ပွင့်သိင်္ဂီဇော်( လူငယ်ရုပ်ရှင်နှင့် ဗီဒီယိုဒါရိုက်တာ)
တတိယနှစ်အဝေးသင် အင်္ဂလိပ်စာ
၂၂နှစ်
ကျမရဲ့ ဖေဖေက ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ပါ။ အခု ကျမကလည်း လူငယ် ဒါရိုက်တာတယောက်အဖြစ် ရပ်တည် နေပါတယ်။ အနုပညာနဲ့ပတ်သက်လို့ ကျမက ငယ်ငယ်လေးကတည်းက ဖုန်းတွေကိုင်ပြီး သူငယ်ချင်းတွေခေါ် ညီမလေးတွေခေါ်ပြီး အဖေ့ဇာတ်ညွှန်းတွေယူပြီး ကိုယ်က ဒါရိုက်တာလုပ်ပြီး လျှောက်ရိုက်လာခဲ့တာ။ အသက်ကြီး လာတဲ့အထိ ကာဗာတွေပြန်လုပ်ပြီးရိုက်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် ညီမက လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်ကမှ စပြီး Edit တွေလုပ်ဖို့ လေ့လာဖြစ်ခဲ့တယ်။ ပထမဆုံးက ဖုန်းနဲ့ သူငယ်ချင်းတွေကို ဓာတ်ပုံ လိုက်ရိုက်ပေးတယ်။ အဲဒီကမှတဆင့် ကင်မရာလေး ၀ယ်ဖြစ်တယ်။ ကင်မရာလေးနဲ့လိုက်ပြီး ရိုက်ဖြစ်တယ်။ အဲဒီမှာ မဂ္ဂဇင်းတွေမှာ တခါတလေ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်တယ်။ အဲဒီကနေ MTV ရိုက်ဖြစ်တယ် အဲဒီကနေ ဗီဒီယိုတွေ ရိုက်ဖြစ်တယ်။ အဲဒီကနေ အခု ရုပ်ရှင်ရိုက်ဖြစ်တယ်ပေါ့။
ဒီ ပညာနဲ့ပတ်သက်လို့ သင်တန်းကျောင်းတွေ တက်ခဲ့ဖူးတာ မရှိပေမယ့် အကုန်လုံးက အဖေဆီကပဲ သင်ယူခဲ့တာပါ။ ကျောင်းတက်ဖို့က နောင်နှစ်ထဲမှာတော့ အစီအစဉ်ရှိပါတယ်။ အမေရိကန်နိုင်ငံ LA ဘက်မှာသွားတက်ဖို့ စီစဉ်ထားပါတယ်။ ဒါရိုက်တာအဖြစ် ကျမပထမဆုံးစရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားက အချစ်ဆုံးဆိုတဲ့ဇာတ်ကားပါ။ အဲဒီကားက အဖေက သူရိုက်မယ်ဆိုပြီး လက်ခံထားတဲ့ ဇာတ်ကားပါ။ ဒါပေမယ့် အဖေက အဲ့ဒီအချိန်မှာ သူမအားတော့ဘူး။ အဲဒီမှာ ကျမကို သွားရိုက်လိုက်လို့ ပြောတယ်။ အဲဒါလေး ရိုက်ဖြစ်တယ်။ ကိုယ့်နာမည်နဲ့ ပထမဆုံးရိုက်ဖြစ်တဲ့ ဇာတ်ကားက “အချစ်၏ဘေးထွက်ဆိုးကျိုးများ” ဆိုတဲ့ ဇာတ်ကားပါ။ အဲဒီကားလေးက သရုပ်ဆောင် အောင်ရဲလင်းနဲ့ ချစ်သုဝေ တို့နဲ့ ရိုက်ဖြစ်တယ်။ အဲဒီမှာ သရုပ်ဆောင် ဖွေးဖွေးနဲ့ “ချုပ်ဆေး” ဆိုတဲ့ ကားလေး ရိုက်တော့ လူငယ်ပရိသတ်တွေ ကြိုက်ကြတယ်။ မဖွေးနဲ့ ရိုက်ရတာလည်းအဆင််ပြေတယ်။ သူကလည်း အဲ့ဒီကားလေးမှာ ဒိုင်ယာလော့ခ်တွေ သူရဲ့ဖက်ရှင်တွေ၊ ပုံစံတွေကအစ အကုန် ကျမနဲ့တိုင်ပင်ပြီး လုပ်ခဲ့ကြတာလေ။ ဗီဒီယိုပေမယ့် မဖွေးကလည်း မလျော့ဘဲ အကောင်းဆုံးလုပ်ပေးခဲ့တယ်။ ဒါကြောင့် ဒီကားလေးကို ပရိသတ် ကြိုက်ခဲ့ကြတယ်။ နောက်ပိုင်းမှာ မဖွေးနဲ့ “လေဒီကာလာ”ဆိုတဲ့ ကားလေးလည်းဆက်ရိုက်ဖြစ်တယ်။ ဒီ ကား ကလည်း “ချုပ်ဆေး”လောက်မပေါက်ပေမယ့် သူ့အတိုင်းအတာနဲ့သူ ပရိသတ်ကြိုက်ခဲ့ကြတယ်။ အခု နို၀င်ဘာလမှာ မဖွေးဖွေးနဲ့ပဲ ရုပ်ရှင်ကားကြီးတကားရိုက်ဖို့ ရှိပါသေးတယ်။
အမျိုးသမီး ဒါရိုက်တာတယောက်အတွက် စိန်ခေါ်မှုတွေက ဘာတွေလဲဆိုရင် ကိုယ်က အစကတည်းက အဖေ့ရှူတင်တွေ လိုက်ခဲ့တော့ အခက်အခဲ သိပ်အများကြီး မရှိခဲ့ဘူး။ ဒါပေမယ့် အဖေနောက်ကို လိုက်ခဲ့တုန်းက ကိုယ်က တအားကြီးစိတ်ဝင်တစားတော့ မဟုတ်ခဲ့ဘူး။ ရှူတင်ကိုတော့လိုက်ခဲ့တယ်။ ဒါပေမယ့် ကိုယ့်ဘာသာ နေချင်သလိုနေခဲ့တယ်။ အကုန်လုံးက သိပ်မထင်ခဲ့ကြဘူး။ ကိုယ်တကယ် စလုပ်တဲ့အခါကျမှ အဆင်ပြေအောင် သေချာလုပ်ခဲ့တာ အဓိကကတော့ ကိုယ့်အလုပ်ပေါ် ထားတဲ့စိတ်ပါပဲ။ အလုပ်ပေါ် ကိုယ်လေးစားမယ်။ စေတနာ လေး ထားမယ်ဆိုရင် အလုပ်က ကိုယ့်အပေါ် ပြန်ပြီးလိုက်လာမှာပဲ။ ကျမကတော့အလုပ်ပေါ် ဒီလိုပဲ သဘောထားပါတယ်။ အခက်အခဲတွေက ဘာတွေလဲဆိုရင် အကုန်လုံးက ကိုယ့်ကိုဆိုရင် မဖြစ်နိုင်ဘူးလို့ပဲပြောကြတယ်။ ထင်ကြတယ်။ အဲဒီစိတ်လေးတွေက ကိုယ်နဲ့ ပထမဆုံး ဇာတ်ကားရိုက်တဲ့့သူတွေမှာ ရှိတတ်ကြတယ်။ အဲဒီအပေါ်မှာပဲ ကိုယ်က တကယ်စေတနာထားပြီးလုပ်လိုက်ရင် ထွက်လာတဲ့ အဖြေကိုကောင်းအောင် ကိုယ်ကဂရုစိုက်ပေးတယ်။ အခုဆိုရင် သူတို့ကိုယ်ကို ယုံကြည်လာကြတယ်။ ဇာတ်လမ်းတွေဆိုရင်လည်း အရင်ကထက် ပိုခက်တဲ့ ဇာတ်တွေ ကိုယ့်ကို ပိုအပ်လာကြတယ်။ ကျမက အခုဆိုရင် ဗီဒီယိုကား ၂၁ ကားနဲ့ ရုပ်ရှင်ကားကြီး ၂ ကားရိုက်ထားဖြစ်ပါတယ်။
