ဒုတိယတကြော့ ပြန်လည်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများကြောင်း လူများသေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ နေအိမ်၊ ဘာသာရေးအဆောက်အအုံများ မီးလောက်ပျက်စီးခြင်း၊ ဒုက္ခသည်များ ထွက်ပြေးနေရခြင်း၊ အကူအညီ အရေးပေါ် လိုအပ်ခြင်းများ ဖြစ်ပေါ်လျက်ရှိပါတယ်။ ယင်းပဋိပက္ခများနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် ဘာသာရေး၊ နိုင်ငံရေး၊ အနုပညာ၊ လူမှုရေး အလွှာစုံမှ အမြင်များကို စုစည်းဖော်ပြထားပါတယ်။
မေတ္တာဝါဒီ ဆရာတော်
ဘယ်လိုဖြစ်စေချင်လဲ ဆိုရင်တော့ အမြန်ဆုံး ငြိမ်းချမ်း သွားစေချင်ပါတယ်။ တယောက်နဲ့ တယောက် တဘက်နဲ့တဘက် အမြန်ဆုံး ညှိနှိုင်း ဆွေးနွေးပြီး အမြန်ဆုံးငြိမ်းချမ်း သွားစေချင်တာပေါ့။ ဘုန်းဘုန်းတို့က နိုင်ငံရေးတွေလည်း မလုပ်ပါဘူး။
အခုလိုဖြစ်နေတဲ့ ပြဿနာရပ်ကို ဘယ်လိုမြင်လဲ ဆိုရင်တော့ ထူးထူးထွေထွေ ဘာမှ ပြောစရာမရှိပါဘူး။ သေသေချာချာသာ ဆွေးနွေး ညှိနှိုင်းလိုက်ရင် အဆင်ပြေသွားနိုင်မယ်လို့ ထင်ပါတယ်။ ကိစ္စရပ် တခုလို့ပဲ မြင်ပါတယ်။ အခု ဖြစ်နေတာတွေက လူမျိုးရေးလား၊ ဘာသာရေးလား ဆိုတာလည်း နားမလည်တော့ပါဘူး။ လူမျိုးရေးပဲ ဖြစ်ဖြစ် ဘာသာရေးပဲ ဖြစ်ဖြစ် မြန်မြန် ငြိမ်းချမ်းသွားတာကိုပဲ လိုလားပါတယ်။
ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုး ဆရာတော်)
နှစ်ဘက်စလုံး တရားရှိမှရမယ်။ ဗုဒ္ဓဘာသာတွေချည်း ပြောနေလို့ မရဘူး။ နှစ်ဘက်စလုံးက ဘာသာရေး ခေါင်ဆောင်တွေရဲ့ ဦးဆောင် လမ်းညွှန်မှုနဲ့ နှစ်ဘက်စလုံး ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည် တည်ဆောက်ကြမှ အေးငြိမ်းချမ်းသာတဲ့ လောကကို ပြန်လည်ရမယ်။ နှစ်ဘက်စလုံးက ဘာသာရေး ခေါင်းဆောင် တွေမှာလည်း တာဝန်ရှိတယ်လို့ မြင်တယ်။ နှစ်ဘက်စလုံးက ဘာသာရေး ခေါင်းဆောင်တွေ အားလုံး စည်းလုံး ညီညွတ်ပြီးတော့ မိမိတို့ရဲ့ ဘာသာနွယ်ဝင်တွေကို အားလုံးအသီးသီး ထိန်းသိမ်းကြမယ် ဆိုရင် တနည်းအားဖြင့် တရန်တော့ ငြိမ်းသွားမှာပေါ့။ နှစ်ဘက်စလုံး အမြင်ရှင်းဖို့လိုတယ်။ တဘက်နဲ့ တဘက် အပြန်အလှန် ညှိနှိုင်း ဆွေးနွေးကြဖို့လိုတယ်။ ဆွေးနွေးမှု မလုပ်ဘဲနဲ့ အခုလို လက်တုန့် ပြန်နေမယ် ဆိုရင် ပျက်စီးတဲ့လောကကြီးဆီ သွားမှာပေါ့။ ဒါက မြန်မာတနိုင်ငံလုံးရဲ့ အမျိုးသာရေး အဖြစ် အားလုံး ပါဝင်ဆောင်ရွက်ကြမှ သာလျှင် ငြိမ်းချမ်းတဲ့ လောကကြီးကို တည်ဆောက်လို့ ရမယ်လို့ မြင်တယ်။
