NLD အစိုးရသစ်တက်လာပြီး ဝန်ကြီးဌာနတွေ ပေါင်းမယ်။ လျှော့ချမယ်လို့ကြားတော့ စိတ်ပူခဲ့ပါတယ်။ တက်လာ တဲ့သူတွေက လူသစ်တွေဖြစ်လို့ လုပ်ငန်းတွေအကြောင်းကို အခုမှ စတင်လေ့လာကြရမှာ၊ လုပ်စရာတွေ လေ့လာစရာတွေ က အများကြီး။ ဌာနတွေပေါင်းလိုက်တော့ မနိုင်မနင်းဖြစ်နေလေမလားဆိုပြီး စိုးရိမ်မိတာပါ။
ခုအချိန်မှာ မကြာခဏ ကြားရတဲ့အသံက တင်ပြထားတာတွေ၊ ဆုံးဖြတ်ချက် တောင်းထားတာတွေ၊ ကြန့်ကြာနေတယ်ဆို တော့ မူလက စိုးရိမ်ပူပန်တဲ့အတိုင်း ဖြစ်နေလေရော့သလား။ ရက်တိုသေးတယ်၊ ကာလတိုသေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီအချိန်ကာလအတွင်းမှာ ဖြစ်သင့်တာတွေ လုပ်သင့်တာတွေ ဖြစ်နိုင်ခဲ့သလား၊ လုပ်နိုင်ခဲ့သလား။ ပြန်လည်သုံး သပ်ဖို့ လိုပါတယ်။
ဌာနတွေ ပြန်လည်ဖွဲ့စည်းရာမှာ မျှော်လင့်တာထက် မြန်မြန်ဆန်ဆန်ဖြစ်ခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်ကိုလည်း ကြားလိုက်ရ ပါတယ်။ ဒီလိုပဲ ဖြစ်စေချင်ပေမယ့် သုံးသပ်ချက် မှန် မမှန် မသိပါ။
နောက်တခုက အစိုးရသစ်နဲ့ ဝန်ထမ်းဟောင်းများအကြား ဆက်ဆံရေးပါ။ ဝန်ထမ်းဆိုတာက တက်လာတဲ့အစိုးရ ကိုယ့်အစိုးရလို့ပဲ သဘောထားကြတဲ့သူများပါတယ်။ ပြည်သူ့ဝန်ထမ်းပဲခေါ်ခေါ် အစိုးရဝန်ထမ်းပဲခေါ်ခေါ် အစိုးရရဲ့အမိန့်တွေ၊ ညွှန် ကြားချက်တွေကို ဦးလည်မသုန် နာခံကြတဲ့သူတွေ များပါတယ်။
အစိုးရဟောင်းကိုပဲ ဆက်လက်သစ္စာခံနေတဲ့သူတွေလို့ မြင်ဖို့ မလိုပါဘူး။ ဝန်ထမ်းဟောင်းတွေကိုပဲ အစိုးရသစ်က၊ ကိုယ် လိုချင်တဲ့ လမ်းကြောင်းပေါ် ခေါ်ဆောင်သွားရမှာ၊ စည်းရုံးသိမ်းသွင်းသွားရမှာ ဖြစ်ပါတယ်။
ဝန်ထမ်းဟောင်းတွေကြောင့် အလုပ်မဖြစ်ဘူးလို့ ဆင်ခြေပေးရတာ လွယ်ပေမယ့် အလုပ်ဖြစ်အောင် အသုံးချဖို့က ကိုယ့် တာဝန်လို့ မြင်ပါတယ်။
ခုဆို အစိုးရသစ်ရဲ့စီးပွားရေးမူဝါဒ ၁၂ချက် ပေါ်ထွက်လာခဲ့ပြီ။ အဲဒီ ၁၂ ချက်ကို သက်ဆိုင်ရာဌာနတွေမှာ ဘယ်အဆင့် လောက်အထိ သိဖို့ လိုအပ်သလဲ။ အခု ဘယ်သူတွေ သိနေကြပြီလဲ။
အဲဒီစီးပွားရေးမူဝါဒတွေအပေါ် အခြေခံပြီး ကိုယ့်ဌာနတွေက ဘာတွေပြင်ဆင်ကြမလဲ၊ ဘာတွေလုပ်ကြရမလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။ မသိဘဲ လုပ်နေရင်တော့ မူဝါဒ တခြား လုပ်နေတာတွေက တခြားဖြစ်ပြီး လွဲချော်နိုင်ပါတယ်။
ဝန်ထမ်းတွေဟာ အများအားဖြင့် လက်ရှိစည်းမျဉ်းစည်းကမ်းတွေအရ အလုပ်လုပ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ စည်းမျဉ်း စည်းကမ်းတွေကောင်းတာ မကောင်းတာ အားနည်းတာ အားကောင်းတာက တပိုင်းပါ။ နိုင်ငံ့တာဝန်ကို ယူကြရတဲ့သူတွေ နဲ့ အဲဒီစည်းမျဉ်းစည်းကမ်းတွေကို နားလည်ဖို့လိုပါတယ်။
မကောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ အားနည်းတဲ့ စည်းမျဉ်းစည်းကမ်းတွေဆိုရင်လည်း ပြုပြင်ရမှာပါ။ အဲသလိုမဟုတ်ဘဲ ဆန္ဒတွေစောပြီး လက်ရှိစည်းမျဉ်းစည်းကမ်းတွေကို နားမလည်ဘဲ အလုပ်လုုပ်ရင် စေတနာရှိသော်လည်း ကိုယ်တိုင်က စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်သူ ဖြစ်သွားနိုင်ပါတယ်။
ပြည်သူ့ကိုယ်စားလှယ်တွေဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့သူတွေ ဖြစ်တယ်။ ပြည်သူ့အသံကို နာခံကြရမယ်။ ပြည်သူကို ကိုယ်စားပြုရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဌာနဆိုင်ရာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်လို့ မရသလို ဌာန ဆိုင်ရာ ဝန်ထမ်းတွေကို အမိန့်ပေးလို့ မရပါဘူး။
