ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ တခုဖြစ်သည့် မိုင်ဂျာယန်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဌာန၏ အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang တက်ရောက် လေ့လာခဲ့သည်။
Mr. Sun Guoxiang က ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် မိုင်ဂျာယန် အစည်းအဝေး၏ စတုတ္ထ မြောက်နေ့ အစည်းအဝေး အထိ တက်ရောက်သွားခဲ့ပြီး ပြန်လည် ထွက်ခွာသွားပြီဖြစ်သည်။
မိုင်ဂျာယန် အစည်းအဝေးသို့ တက်ရောက် သတင်းယူနေသည့် ဧရာဝတီ သတင်းထောက် ကျော်ခက Mr. Sun Guoxiang ကို မေးခွန်းတချို့ မေးမြန်းထားပါသည်။
တရုတ် – မြန်မာ နယ်စပ်တွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထဲတွင် “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) တို့ ရှိကြပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရသေးသည့် အဖွဲ့များဖြစ်သည်။
မေး ။ ။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို အစိုးရက ဖိတ်ခေါ်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံကို တက်ရောက်ဖို့အတွက် တရုတ်အစိုးရ အနေနဲ့ ဘယ်လို ပုံစံမျိုးနဲ့ ဆောင်ရွက်ပေးသွားနိုင်မလဲ။
ဖြေ ။ ။ ကျနော်တို့ သဘောထားဆိုရင် ပြတ်ပြတ်သားသား ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် ထောက်ခံတဲ့ အင်အားစုကို အားလုံးကို ထောက်ခံပါတယ်။
မေး ။ ။ အထူးသဖြင့်တော့ တရုတ်- မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေ ၂၁ ရာစု ပင်လုံကို ပါဝင်လာဖို့အတွက် တရုတ်ရဲ့ သဘောထားက ဘယ်လိုရှိလဲ။
ဖြေ ။ ။ ခုနက ကျနော်ပြောသလိုပါပဲ။ မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့အတွက် ထောက်ခံတဲ့ လူအားလုံးကို ထောက်ခံပါတယ်။ အားပေးပါတယ်။ (၂၁ ရာစုပင်လုံ) တိုင်းရင်းသား အဖွဲ့အစည်းအားလုံးက ပါဝင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် အဘက်ဘက်က မိမိ ထင်မြင်ချက်ရှိပါတယ်။ မတူညီတဲ့ ထင်မြင်ချက်ရှိပါတယ်။ အဲဒါက သဘာဝကျပါတယ်။
မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ဆိုရင် နိုင်ငံတော်အတွက် အရေးအကြီးဆုံး အကျိုးရလဒ်တခု ဖြစ်ပါတယ်။ အရေးကြီးဆုံး ကိစ္စတခု ဖြစ်ပါတယ်။ အဲဒါကြောင့် အဘက်ဘက်က ဝိုင်းဝန်းပြီးတော့ ငြိမ်းချမ်းရေးရရှိဖို့ အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
မီဒီယာ အဖွဲ့အားလုံးက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။