အမေရိကန်နိုင်ငံရောက် အသက် ၂၂ နှစ်အရွယ် ချင်းတိုင်းရင်းသူ Milla Hniang (မီလာ နျမ်း) ကို အမေရိကန် တေးထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Tate Music Group က စာချုပ်ချုပ်ဆိုပြီး ဒီလ ၈ ရက်နေ့က Milla Hniang အမည်နဲ့ သူ့ရဲ့ ပထမဆုံး တေးအယ်လ်ဘမ် ထွက်ရှိလာပါတယ်။ သီချင်းဆိုကောင်းတဲ့ Milla Hniang ရဲ့ နာမည်အပြည့်အစုံက Milla Dawt Hniang ဖြစ်ပါတယ်။ သူ့ရဲ့ သာယာတဲ့ အသံကြောင့် တေးထုတ်လုပ်ရေး ကုမ္ပဏီက ရွေးချယ်ခဲ့တာဖြစ်ကြောင်းနဲ့ အခုထွက်ရှိခဲ့တဲ့ တေးအယ်လ်ဘမ်ရဲ့ သီချင်းတွေအားလုံးဟာ သူကိုယ်တိုင် ရေးတဲ့သီချင်းတွေဖြစ်တယ်လို့ သိရပါတယ်။
ငယ်စဉ်ကတည်းက ပိုလီယိုရောဂါကြောင့် ချိုင်းထောက်ကို အသုံးပြုလှုပ်ရှားနေရတဲ့ Milla Hniang က မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းသူတွေရဲ့ ရှေ့ဆောင်လမ်းပြတဦး ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ တေးသီချင်းတွေကို ကိုယ်တိုင်ရေးစပ်သီကုံးပြီး ပိုင်ပိုင်နိုင်နိုင် သီဆိုနေတဲ့ Milla Hniang ရဲ့ ဖြတ်သန်းခဲ့တဲ့ ပုံရိပ်တချို့နဲ့ ရှေ့ဆက်မယ့် အခြေအနေတွေကို ဧရာဝတီ သတင်းထောက် ကျော်ခက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ပထမဆုံးအနေနဲ့ စာဖတ်ပရိသတ်တွေကို မီလာရဲ့ လက်ရှိ နေထိုင်တဲ့ နေရာနဲ့ မွေးရပ်ဇာတိလေးကို မိတ်ဆက် ပေးပါလား။
ဖြေ ။ ။ မီလာက ချင်းပြည်နယ်၊ ဟားခါးဇာတိပါ။ ၄ နှစ်အရွယ်လောက်မှာ ရန်ကုန်ကို ပြောင်းသွားပြီးတော့ ၂၀၀၀ ခုနှစ်မှာ အဖေကခေါ်တာနဲ့ အမေရိကားကို မိသားစုလိုက် ပြောင်းလာတာပါ။
မေး ။ ။ လက်ရှိ မီလာရဲ့ အနုပညာလှုပ်ရှားမှု အခြေအနေကို ပြောပြပေးပါ။
ဖြေ ။ ။ ဒီနှစ် ဇန်နဝါရီ ၈ ရက်နေ့က မီလာရဲ့ အယ်လ်ဘမ်ထွက်ပါတယ်၊ သီချင်းတွေအားလုံးက မီလာ ကိုယ်တိုင် ရေးထားတဲ့ သီချင်းတွေပါပဲ၊ သီချင်းတွေက Country / Acoustic အဲလို အမျိုးအစားတွေပါ။ အယ်လ်ဘမ် ခေါင်းစဉ်ကို ကိုယ့်ရဲ့ နာမည် Milla Hniang နာမည်နဲ့ပဲ ထွက်တာ။ ဒီမှာက ပထမဆုံး စီးရီးဆိုတော့ ကိုယ့်ရဲ့နာမည်တွေနဲ့ပဲ လုပ်တာ။ အဲဒါက Promotion အတွက် အရမ်းကောင်းတာလေ။
မေး ။ ။ ဒီလိုအယ်လ်ဘမ် ထွက်ဖို့ အနေအထားအထိ ဖြစ်လာပုံ အခြေအနေကို ပြောပြပါ။
