နိုင်ငံတော်ပုန်ကန်မှုဖြင့် ၁၉၉၈ ခုနှစ်တွင် သေဒဏ် စီရင်ချက် ချမှတ်ခံခဲ့ရသော ကိုလကျ်ာထွန်း သာယာဝတီထောင်မှ ယနေ့ ပြန်လည် လွတ်မြောက်လာသည်။ နိုင်ငံရေးသမားတို့ကို ထောင်မှ လွှတ်ပေးရန် တောင်းဆိုမှုများ ပြည်တွင်းပြည်ပတွင် ပေါ်ပေါက်ခဲ့ပြီး ယနေ့ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်သို့ လာရောက်သည့်နေ့တွင် သူနှင့် နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးခြင်း ဖြစ်သည်။ မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အစိုးရက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာသင့်ကြောင်း သူက ပြောလိုက်သည်။ ဧရာဝတီသတင်းထောက် စနေလင်းက ကိုလကျ်ာထွန်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ မင်္ဂလာပါ ကိုလကျ်ာထွန်း။ လွတ်မြောက် လာတဲ့အတွက် စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲခင်ဗျ။
ဖြေ။ ။ ဘယ်လိုခံစားရလဲ ဆိုတော့ဗျာ … အခုလွှတ်လိုက်တဲ့ဟာက နဲနဲ ညီမျှမှု မရှိဘူး ဖြစ်နေတယ်။ လွတ်တဲ့သူတွေ လွတ်လာတယ်။ ကျန်ခဲ့တဲ့သူတွေလည်း ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့သူတွေ တော်တော် စိတ်မကောင်းဘူး။ ကျနော်ကတော့ လွတ်လာပြီပေါ့။ ဘဝကို ဆက်ရင်ဆိုင်ရမှာပေါ့။ စိတ်ကို ဖွင့်ထားပါတယ်။
ဒီအချိန်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တကယ် အားရပါးရ လုပ်စေချင်တယ်။ ပွင့်ပွင့်လင်းလင်းပေါ့ဗျာ။ အန်တီစုနဲ့ ဦးသိန်းစိန်တို့က အသက် ၆၀ ကျော်တွေ။ အသက် ၇၀ နား နီးပါးတွေ။ သူတို့ရှိနေတုန်းမှာ ရင်ကြားစေ့နိုင်ဖို့ လိုတယ်။ သူတို့ ဘယ်လောက်နေနိုင်မလဲ ဆိုတာ ပြောလို့ မရဘူးလေ။ နောက်ထပ် ၄၊ ၅၊ ၁၀ နှစ်လောက်အတွင်းမှာ အချိန်တို စီမံကိန်းလေးတခု လိုတယ်။ အဲဒီမှာ ဒီမိုကရေစီ အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို မဖြစ်မနေ ဖြတ်သန်းရမှာပဲ။ တချို့ဟာတွေမှာ တော်တော်လေးလုပ်ဖို့ လိုတယ်။ ကျနော့်အမှုဆိုရင် ကျနော် ဘာမှ မလုပ်ဘဲနဲ့ သေဒဏ်ကျတာ။ အသိအမှတ်ပြုမယ် ဆိုရင် ကျနော်တို့က ရှေ့ဆက် သွားလို့ရပါပြီ။ အခုချိန်အထိ ဒီလိုမျိုး ကိစ္စတွေအတွက် ကျနော်တို့ဆီမှာ ဘာမှ မရှိသေးဘူး။
မေး။ ။ အဲဒီ်လိုမျိုးကိစ္စတွေအကြောင်း နည်းနည်း ထပ်ပြောပြပါဦး။
