ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနဘူရီခရိုင်၊ စီနုန်တောတွင်းရှိ နာနတ်သီးစိုက်ပျိုးရေးခြံတခု၌ ရောင်းစားခံထားရသည့် မြန်မာအလုပ်သမား ၄ ဦးကို ဇူလိုင်လ ၂၃ ရက်က ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
“နှစ်ယောက်ကတော့ ရောင်းစားခံထားရတာ တနှစ်ကျော်ရှိနေပြီ။ နှစ်ယောက်ကတော့ လပိုင်းပဲ ရှိသေးတယ်။ ရောင်းစားသူကတော့ မြန်မာပွဲစားတဦးပါ” ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT ) ဒါရိုက် တာဦးကျော်သောင်း ဧရာဝတီကို ပြောသည်။
ရောင်းစားခံထားရသည့် မြန်မာလုပ်သားများကို MAT အဖွဲ့၊ ဒေသဆိုင်ရာ ထိုင်းစစ်တပ်၊ လ.ဝ.ကနှင့် ထိုင်းရဲတပ်ဖွဲ့များက ပူးပေါင်းကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း MAT ဦးကျော်သောင်းက ဆက်ပြောသည်။
ရောင်းစားခံထားရသူများသည် အသက် ၅၀ ကျော်အရွယ်ရှိ ဦးမြင့်ငွေ၊ ဒေါ်စမ်းနွဲ့ ဇနီးမောင်နှံ၊ အသက် ၂၀ ကျော်အရွယ်ရှိ ကိုစောပြည့်ထွန်းနှင့် မသင်းသင်း ဇနီးမောင်နှံတို့ ဖြစ်ကြပြီး၊ ၎င်းတို့ကို ထိုင်းဘတ်ငွေ ၇၀၀၀ ဖြင့် ရောင်းစားခံရခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကြက်၊ဝက် စသည့် မွေးမြူရေးခြံတခု၌ လုပ်ကိုင်ရမည်ဟုဆိုကာ နာနတ်ခြံသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ခြံပိုင်ရှင်က ၎င်းတို့အား တရက်လျှင် ဘတ်ငွေ ၂၀၀ ပေးမည်ဟု ပြောသော်လည်း ညနေအလုပ်သိမ်းချိန်၌ လုပ်အားခ ရှင်းပေးလေ့ မရှိကြောင်း၊ အကယ်၍ မနေထိုင်လိုပါက ထွက်ပြေးနိုင်သည်ဟု ပြောဆိုသော်လည်း ပြင်ပနှင့်ဆက်သွယ်ရေး ခက်ခဲသည့် နေရာဖြစ်၍ ထိုခြံထဲ၌ပင် နေထိုင်ရကြောင်း ရောင်းစားခံလိုက်ရသူ ဒေါ်စမ်းနွဲ့က ပြောသည်။
“ထွက်ပြေးရင် သူ့ဆီမှာပိုက်ဆံတွေ ကျန်ခဲ့မှာပေါ့ဆိုပြီး မထွက်ပြေးတာပါ။ အရင်ထွက်ပြေးသွားတဲ့လူတွေမှာလည်း ပစ္စည်းတွေ ကျန်ခဲ့တယ်။ သူကအဲဒီလိုပဲ လုပ်နေကျပါ၊ ကျမတို့လင်မယား ဒီခြံဆီ ရောင်းစားခံထားရတာ တနှစ်ကျော်ပြီ” ဟု ဒေါ်စမ်းနွဲ့က ဆိုသည်။
ဒေါ်စမ်းနွဲ့တို့နှင့် ရင်းနှီးသည့် မြန်မာအလုပ်သမားတဦးက MAT အဖွဲ့ထံသို့ ဇူလိုင် ၂၂ ရက်က ဆက်သွယ် အကူအညီ တောင်းခံလာသည့်အတွက် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်သောင်းက ပြောသည်။
ကယ်ထုတ်ခဲ့သည့် မြန်မာလုပ်သားများကို ကန်ချနဘူရီရှိ ထိန်းသိမ်းရေးစခန်းတခု၌ ခေတ္တထိန်းသိမ်းထားကြောင်းနှင့် ၎င်းတို့တွင် တရားဝင် နေထိုင်ခွင့်လက်မှတ် မရှိသည့်အတွက် ဥပဒေကြောင်းအရ ဖြေရှင်းပြီးမှသာ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဖြစ်ကြောင်း ဦးကျော်သောင်းက ပြောသည်။
ကယ်ထုတ်လိုက်နိုင်သည့် မြန်မာအလုပ်သမားများအနက် ဒေါ်စမ်းနွဲ့တို့ဇနီးမောင်နှံသည် ရန်ကုန်မြို့မှ လာရောက်လုပ်ကိုင်ကြသူများဖြစ်ပြီး၊ ကိုစောပြည့်ထွန်းတို့သည် ရေနံချောင်းဘက်မှ လာရောက်လုပ်ကိုင်ကြသူများ ဖြစ်သည်။
လက်ရှိတွင် နံနတ်ခြံပိုင်ရှင်ကို ထိန်းသိမ်းထားပြီး တနှစ်ကျော်ကြာ လုပ်အားခမရသည့် ဒေါ်စမ်းနွဲ့တို့ ဇနီးမောင်နှံအတွက် လျှော်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၄ သောင်းကျော် ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများ ယခင်နှစ်များထက် ပိုလာကြောင်း၊ MAT အဖွဲ့မှ ကယ်ထုတ်နိုင်ခဲ့သည့် စာရင်းများအရ ယခင်နှစ်များ၌ လူကုန်ကူးခံရသူ ၂၀၀ ကျော်ရှိခဲ့ရာမှ ယခု ၂၀၁၆ ခုနှစ်၊ ၆ လ အတွင်း လူ ၃၀၆ ဦးအထိ ကယ်တင်ထားပြီးကြောင်း MAT အဖွဲ့မှ သိရသည်။