ဖြေ ။ ။ မီလာက သီချင်းဆိုတာ အရမ်းဝါသနာပါလို့ ကိုယ့်ဖာသာရေးတဲ့ သီချင်းတွေကို Youtube ပြီးတော့ Social network တွေထဲမှာ ထည့်ပြီးတော့ အများနားထောင်ဖို့ ထည့်ပေးထားတာ။ အဲဒါကို တေးထုတ်လုပ်တဲ့ ကုမ္ပဏီကနေ ဖုန်းခေါ်လာပြီး သူတို့နဲ့ ဆက်သွယ်ဖြစ်ခဲ့တာပါ။
မေး ။ ။ တေးစီးရီးကုမ္ပဏီက အယ်လ်ဘမ်ထုတ်ဖို့ ကိုယ့်ကို ရွေးချယ်လိုက်တဲ့ အချိန်မှာ ခံစားမိတာက ဘာဖြစ်မလဲ။
ဖြေ ။ ။ မီလာ အရမ်းပျော်သွားတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံတောင်မှ မယုံဘူးဖြစ်သွားတယ်။ သူတို့က တကယ့် တေးထုတ်လုပ်ရေး ကုမ္ပဏီဆိုတော့ အရမ်းပျော်ပါတယ်။ ဒီလိုအခြေအနေမျိုး ရောက်မယ်လို့ မမျှော်လင့်ခဲ့ဘူးလေ။
မေး ။ ။ အမေရိကန်မှာက သီချင်းအယ်ဘမ်တခုထွက်ဖို့ ခက်ခဲလား။
ဖြေ ။ ။ အရမ်းခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက မီလာထက် တော်တဲ့လူတွေက အများကြီးပဲလေ။ အခုလို အယ်လ်ဘမ် တခုထွက်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲပါတယ်။ အောင်မြင်မှုရဖို့ ဆိုတာလည်း အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် မီလာ ကြိုးစားမှာပါ။
မေး ။ ။ မီလာ အနေနဲ့ ဒီလိုအခြေအနေမျိုးကို ရောက်ဖို့ ကြိုးစားရတဲ့အခါမှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာမျိုး ရှိခဲ့လဲ။ ရှိခဲ့ရင် အဲဒါတွေ ဖြတ်ကျော်နိုင်ဖို့ အဓိက တွန်းအားတွေက ဘာတွေလဲဆိုတာ ပြောပြပါလား။
ဖြေ ။ ။ ဒီ အမေရိကန်မှာဆိုတော့ အရမ်းခက်ပါတယ်၊ ဒီမှာက သီချင်းဆိုတတ်ရုံနဲ့ မပြီးဘူး။ Music ကိုလည်း သိဖို့လိုတယ်၊ တီးတတ် ဖို့လည်းလိုတယ်၊ ရေးတတ်ဖို့လည်း လိုတယ်ဆိုတော့၊ မီလာက ငယ်ငယ်ကတည်းက ဝါသနာပါလို့ ကြိုးစားလာတာ ဖြစ်ပေမယ့် ဒီမှာ အရမ်းခက်ပါတယ်။ ဒါပေမယ့် မီလာက ကိုယ့်ကိုယ်ကို စိတ်ဓာတ်မကျအောင် အားတင်းပြီး ကြိုးစားတယ်။
မေး ။ ။ ပိုလီယိုရောဂါ ခံစားခဲ့ဖူးတယ်လို့ သိရတယ်။ အဲဒီအခြေအနေကို နည်းနည်းရှင်းပြပေးပါလား။
ဖြေ ။ ။ ရပါတယ်။ ငယ်ငယ်က တနှစ်မပြည့်သေးတဲ့ အရွယ်မှာပဲ မီလာက ဟားခါးမှာ အဲဒီ ပိုလီယိုရောဂါ ဖြစ်တယ်လေ။ အဲဒီကတည်းက လမ်းမလျှောက်နိုင်ဘူး။
မေး ။ ။ အခု လှုပ်ရှားသွားလာနေတော့ရော ဘယ်လို သွားလာနေလဲ။
ဖြေ ။ ။ အမေရိကန်မှာတော့ တော်တော်လေးကို အဆင်ပြေပါတယ်။ ချိုင်းထောက်နဲ့ လမ်းလျှောက်တယ်။ ဒီမှာက သူများတွေက မီလာကို အမြဲတမ်း ဦးစားပေးပါတယ်။