ဖြေ။ ။ ကျနော်တို့ သာယာဝတီထောင်မှာဆိုရင် နှစ်ကြီးသမားတွေ များတယ်။ ထောင်ထဲမှာ နှစ် ၂၀ တို့၊ ၁၅ ၊ ၁၆ နှစ်တို့၊ အနည်းဆုံး ၅ နှစ်တို့ပေါ့နော်။ ပြစ်ဒဏ်ကြီးတွေကလည်း တကယ့် ခင်ဗျားတို့ တကယ် နားလည်နိုင်မှာမဟုတ်ဘူး၊ ထောင်တသက် လွှတ်ရန်မရှိတို့၊ သေတဲ့အထိ ထောင်ထဲမှာ နေနေရမယ်တို့လိုပေါ့။ ဒီလိုမျိုးပြစ်ဒဏ်ကြီးတွေနဲ့ ကျနော်တို့နိုင်ငံသားတွေ ထောင်ထဲမှာ အများကြီး ရှိတယ်။ ထားပါဗျာ။ ဒါတွေက ရာဇဝတ်မှုတွေလို့ပဲ ထားပါတော့။ ရာဇဝတ်မှုတို့၊ ဒီနေ့မတိုင်ခင် နိုင်ငံရေးပြစ်မှုတွေ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးတယ်လို့ ကြေညာတယ်ပေါ့။ အခုချိန်ထိပေါ့ဗျာ၊ နိုင်ငံရေးအမှုတွေဟာ ရှိတယ် ဆိုတာကို အခုချိန်ထိ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရဘက်က ပြောတာ ကျနော် မကြားမိသေးဘူး။
မေး။ ။ နိုင်ငံရေးလှုပ်ရှားမှုမှာ ဘယ်လို ဆက်လက် ပါဝင်သွားဖို့ စိတ်ကူးထားပါသလဲ။
ဖြေ။ ။ အခုလောလောဆယ်ကတော့ ကျနော့်မှာ အမေအိုကြီးရှိတယ်။ အမေ့ဆီကို သွားမယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေး ဘဝတခုတော့ ကျနော့်ဆီမှာ ရသွားပြီပေါ့ဗျာ။ ဒီနိုင်ငံရေးဘဝနဲ့ မိသားစုဘဝကို ညီမျှအောင်တော့ ကျနော် လုပ်ရမှာပေါ့။ ပြီးသွားရင် တကယ် အလယ်အလတ်လမ်းစဉ်ရှိတဲ့သူ၊ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တဲ့သူ ဘယ်သူနဲ့မဆို ကျနော်တို့ တိုင်းပြည် ထနိုင်ဖို့အတွက်ကို အလုပ် လုပ်ဖို့ကျနော့်စိတ်ကို ဖွင့်ထားပါတယ်။
မေး။ ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အတူတူ လက်တွဲဖို့ အစီအစဉ် ရှိပါသလားခင်ဗျ။
ဖြေ။ ။ လောလောဆယ်တော့ ကျနော် ဘာမှ မပြောနိုင်သေးပါဘူး။ ၈၈ က လုပ်နေတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဘာတို့ဆိုတာ အခုမှ ကျနော် တွေ့တာ။ (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်တဲ့) ကိုဌေးကြွယ်က ဥက္ကံမှာလား မသိဘူး – ပြည်သူတွေကို မကြောက်ဖို့၊ သတ္တိရှိဖို့၊ ပွင့်ပွင့်လင်းလင်း ပြောဖို့၊ အာဏာပိုင်တွေက မတရားလုပ်တာကို မခံဖို့ ပြောနေတာ ခုနကမှ ကျနော် ကြားတာ၊ ဒါ ကောင်းပါတယ်။ ဒီလိုဟာမျိုးတွေ နိုင်ငံတကာမှာလည်း ရှိတယ်ဗျာ။ ကျနော်တို့ဆီမှာလည်း ဒီလိုမျိုး ရှိဖို့ လိုပါတယ်။
မေး။ ။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထောင်ထဲမှာ ရှိနေတုန်း ဘယ်လိုမျိုး ကြားသိခဲ့ရပါသလဲ။