ဒီဘက်ခေတ်မှာ အမျိုးသမီးဒါရိုက်တာ ရှားလာတဲ့အပေါ်ကို ဘယ်လိုမြင်လဲဆိုရင် ကျမထင်တယ် ကျမတို့ဆီမှာက ဒါရိုက်တာတယောက်အနေနဲ့ ရပ်တည်ဖို့က သိပ်မလွယ်ဘူး။ အနုပညာအရတော့ ကျန်ရင်ကျန်မယ်။ ဒါပေမယ့် ဒီဘက် စီးပွားရေးဘက်ကို ကြည့်မယ်ဆိုရင် အဲဒီလောက် အဆင်မပြေဘူး။ နောက်တခုက ကျမတို့ အာရှဘက်မှာက အမျိုးသမီးတွေကိုဆိုရင် သိပ်ပြီးနေရာမပေးချင်ကြဘူး။ ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းတူလုပ်ရင်ဘဲ သိပ်ပြီး မကြိုက်ကြတာတွေ ရှိတယ်။ ဒါတွေကြောင့် အမျိုးသမီးတွေ နည်းတယ်လို့ ကျမထင်တယ်။ ပြီးတော့ ဒီအပေါ် Support လုပ်ပေးတာလည်း တအားနည်းတယ်။ ဒါက ရုပ်ရှင်လောကမှ မဟုတ်ပါဘူး။ နေရာတိုင်းမှာပေါ့။ အကြီးတွေကလည်း နေရာရထားတဲ့သူတွေဆိုတော့ ကိုယ်တွေလူငယ်တွေက တိုးနိုင်ဖို့က တအားခက်တယ်။ ညီမဆိုရင်လည်း အဖေသမီးမလို့ပါ။ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) သမီးဆိုတဲ့စိတ်နဲ့ အကုန်လုံးက နေရာလေးတွေ ပေးကြလို့ပါ။ ဒါကြောင့် ဒီလိုနေရာလေးရလာတာလည်းပါတယ်။ ကျန်တဲ့ အသစ်အသစ်တွေဆိုရင် တိုးရတာ တအားခက်ပါတယ်။ ဒါပေမယ့် လူငယ်တွေကိုလည်း နောက်ပိုင်းမှာ နေရာမပေးလို့ မရတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်က သူ့ Trend လိုက် သူပြောင်းလဲလာတဲ့အခါမှာ ကိုယ်က လိုက်ချင်ရင် လူငယ်တွေနဲ့ပေါင်းမှပဲ ရမှာလေ။ လူငယ်ဆိုတာက လူကြီးကို ပညာအရ အလုပ်အရသာမမီရင်နေမယ် သူ့Trend ကိုတော့သူတို့ အသိဆုံး အမီဆုံးပဲလေ။ လူငယ်ရဲ့အို်င်ဒီယာနဲ့ တီထွင်နိုင်မှုက ရှိပြီးသားပါ။
လူငယ်အချင်းချင်း အကြံပေးစကားပြောချင်တာက အဓိက ယုံကြည်မှုကို အရင်ယူပါ။ အဲလိုယူနိုင်ဖို့လည်း ကိုယ်ရဲ့ အရည်အချင်းကို အရင်ပြည့်အောင် ဖြည့်ပါ။ ကိုယ်တွေလိုအသက်အရွယ်မှာ လူငယ်တွေကအလုပ်ကို သိပ်အာရုံ စိုက်ထားတာကြ သိပ်မရှိဘူးပေါ့နော်။ အပျော်အပါးကလည်းများတဲ့ခေတ်ဆိုတော့ အဲဒါလေး နည်းနည်းလျော့ပြီး ကိုယ့်အလုပ်အတွက် နည်းနည်းလောက် အာရုံစိုက်ပြီး လုပ်စေချင်တယ်။ ငယ်တုန်းမသိသာပေမယ့် အသက်တွေ ကြီးလာရင် ပိုသိသာလာပါလိမ့်မယ်။ နောင်တမရအောင် အခုကတည်းက ကိုယ့်အရည်အချင်းတွေကို ဖြည့်ထား စေချင်တယ်။ ပြီးရင် လူကြီးတွေနဲ့ပေါင်းပြီး ယုံကြည်မှုရအောင် လုပ်ကြပါလို့ ပြောချင်ပါတယ်။