မေး ။ ။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘဝမှာ ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေမျိုး ကြုံဘူးလား။
ဖြေ ။ ။ ရှိတယ်။ (ရန်ကုန်မြို့) မြောက်ဒဂုံမှာ ၂ တန်းအထိ နေခဲ့ဖူးတယ်၊ ကျန်းမာရေးကြောင့် မြန်မာပြည်မှာ သူငယ်ချင်းတွေ ဘာတွေနဲ့ ကျောင်းတက်ခွင့် မရခဲ့ဘူး။ ကိုယ့်ကိုယ်ကို အရမ်း အားငယ်ခဲ့တယ်။ ဆရာမတွေ ခေါ်ပြီးတော့ အိမ်မှာပဲ တက်ခဲ့ရတယ်။ စာမေးပွဲဖြေမှ ကျောင်းကို သွားဖြေရတယ်။ အမြဲတမ်း ပထမဆု ရခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့က မီလာကို ကျောင်းမတက်လို့ဆိုပြီး ဒုတိယပဲ ပေးတယ်။ ဒီ US မှာကြတော့ မီလာလိုလူမျိုးကို အမြဲတမ်း ပထမ ဦးစားပေးပါတယ်။
မေး ။ ။ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရှေ့ဆက် ဘာတွေဆက်လုပ်ဖို့ရှိလဲ။
ဖြေ ။ ။ မီလာက ဒီအယ်လ်ဘမ် ထွက်ပြီးနောက်ပိုင်းမှာ အများကြီး ကြိုးစားဖို့လိုသေးတယ်။ မြန်မာပြည်ကို ပြန်လာပြီးတော့လည်း လုပ်ချင်တာတွေ ရှိသေးတယ်။ လုပ်စရာတွေကတော့ အများကြီးပါ။
မေး ။ ။ အခုလို အဆိုတော်တယောက်ဖြစ်လာမယ့် လမ်းကြောင်းကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲ။
ဖြေ ။ ။ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာကတော့ မီလာက ငယ်ငယ်ကတည်းက ဝါသနာပါလို့ပါ။
မေး ။ ။ နှလုံးသားရေးရာကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ရည်ရွယ်ထားတဲ့လူ ရှိနေပြီလား။
ဖြေ ။ ။ အခု လောလောဆယ်တော့ မရှိသေးပါဘူး၊ ဒါပေမယ့် မီလာရေးတဲ့ သီချင်းတွေကတော့ အချစ်အကြောင်းတွေ ပါပဲ။
မေး ။ ။ မြန်မာသီချင်းတွေ နားထောင်ဖြစ်လား။ မြန်မာ အဆိုတော်တွေထဲမှာရော မီလာကြိုက်တဲ့ အဆိုတော်တွေ၊ Music အဖွဲ့တွေ ရှိလား။
ဖြေ ။ ။ ငယ်ငယ်တုန်းကတော့ လေးလေးဝါး၊ ကဗျာဘွဲ့မှူး၊ အေးချမ်းမေ၊ ပြီးတော့ Irron Cross တို့ကိုတော့ အမြဲတမ်း နားထောင်ခဲ့ဖူးတယ်။ အခုနောက်ပိုင်းတော့ အများကြီး နားမထောင်ဖြစ်တော့ဘူး။ Irron Cross နဲ့ ဆုန်သင်းပါရ် တို့လောက်ပဲ နားထောင်ဖြစ်တယ်။ Music ကိုတော့ Irron Cross ကြိုက်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံရဲ့ အခုနောက်ပိုင်း ဂီတလောကမှာ အဆိုတော်တွေ တော်တော်များများ ပေါ်လာပေမယ့် ကိုယ်တိုင် ဖန်တီးမှုတွေနည်းပြီး ကော်ပီ သီချင်းတွေ များနေတဲ့အပေါ် မီလာက ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကိုယ်ကိုယ်တိုင် သီချင်းရေးပြီး ဆိုတာ ပိုကောင်းတယ်လို့ မီလာကတော့ ထင်ပါတယ်။ မီလာကိုယ်တိုင်ကလည်း အဲလိုမျိုး ဝါသနာပါတယ်၊ သူများ သီချင်း ကော်ပီကတော့ ကိုယ့်ရဲ့ မူရင်းခံစားမှု မရှိတော့ဘူးလေ။ မီလာကတော့ ကိုယ့်ရဲ့ မူရင်းခံစားချက်၊ ကိုယ့်ရဲ့ စတိုင်လ်နဲ့ ဖြစ်ဖို့ အရမ်းအရေးကြီးတယ်လို့ ထင်တယ်။
မေး ။ ။ အောင်မြင်တဲ့ အဆိုတော်တယောက်ဖြစ်ဖို့ အဓိကသော့ချက်က ဘာဖြစ်မယ်လို့ ယုံကြည်ထားလဲ။
ဖြေ ။ ။ ကိုယ့်ရဲ့ မူရင်းဖန်တီးမှုတွေကို အားထုတ်ပြီး ကြိုးစားလုပ်ဆောင်ဖို့ လို့ထင်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံကို ပြန်လာဖို့ အစီအစဉ်ရှိတယ်ဆိုတော့ ဘယ်တော့လောက်ဖြစ်မလဲ။ သီချင်းဆိုဖို့ အတွက်လား။
ဖြေ ။ ။ ရှိပါတယ်၊ ဒီနှစ်မဖြစ်လို့ရှိရင် နောက်နှစ်လောက် ဖြစ်မယ်ထင်တယ်။ မီလာက အရမ်းပြန်ချင်တယ်။ ကြိုးစားတော့မယ်။ သီချင်းဆိုနိုင်ဖို့ အတွက်ကိုလည်း ကြိုးစားနေတုန်းပါပဲ။ အရမ်းပြန်ချင်တယ်။
နောက်တခုက မီလာက တကယ့်အဆိုတော်ကြီး မဖြစ်သေးဘူး၊ ဒီအချိန်မှာ မမျှော်လင့်ဘဲ ကိုယ့်မြန်မာနိုင်ငံသားတွေက မီလာကို ဝိုင်းပြီး အားပေးကြတယ်။ မီလာ အရမ်းပျော်တယ်။ ကျေးဇူးလည်း တင်တယ်။ မြန်မာစကား ပီပီသသ မပြောတတ်တာကိုတော့ နားလည်ပေးကြစေချင်ပါတယ်။
မေး ။ ။ မီလာ မြန်မာပြည်ကို လွမ်းတဲ့ စိတ်တွေဖြစ်ဖူးလား။
ဖြေ ။ ။ မြန်မာပြည်ကိုတော့ အရမ်းလွမ်းတယ်၊ ပြန်ချင်တယ်။ အိမ်ကိုတော့ ကောင်းကောင်း မမှတ်မိပါဘူး။ မီလာက ဆေးရုံတွေမှာပဲ အနေများခဲ့တော့ မှတ်မိတာက ရန်ကုန်က ဆေးရုံတွေပါပဲ။ ချင်းပြည်နယ်ကတော့ ငယ်ငယ်လေး ကတည်းက ထွက်လာတာ ဆိုတော့ ဘာမှ မမှတ်မိတော့ဘူး။
မေး ။ ။ မြန်မာနိုင်ငံမှာ မသန်စွမ်း ဖြစ်နေတဲ့လူတွေ တော်တော်များများရှိပါတယ်။ သူတို့တွေအတွက် မီလာပြောချင်တဲ့ စကားရှိလား။
ဖြေ ။ ။ ရှိပါတယ်၊ သူတို့ကို အားမငယ်ရအောင်၊ မျှော်လင့်ချက်တွေရှိအောင် သူတို့အတွက် လမ်းပြနိုင်တဲ့ လူတယောက် ဖြစ်ချင်တယ်။ မီလာက သူတို့အတွက် လမ်းပြပေးချင်တယ်၊ သူတို့ကိုလည်း ဘယ်အရာပဲဖြစ်ဖြစ် ယုံကြည်ချက်နဲ့ ကြိုးစားမှုက အဓိကဆိုတာ ပြောပြချင်တယ်။