သင်းအုပ်ဆရာ ဘုန်းတော်ကြီး ဆရာဦးလူအေး
သန်လျှင် မက်သဒစ် အသင်းတော်
လူသားအချင်းချင်း အပေါ်မှာ ဆက်ဆံရေး ကွာဟမှု ဖြစ်တာပေါ့။ လူတယောက်နဲ့ တယောက် အပေါ်မှာ ထားရမယ့် ကျင့်ဝတ်တွေ ပျက်တဲ့အတွက်ကြောင်မို့လို့ အခုလို အဖြစ်ပျက်တွေ အဲဒီမှာဖြစ်တယ်လို့ မြင်တယ်။ လူသားအချင်းချင်း ချစ်ရမယ်၊ လူမျိုးမတူသော်လည်း တယောက်နဲ့ တယောက်ဟာ ချစ်ချင်းမေတ္တာနဲ့ လူသားအချင်းချင်း စာနာစိတ် ရှိမယ်ဆိုရင် ကောင်းတဲ့ အရာတွေရမယ်။ ဘာသာရေးအရရော၊ လူမှုရေးအရပါ ဘာသာတရားမှာလည်း ဘာသာတရားကို လျစ်လျူရှူမိ ခဲ့တယ်၊ လူသားရဲ့ ကျင့်ဝတ်တွေကိုလည်း ဖောက်ပြန်တဲ့ သဘောမှာရှိတဲ့ အတွက်ကြောင့် ဒီနေ့ မဖြစ်သင့်တဲ့ ကိစ္စက ဖြစ်နေတာ။ အခုလည်းပဲ နောင်တ မရသေးဘူး၊ ဆက်ဖြစ်နေတယ်။ အမုန်းတရားတွေကို ဖယ်လိုက်မယ်၊ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ဖယ်လိုက်ပြီးတော့ ထားလိုက်မယ်ဆိုရင် နောက်ဆက်ပြီးတော့ ဒီကိစ္စတွေဟာ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဘူးပေါ့။
ရန်ငြိုး၊ မုန်းတီးမှု၊ လူမျိုးရေး ဒီအရာတွေဟာ ရောယှက်သွားတဲ့အခါမှာ ဒီနေ့ဒီလိုမျိုး ပြင်းထန်တဲ့၊ ထိန်းလို့သိမ်းလို့ မရတဲ့ အခြေအနေမျိုး ရောက်လာတယ်။ နိုင်ငံသားပဲဖြစ်ဖြစ်၊ ဧည့်နိုင်ငံသားပဲဖြစ်ဖြစ် တရားဥပဒေ စိုးမိုးရေးကို ခံယူမယ်ဆိုရင် ဖြစ်ပျက်ခဲ့သမျှ အရာ အားလုံးက တရားဥပဒေက စီရင်ပါစေ၊ တရားဥပဒေ ဘယ်လောက်ဘဲ စိုးမိုးပါစေ ဧည့် နိုင်ငံသာရော၊ နိုင်ငံသားရော တိုင်းပြည်ကို အုပ်ချုပ်တဲ့ တိုင်းပြည် အာဏာပိုင်တွေ အပေါ်မှာ ယုံကြည်မှုရှိဖို့လည်း လိုတယ်လို့ မြင်တယ်။
ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက
ဒုတိယ အကျော့ ဖြစ်လာတဲ့အပေါ်မှာ ပြောချင်တာပေါ့။ ဒုတိယအကြိမ် ပြန်ဖြစ်တာက အစိုးရပိုင်းက ကွပ်ကဲမှုတွေ၊ ပေါ့လျော့မှုတွေ၊ လျော့ရဲမှုတွေ အားနည်းမှုတွေပေါ့။ အစိုးရအပေါ်မှာပဲ သွားတည်မယ်။ ဖြစ်ဖို့မကောင်းတော့ ဘူးလေ။ အစိုးရက နေပြီးတော့ စုံစမ်းရေး ကော်မရှင်တွေဖွဲ့၊ ကုလသမဂ္ဂ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ သွား လည်ပတ်ခွင့်တွေ ပေးထားတယ်။ သွားကြည့်ဖို့ စီစဉ်ပေးတယ်။ ခွင့်ပြုပေးတယ် ဆိုကတည်းက အများကြီး အခြေအနေ ကောင်းလာတယ်လို့ သတ်မှတ်လို့ရတယ်။ အဲဒီကြားထဲက ပြန်ဖြစ်တယ်ဆိုတာ တခုခုတော့ မှားနေပြီလို့ ပြောရမယ်။ အစိုးရအနေနဲ့က လုံခြုံရေး ကိစ္စ တည်ငြိမ်ရေး ကိစ္စကိုတော့ ဂရုတစိုက် လုပ်သင့်တယ်လို့ ထင်တယ်။ အစိုးရက မစိုးရိမ်နဲ့ ကျုပ်တို့ လုပ်နေတယ်လို့ ပြောနေတာက တိုင်းပြည်ကို အိပ်ဆေးကျွေးနေသလိုပဲ။ အားလုံး သွားလာနိုင်တော့
အေးချမ်းပြီးလို့ ယူဆမှာပေါ့။ အခုပြန်ဖြစ်တာက မြုံနေတဲ့ အနာပြန်ဖြစ်တာပဲ။
မြုံနေတဲ့အနာကို သေသေချာချာ ဆေးကုသဖို့ ဆေးကုသနည်းမှန်ဖို့ လိုတယ်။ ပြန်ဖြစ်တာ မမှန်လို့။ ရခိုင်အရေးနဲ့ ပတ်သက်လာရင် အစိုးရက လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပိုလုပ်ပါ၊ စိတ်ကူးမယဉ်ပါနဲ့။ မဖုံးဖိပါနဲ့ မြင်သာထင်သာ ရှိအောင်လုပ်ပါ။ ဒါပဲ ပြောချင်တယ်။
ဦးဇိုဇမ်
ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ
ရခိုင်ပြည်နယ်ကိစ္စ အခြေခံကတော့ အစိုးရဟောင်းတွေရဲ့ အားနည်းချက်ပဲ။ အစိုးရတွေကနေ သေချာကို မကိုင်တွယ်ခဲ့ဘူး။ လဝကမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ စာရင်းဇယားတွေ လိမ်တယ်၊ မှတ်ပုံတင် လိမ်တယ်။ အဲဒါနဲ့ ပြဿနာ စဖြစ်ခဲ့တာပဲ။
ဒီဟာကို သင်ခန်းစာယူရမယ်။ လက်ရှိ အစိုးရအနေနဲ့ သင်ခန်းစာယူရမယ်။ မှတ်ပုံတင်ဌာနတွေမှာ စနစ်တကျ မလုပ်လို့ မရဘူး။ အခု တိုက်ခိုက်မှုတွေ ရပ်ဖို့ ပြောချင်တယ်။ လူသားအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရမှာပေါ့။ နေထိုင်ကြပါလို့ ပြောချင်တယ်။
ဦးသိန်းထွန်း
ဗဟိုအလုပ်အမှုဆောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ပါတယ်။ နှစ်ဘက်တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ တောင်းဆိုချင်တယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့
ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရပါမယ်။ အခုဖြစ်နေတာတွေက ကိုလိုနီခေတ်မှာ လယ်စိုက်တဲ့သူ တွေကို အိမ်နီးချင်း နိုင်ငံတွေက ခေါ်သွင်းလာတဲ့ အကျိုးဆက်တွေပါပဲ။ အခုဖြစ်တဲ့ ပြဿနာတွေ ထပ်ပြီး မဖြစ်ဖို့ဆိုရင် ခိုင်မာတဲ့ မူဝါဒ၊ ပေါ်လစီတွေချမှတ်ပြီး ခိုင်ခိုင်မာမာ လုပ်ဆောင်ဖို့လိုနေပါပြီ။
ကိုသားထွေး
အဆိုတော်၊ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့ အနုပညာတာဝန်ခံ
ကျနော့်အမြင် ပြောရရင်တော့ မှတ်ပုံတင်မရှိတဲ့သူတွေကို မထားနဲ့တော့၊ မှတ်ပုံတင် ရှိနေတဲ့ သူတွေကိုတော့ အခွင့်အရေးတရပ်ပေးပြီး သူတို့အတွက် နေစရာ ဖန်တီးပေးတာမျိုး လုပ်စေချင်တယ်။ အဲဒီလို လုပ်တဲ့ နေရာမှာလည်း တရားဥပဒေ လမ်းကြောင်းကနေ လာဘ်မယူကြေး၊ ပိုက်ဆံမယူကြေး တရားမျှမျှတတ လုပ်ပေးစေချင်ပါတယ်။ ရန်ဖြစ်နေတဲ့သူတွေကို နှစ်ဘက်စလုံး ရပ်ပါတော့လို့ ပြောချင်တယ်။ အမှန်တရားအတွက် ကိုယ့်မြေကို ကိုယ်ကာကွယ်တဲ့ အနေနဲ့ တိုက်နေတဲ့ သူတွေရှိသလို၊ ကျူးကျော်ပြီး တိုက်ခိုက်လာတဲ့ သူတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူမှ မရပ်ရင် နှစ်ဘက်စလုံး အရှုံးချည်းပဲ။ ရန်ဖြစ်တယ် ဆိုတာ နှစ်ဘက်စလုံး အရှုံးချည်းပဲ ဆိုတာကို သူတို့ ခေါင်းထဲ ရိုက်ထည့်ပေးစေချင်တယ်။
ရတနာမိုင်
အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်
လူသားအချင်းချင်း စာနာပြီးတော့ အားလုံးကို ငြိမ်းချမ်းစေချင်တယ်။ အချင်းချင်းတွေကိုတော့ ဒီလိုဖြစ်ရပ်တွေ ဆက်ဖြစ် မနေစေချင်ဘူး။ ဒီလောက်အထိလည်း မဖြစ်သင့်ဘူးလို့ မြင်မိပါတယ်။ သက်ဆိုင်ရာကိုလည်း ငြိမ်းချမ်းရေး ရဖို့အတွက် အမြန်ဆုံး ဆောင်ရွက်ပေးစေလိုပါတယ်။
ရဲတိုက်
ရုပ်ရှင်သရုပ်ဆောင်
တနိုင်ငံထဲမှာ အတူတူရှိနေကြတဲ့ သူတွေ အချင်းချင်းပဲလေ။ အားလုံးကို ငြိမ်းချမ်းစေချင်ပါတယ်။
ဒေါက်တာ စိုင်းဆမ်ထွန်း
လွယ်ဟိန်း ကုမ္ပဏီ ဥက္ကဋ္ဌ
စီးပွားရေးသမား တယောက် အနေနဲ့ကတော့ ရခိုင်ဒေသနဲ့ တိုက်ရိုက် ပက်သက်နေတယ်။ ဘာဖြစ်လိုလဲဆိုတော့ ကျနော်တို့အနေနဲ့ ရခိုင်ဒေသကို ရေဘူးတွေ၊ အအေးတွေ တင်ပို့ ရောင်းချနေရတာ အခုလိုဖြစ်တဲ့ အခါကျတော့ အရောင်းအဝယ်တွေ ထိခိုက်နစ်နာမှုတွေ များတယ်။ နိုင်ငံ အေးချမ်းသာယာတာပဲ မြင်ချင်ပါတယ်။
ဦးကိုကိုထွေး
တော်ဝင် မိသားစု ကုမ္ပဏီ ဥက္ကဋ္ဌ
ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို သေချာတော့ မသိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်တွေလည်း မရောက်ဖူးဘူး။ ဆူပူတာကတော့ တိုင်းပြည်အတွက် မကောင်းဘူးလေ။ ဆူပူတာကို ဘယ်လိုငြိမ်းအောင် လုပ်ရမလဲ။ ဆူပူတဲ့ ကိစ္စမှာ နောက်က ငြိမ်းချမ်းအောင် မလုပ်ပေးတာက တော်တော်ဆိုးတယ်။ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ ရခိုင်ပဲဖြစ်ဖြစ် ဥပဒေ
