ရန်ကုန်မြို့ ၊ လှိုင်သာယာ စက်မှု ဇုန်ရှိ ပရီမီယာကော်ဖီစက်ရုံက အလုပ်သမား ၃၂၁ ဦးအား ပေးရန်ရှိသောငွေကျပ် ၅၇၉ သိန်းကို နစ်နာကြေးအဖြစ် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပရီမီယာကော်ဖီအား အလုပ်သမား ဥပဒေ ချိုး ဖောက်မှုဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ထိုသို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ပရီမီယာ ကော်ဖီ စက်ရုံမှ အလုပ်သမား ၃၀၀ခန့်က အချိန်ပိုကြေးအပြည့်အဝမရရှိကြောင်းနှင့် လုံလောက်သော အလုပ် ပိတ်ရက် မရရှိသောကြောင့် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ဇွန်လတွင် တိုင်ကြား ခဲ့သည်။ အလုပ်သမားများကို နစ်နာကြေးပေးဆောင်ပြီးဖြစ်သော်လည်း အလုပ်သမား ဥပဒေ ချိုးဖောက်မှု အတွက် ရင်ဆိုင် နေရသော တရားစွဲဆိုခံထားရသည့် အမှုကိုဆက်လက်ရင်ဆိုင်ရမည် ဖြစ်သည်။
ထိုသို့ တိုင်ကြားမှုများကို အတည်ပြုပြီးနောက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနအောက်မှ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ကုမ္ပဏီပိုင်ရှင်နှင့် အဆိုပါစက်ရုံမှ HR မန်နေဂျာတို့အား အလုပ်သမားဥပဒေ ချိူးဖောက်မှုဖြင့် ဇွန်လ ၂၈ရက်နေ့တွင် လှိုင်သာယာမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့သည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးညွန့်ဝင်းက ဇူလိုင်လ ၁၂ရက်နေ့ ပထမဦးဆုံး ရုံးချိန်းပြီးနောက် ပရီမီယာ ကုမ္ပဏီက ပေးရန်ရှိသောနစ်နာကြေးများကို အလုပ်သမား ၃၂၁ဦး (အမျိုးသား ၁၇၀ဦး၊ အမျိုးသမီး ၁၅၁ဦး) တို့အား ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ စ၍ အချိန်ပိုကြေး အပြည့် အ၀ မပေးခဲ့သည့်အတွက် နစ်နာကြေး ၅၇ ဒဿမ ၉သန်း ကျပ် ပေးလိုက်ကြောင်း ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ ၁၉၅၁ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေအရ အလုပ်သမားများကို အနည်းဆုံး တပတ်လျှင် တရက် လစာအပြည့်ဖြင့် နားခွင့်ပေးရမည်ဖြစ်သည်။ သို့သော် ပရီမီယာကော်ဖီ ကုမ္မဏီက နားရက်မပေးဘဲ အချိန်ပိုကြေးအပြည့် ပေးရန် ပျက်ကွက်ခဲ့သည်။ ၁၉၅၁ ခုနှစ် အလုပ်ရုံများ ဥပဒေအရ အချိန်ပိုကြေးမှာ ပုံမှန်နှုန်းကြေးထက် ၂ဆ ပေးရ မည်ဖြစ်သည်။
“ကုမ္ပဏီက နစ်နာကြေးပေးတဲ့အတွက် အလုပ်သမားတွေလည်း ကျေနပ်ကြပါတယ်။ ဒါပေမဲ့ အမှုကတော့ ဆက်ရှိနေမှာပါ။ ဘယ်လို အမိန့်ချမယ်ဆိုတာတော့ ကျနော်တို့လည်း မသိပါဘူး။”ဟု ဦးညွန့်ဝင်းက ပြောသည်။
ယခင် အလားတူ ဖြစ်ရပ်များတွင် အကယ်၍ ကုမ္ပဏီတခုက အလုပ်သမားများအား တရားရုံးမှ အမိန့်မချခင် ဆန္ဒ အလျောက် နစ်နာကြေးပေးခဲ့လျှင် တရားရုံးက အမှုကျေအေးပေးခြင်း သို့မဟုတ် ဒဏ်ငွေပေးဆောင်ခိုင်းခြင်း မျိုး ရှိတတ်ကြောင်း ဦးညွှန့်ဝင်းက ပြောသည်။ အကယ်၍ ကုမ္ပဏီက အလုပ်သမားများအား ပေးရန်ရှိသောနစ်နာကြေး များပြန်မပေးပါက ဝန်ကြီးဌာနမှာ သုံးကြိမ် သတိပေးမှုပြုလုပ်ပြီး ကုမ္ပဏီမှ နစ်နာကြေးကို မပေးခဲ့ပါက ဥပဒေအရ အရေးယူသည်ဟု သိရသည်။
နောက်တကြိမ် အမှုကြားနာမှုကို ဇူလိုင်လ ၂၆ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။
ပရီမီယာသည် စီးပွားရေးသမားတဦးဖြစ်သော ဦးကိုကိုကြီး ပိုင်ဆိုင်သည့် လုပ်ငန်းစု Capital Diamond Star Group မှ ထုတ်လုပ်သည့် လူသိများသော ပြည်တွင်း ကော်ဖီမစ် အမှတ်တံဆိပ်တခုဖြစ်သည်။ အဆိုပါလုပ်ငန်းမှ လုပ်ကိုင်သော အခြား သော လုပ်ငန်းများစွာတို့တွင် Grab and Go စတိုးဆိုင်များ၊ Capital Hypermarket နှင့် အခြား သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းများစွာတို့ ပါဝင်သည်။
အကယ်၍ ကုမ္ပဏီပိုင်ရှင်နှင့် HR မန်နေဂျာအား ပြစ်မှုထင်ရှားကြောင်း ရှာတွေ့ခဲ့လျှင် ၁၉၅၁ အလုပ်ရုံများ အက်ဥပဒေအရ အနည်းဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃လနှင့် ဒဏ်ငွေ ကျပ်သိန်း ၂၀ အထိ ရှိနိုင်ပါသည်။