အကာအကွယ် မရကြဘူး။ ငွေများတရားနိုင် ဖြစ်နေကြတယ်။ အဲဒီအတွက် ပြည်သူ့ဘက်ကနေပြီး အကာအကွယ်ရအောင် စာတမ်းဖတ်ပွဲတွေ လုပ်လာတာ ၁၁ ကြိမ် ရှိပါပြီ။ ဆက်ပြီးတော့လည်း လုပ်ဆောင်သွားမှာပါ။
မေး။ ။ ဆရာတော်အနေနဲ့ မ.ဘ.သဗဟိုက နုတ်ထွက်ပြီ ဆိုတဲ့ဲအခါကျတော့ ဘယ်လိုမျိုး ဆက်လက် လုပ်ဆောင်သွားဖို့ အစီအစဉ်တွေ ရှိပါသလဲဘုရား။
ဖြေ။ ။ ဘုန်းကြီးတို့ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂကနေပြီးတော့ ဒယိကာမ တယောက် ဘက်ကနေ တလင်တမယားဥပဒေနဲ့ အမှုဖွင့်ပေးခဲ့ပါတယ် ။ ဒါဟာ မ.ဘ.သရဲ့ လုပ်ဆောင်ချက်တွေကို အကောင်အထည် ဖော်ပေးနေတာပဲ ဖြစ်ပါတယ်။ ဘုန်းကြီးကတော့ ယခင်ကလည်း ဒီလိုပဲ၊ အခုလည်း ဒီအတိုင်းပဲ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဗဟိုကထွက်လို့ ဗဟိုက ချမှတ်ထားခဲ့တဲ့ဲမူတွေကို မလုပ်တော့ဘူး ဆိုတာမျိုး မဟုတ်ပါဘူး။ နောက်လည်း အမျိုးသားရေးအတွက် ဆက်လက် လုပ်ဆောင်သွားမှာပါပဲ။ ဘုန်းကြီးတို့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါဝင်ခြင်းမရှိတဲ့ လူမျိုးအတုအယောင်တွေ ဝင်လာမှာကိုလည်း အလိုမရှိဘူး။ အစိုးရအနေနဲ့လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ စစ်ဆေးပေးဖို့ လိုတယ်။ ဒီအတွက်လည်း ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်။
မေး။ ။ ဆရာတော်အနေနဲ့ ဖြည့်စွက် မိန့်ကြားချင်တာများ ရှိပါသေးလားဘုရား။
ဖြေ။ ။ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ သာသနာ တည်တံ့ရေးအတွက် တယောက်ထဲ ဖြစ်ပါစေ၊ အဖြူရောင်သက်သက် ဆက်လုပ်သွားမယ်။ ကြံ့ခိုင်ရေးကိုလည်း တိုက်ခိုက်မှာ မဟုတ်ဘူး။ NLD ကိုလည်း တိုက်ခိုက်မှာ မဟုတ်ဘူး။ အမျိုးသားရေးတခုတည်းတင် မဟုတ်ဘဲ နစ်နာနေရတဲ့ ပြည်သူတွေအတွက်ပါ ရပ်တည် လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။