အတိုင်းပဲ နေထိုင် စေချင်တယ်။ အခုဆိုရင် သတ်မယ်ဖြတ်မယ် ဆိုတဲ့ နည်းတွေနဲ့ ရှင်းနေကြတာ ဒါတွေကို ပြန်ပြီး ငြိမ်းချမ်းစေချင် တယ်လို့ ပါးစပ်ကနေ ပြောနေလို့ မရဘူး။ စစ်အုပ်ချုပ်ရေးနဲ့ နည်းနည်း ထိန်းလိုက်ရင် ကောင်းသွားမယ်။
ဒေါက်တာ စိုးထွန်း
Farmer Auto Car Showroom စီမံခန့်ခွဲမှု ဒါရိုက်တာ
ကိုယ့်တိုင်းပြည်မှာ ငြိမ်းချမ်းမှ ကောင်းမှာ။ အစိုးရပိုင်း အနေနဲ့လည်း ထိထိရောက် လုပ်သင့်တယ်။ လုံခြုံရေး အပိုင်းမှာရောပဲ
ဖြစ်ပြီးမှ လုပ်တာ ဘာမှ အဆင်မပြေနိုင်ဘူး၊ ကြိုတင် ကာကွယ်ထားသင့်တယ်။ စီးပွားရေး အပိုင်းမှာဆိုရင်လည်း ပင်းတယက တော်တော်လေး ယိမ်းယိုင်နေပြီ။ အဲဒီဘက်က လယ်ယာတွေက ဘင်္ဂါလီတွေပဲ အများဆုံး လုပ်ကြတာ။ အရင်တုန်းက
ဆန်က ရခိုင်မှာ ပိုလှျှံတဲ့ သဘောရှိတယ်။ အခုက အဲဒီဘက်မှာ ဆန်ထွက်ဖို့ မပြောနဲ့ ဆန်တောင် မရှိတော့ဘူး။ ဒါတွေကို မဖြစ်အောင် ငြိမ်းချမ်းစေချင်တယ်။
ဒေါ်စောမြရာဇာလင်း
ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ
အခုလောလောဆယ်မှာတော့ခါ ပြဿနာကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်သေးတဲ့အချိန်မှာ အခုဖြစ်ပေါ်နေတဲ့ ဆူပူမှုကို အမြန်ဆုံး
ရပ်တန့်အောင် ကျွန်မတို့ ကြိုးပမ်းသင့်ပါတယ်။ ရပ်တန့်အောင် ကြိုးစားပြီးမှသာလျှင် အနာဂတ်မှာ ဘယ်လိုလုပ်ကိုင်ဖို့လဲ ဆိုတာကို တဆင့် စဉ်းစားဖို့ လိုအပ်ပါတယ်။ အခု တဖက်နဲ့တဖက် အပြန်အလှန်ဖြစ်ပေါ်နေတဲ့အချိန်မှာ ဆုံးဖြတ်ချက် တခုခုပေးရင် အမှားနဲ့ ကြုံနိုင်တယ်။ ဒါကြောင့် သက်ဆိုင်သူအားလုံးကို မေတ္တာရပ်ခံချင်တာက အခုလို အခြေအနေမျိုးမှာ ခုတ်ပွဲ၊ သတ်ပွဲ၊ မီးတိုက်ပွဲ စသည်အားဖြင့် ဖြစ်နေတာတွေကို စေတနာထားပြီး ပြည်သူအားလုံးက အမြော်အမြင်ကြီးကြီးနဲ့
ဆင်ခြင်ပြီး လက်ရှိအခြေအနေကို အမြန်ဆုံးငြိမ်းအောင် ထိန်းသိမ်းဖို့ စိတ်ထားတွေကို မွေးကြဖို့ ပြောချင်ပါတယ်။ ထို့အတူ
နိုင်ငံတော်ခေါင်းဆောင်တွေ၊ အစိုးရအပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ မြို့မိမြို့ဖတွေ အမြော်အမြင်ရှိတဲ့ ပြည်သူလူထုအားလုံးက နေပြီးတော့ ဒီဖြစ်ပေါ်နေတဲ့ ပြဿနာကို အမြန်ဆုံး ငြိမ်းချမ်းဖို့အတွက် ပြောသင့်ပြောထိုက်တဲ့ အရာဟူသမျှကို အစိုးရနဲ့ ပြောဆိုသွားသင့်တယ်လို့ မြင်ပါတယ်။