တခါတရံ စေတနာကောင်းရှိသော်လည်း လုပ်နည်းလုပ်ဟန်မှားယွင်းရင် ဝန်ထမ်းနဲ့ ပြည်သူကို ရန်တိုက်ပေးသလိုဖြစ်ပြီး ဆေးအတွက် လေးသွားနိုင်တာကို သတိပြုဖို့ လိုပါတယ်။
အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့တာဝန်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်တို့ရဲ့ကွဲပြားခြားနားမှုကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဥပဒေ ပြုရမယ့်သူတွေက ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်မိတာမျိုး ဖြစ်ချင်ကြမယ် မထင်ပါဘူး။
နောက်တခုက မြန်မာနိုင်ငံမှာ ပညာရှင်တွေ အတော်ရှားပါးတယ်လို့ သိထားတဲ့ကြားက ပညာရှင်တွေပေါ်ထွက်လာတာ တွေ့ရလို့ ဝမ်းသာစရာပါ။ ဒါပေမယ့် ပညာရှင်ဆိုတာမျိုးက နယ်ပယ်တခုမှာသာ ကျွမ်းကျင်တာမျိုးဖြစ်ပြီး တခြားနယ်ပယ် မှာတော့ ကျွမ်းကျင်တဲ့သူ မဟုတ်လေတော့ လူမှန်နေရာမှန်ဖြစ်ဖို့ လိုပါတယ်။ ပြီးတော့ ပညာရှင်နဲ့ လုပ်ငန်းရှင်ဆိုတာက လည်း သဘောသဘာဝချင်း မတူပါဘူး။
မူဝါဒအပိုင်းကို ကြည့်ရင် စီးပွားရေးမူဝါဒ ၁၂ ရပ် ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်တော့ မူဝါဒ တခုစီရဲ့အောက်မှာ ရှိနေတဲ့အချက်တွေကိုပါ ထည့် တွက်မယ်ဆိုရင် ဒီထက်များပါတယ်။ ဒုတိယ မူဝါဒအောက်မှာကိုက မူဝါဒ ၃ ခု လောက်ရှိနေတာပါ။
အခု မူဝါဒ ၁၂ ချက်ရဲ့ ထူးခြားချက်တခုက နိုင်ငံရေးနယ်ပယ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးမူဝါဒ ဖြစ်နေတာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေးကို အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တာ တွေ့ရတယ်။ ဒုတိယ ထူးခြားချက်က ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သော မြန်မာ့စီးပွားရေးတိုးတက်မှုကို ဦးတည်တာတွေ့ရတယ်။
ပထမအချက်နဲ့ ပတ်သက်လို့ပြောရရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး ဦးစားပေးဆောင်ရွက်နေတာဟာ စီးပွားရေးတိုးတက်မှုကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူပြုစေနိုင်လို့လားဆိုတာ စဉ်းစားမိပါတယ်။
တဖက်ကလည်း စီးပွားရေးတိုးတက်မှုရှိမှ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒေသဖွံ့ဖြိုးရေးတွေကို ဆောင်ရွက်နိုင်မှာ ဖြစ် လို့ စီးပွားရေးတိုးတက်မှုရှိအောင်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီအတွက် စီးပွားရေးမူဝါဒတွေ ချပေးတာလို့ နားလည်ပါတယ်။
စီးပွားရေးတိုးတက်မှုရှိအောင် လုပ်ဆောင်ရာမှာ သာမန်တိုးတက်မှု ရှိရုံမျှသာမက ပြည်သူကို ဗဟိုပြုပြီး အားလုံး ပါဝင်နိုင် ရမယ်ဆိုတော့ ပိုပြီး တာဝန်ကြီးလာပါတယ်။ အစဉ်အဆက်မပြတ် ရေရှည်တိုးတက်ဖို့လည်း ရည်မှန်းတယ်ဆိုတော့၊ အတော်လေး ကြိုးစားအားထုတ်ရမယ့် ကိစ္စပါ။
တခုသတိထားစရာက ရေရှည်စီးပွားရေးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်တာဟာ ရေတိုစီးပွားရေးတိုးတက်မှုကို ထိ ခိုက်စေခဲ့ရင် လက်ခံဖို့ အဆင်သင့်ဖြစ်သလားဆိုတာ မေးစရာရှိပါတယ်။ ရေရှည်ကို ဦးတည်ပြီး လုပ်ဆောင်တာတွေဟာ ရေတိုထက် ရေရှည်မှာ အကျိုးရှိ အသီးအပွင့်ခံစားရတတ်တာမျိုးတွေ ဖြစ်ပါတယ်။
ကျနော့်အနေနဲ့ စီးပွားရေးမူဝါဒတွေနဲ့ ပတ်သက်လို့ ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေ၊ စာနယ်ဇင်းတွေနဲ့ ပြည်သူလူထု နား လည်သဘောပေါက်ကြစေဖို့ ရှင်းလင်းဆွေးနွေးတာတွေ ထပ်မံ လိုအပ်လေမလားလို့ ဆင်ခြင်မိကြောင်းပါ။
(ခင်မောင်ညို (ဘောဂဗေဒ)သည် ရန်ကုန်အခြေစိုက် စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်သူ စာရေးဆရာဖြစ်သည်)