ဖြေ။ ။ ဘယ်လိုကြားသလဲဆိုတော့ ပြောင်းလဲမှုတခုတော့ ဖြစ်နေပြီပေါ့ဗျာ။ တဖက်ကနေပြီး ပြောင်းလဲမှုကို သေသေ ချာချာ ထိန်းချုပ်ပြီး ပြောင်းလဲနေတာပေါ့ဗျာ။ ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ တချို့တွေကတော့ နောက်ပြန်သွားမှာ စိုးရိမ်တယ် ဆိုတဲ့ သဘောတော့ ပြောတာပေါ့လေ။ မပြောင်းလဲနိုင်ဘူး ဆိုရင် ဖြစ်လာတဲ့ အနာဂတ်ကို ကျနော်တို့ အားလုံး ဝေမျှ ခံစားရမှာပါ၊ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ဗျာ၊ သူတို့လဲခံစားရမှာပဲ၊ ကျနော်တို့လည်း ခံစားရမှာပဲ၊ ပတ်ဝန်းကျင်လည်း ခံစားရမှာပဲ။
မေး။ ။ ကိုလကျ်ာထွန်း ထောင်ကနေ ထွက်လာတဲ့နေ့မှာပဲ အမေရိကန် သမ္မတ အိုဘားမား ရန်ကုန် ရောက်လာတယ်။ ဒေါ်အောင်ဆန်း စုကြည် နဲ့ ဦးသိန်းစိန်တို့လည်း သူ့ကို သီးခြားစီ တွေ့ဆုံခဲ့ကြတယ်။ ဒီခရီးစဉ်ကို ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အမေရိကန် သမ္မတ အိုဘားမားမြန်မာပြည်ကို လာတယ် ဆိုတဲ့ဟာမှာ အမျိုးမျိုးတော့ ပြောကြတာပဲ၊ တရုတ်ပြည် နဲ့ ပါဝါချိန်ဖို့ လာတယ်၊ ဘယ်လိုပဲပြောပြော ကျနော်တို့ ကြိုဆိုပါတယ်။ အဓိကက ကျနော်တို့ဆီမှာ အရပ်သားအစိုးရ နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိတယ်၊ ပြောင်းလဲဖို့ သူတို့ကြိုးစားနေတယ်။ အဲဒါကို လာအားပေးတယ် လို့ ကျနော်မြင်တယ်။ တချို့ဟာတွေ လုပ်ချင်တာလုပ်လို့မရဘူး ဆိုတာ တွေ့နေတာပဲ။ ဥပမာလေး ပြောပြမယ် – ကျွန် တော်တို့တိုင်းပြည်က ဘယ်လိုမျိုးလေးဖြစ်နေတာလဲ ဆိုတော့ ဆယ့်နှစ်ရာသီခွင်ထဲက ငါးအမြီးနဲ့ဆိတ်ကိုယ် ရှိတဲ့ ရာသီခွင် အကောင်လိုပေါ့၊ ငါးတပိုင်း၊ ဆိတ်တပိုင်းလေ။ သူက ရေထဲလည်း သွားလို့မရဘူး၊ ကုန်းပေါ်လည်း တက်သွားလို့ မရဘူး။ မတူညီတဲ့ ခန္ဓာကိုယ်ကြီးနှစ်ခုကို ပေါင်းထားတယ်။ အလုပ် လုပ်လို့ မရဘူး။ ရှင်းလင်းမှု မဖြစ်ဘူးလို့ ကျနော်မြင်တယ်။
မေး။ ။ ကိုလကျ်ာထွန်းတို့ကို ထောင်ကနေ လွှတ်ပေးလိုက်တာက အိုဘားမားခရီးစဉ်ကြောင့်လို့ရော ယူဆသလား။
ဖြေ။ ။ ကျနော် ဒီနေရာကနေတောင်မှ သမ္မတကြီး အိုဘားမားကို စကား နည်းနည်း ပြောချင်သေးတယ်၊ ကျေးဇူးတင်တယ်ပေါ့ဗျာ။ သမ္မတ အိုဘားမားက ကျနော်တို့ မြန်မာနိုင်ငံထောင်ထဲက (နိုင်ငံရေး) အကျဉ်းသားတွေ လွတ်မြောက်ဖို့ ကြိုးစားနေတယ် ဆိုတဲ့ဟာတွေ ထောင်ထဲမှာ အများကြီး ကြားပါတယ်။
မေး။ ။ ထောင်ထဲမှာကျန်နေသေးတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အတွက်ရော ဘာများ ပြောချင်ပါသေးသလဲခင်ဗျ။
ဖြေ။ ။ အခုထောင်ထဲမှာ ယောကျာ်လေး ၁၄ ယောက်နဲ့ မိန်းကလေး ၂ ယောက် ကျန်နေပါသေးတယ်။ ကျနော် လွတ်လာတဲ့ အချိန်မှာ မျက်နှာတွေလည်း မကောင်းကြဘူး။ ကျောသားရင်သား မခွဲခြားဘဲ မျှမျှတတ ခံစားစေချင်တယ်။ ။