မကေသီ
ဘဝအလင်းရောင် ပရဟိတလုပ်ငန်း ပြောရေးဆိုခွင့်ရှိသူ
ရခိုင်ပြည်နယ် ပဋိပက္ခ ကိစ္စ ဘယ်လိုမြင်လဲ ဆိုတာကို ပြောရမယ်ဆိုရင် ဗုဓ္ဒဘာသာ တယောက်အနေနဲ့ ပြောရမယ် ဆိုရင်တော့ မြန်မာ ဓလေ့ထုံးစံအရ အရင်ကတည်းက ရခိုင်၊ ဘင်္ဂါလီ ပြဿနာတွေက ရှိနေတာပဲလေ။ ဒါပေမယ့် မြန်မာပြည်သူ ပြည်သားတွေ အနေနဲ့ လွှမ်းမိုးမှုတွေ အများကြီး ခံနေရတယ် ဆိုတာကတော့ အများပြည်သူ အသိပဲလေ။ ရခိုင်ဆိုတာလည်း တိုင်းရင်သား ပြည်သူပဲ။ တိုင်းရင်းသား လူမျိုး မဟုတ်တဲ့ သူတွေကို မြန်မာအစိုးရကနေ ရောက် မလာအောင် လုပ်ဖို့က အရေးကြီးပါတယ်။ မြန်မြန်ငြိမ်းချမ်း သွားစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ဘင်္ဂါလီ ဆိုတာလည်း လူသားပဲ၊ ရခိုင်ဆိုတာလဲ လူသားပဲ။ ဒါကြောင့် လူသားချင်း စာနာစိတ်ကလေးတွေ ရှိမယ်ဆိုရင်တော့ မြန်မြန် ငြိမ်းချမ်းပြီး ပိုကောင်းမယ်လို့ ထင်ပါတယ်။
မောင်လာနာဦးမြင့်လွင်
အစ္စလမ် ဓမ္မသတ်ခုံရုံး အဖွဲ့ဝင်၊
ကော့ကရိတ်မြို့နယ် ဃာဇီ အောင့်မေ့ဖွယ် အာရဗီကျောင်း ကျောင်းအုပ်ဆရာ
အခု ရခိုင်ပြည်နယ် အရေးက အစ္စလမ်ဘာသာ ကိုးကွယ်ယုံကြည်မှုကို အကြောင်းပြုပြီး မွတ်စလင်တွေကို ဒုက္ခပေး နေတယ်လို့ မြင်တယ်။ လူမဆန်တဲ့ နှိပ်စက်မှုနဲ့ အကြမ်းဖက် ခံရတဲ့ မွတ်စလင် သတင်းတွေ မပြတ်ကြားနေရတယ်။ မွတ်စလင်တွေကို မုန်းတီးရေး စိတ်ဓာတ် လှုံ့ဆော်ပေးနေတဲ့ ဂျာနယ်တွေ၊ ပစ်စာတွေ လူတွေကြားထဲမှာ ပြန့်နှံ့နေတာတွေကို ကြည့်ရင် ဘာသာတခုနဲ့တခု အထင်အမြင် လွဲမှားအောင်၊ အထူးသဖြင့် မွတ်စလင်တွေကို မုန်းတီးရေး၊ အဓိကရုဏ်းတွေ ဖြစ်အောင် ဖန်တီးနေတာတွေကို ကြည့်ရင် ဘာသာရေးကို အကြောင်းပြုပြီး ပြဿနာ ကျယ်ပြန့်ကြီးမားအောင်
မသမာသူ တစုက ကြိုးစား အားထုတ်နေတယ်လို့ မြင်ပါတယ်။
ဦးမြတ်ကျော်
သွေးမေတ္တာပရဟိတအသင်း
ကချင် ငြိမ်းချမ်းရေးကတော့ ကိုယ့်တိုင်းရင်းသား အချင်းချင်း ဖြစ်တာဆိုတော့ အပစ်အခတ် ရပ်စဲရေးဆိုတာနဲ့ လုပ်လို့ရတယ်။ အခု ပဋိပက္ခမှာကျတော့ ဘာသာရေး၊ လူမှုရေးဖြစ်နေတယ်။ နိုင်ငံသား မဟုတ်တဲ့သူတွေက နိုင်ငံတွင်းမှာ နိုင်ငံသား တယောက်လို ပြောင်းချင်နေတာ။ ဒါတွေကို ဒီအတိုင်း ကိုင်တွယ် ဖြေရှင်းနေလို့တော့ ရမှာမဟုတ်ဘူး။ ဒီလိုဆိုရင် တသက်လုံး ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး။