၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံစာချုပ် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာကို အလေးအမြတ် ပြုပြီး ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်လာခဲ့တာ ယခုဆိုရင် ၆၆ နှစ်တိုင်ခဲ့ပါပြီ။ နိုင်ငံပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ ယခုနှစ် ကျရောက်တဲ့ ပြည်ထောင်စုနေ့နဲ့ ပတ်သက်ပြီး နယ်ပယ် အသီးသီးက ဆက်သွယ်မေးမြန်းလို့ရသမျှ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကိုယ်စားပြုသူများရဲ့ အမြင်ကို ဧရာဝတီသတင်းထောက် လင်းသန့်က စုစည်းထားပါတယ်။
ဒေါက်တာ တူးဂျာ
(တသီးပုဂ္ဂလ ကချင်နိုင်ငံရေးသမား)
“ပြည်ထောင်စု စစ်စစ် မတည်ဆောက်နိုင်သေးတဲ့ အချိန်ကာလတွေမှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် လုပ်ပေမယ့် သူ့ရဲ့ အနှစ်သာရ အပြည့်အဝကို ပြည်သူတွေအနေနဲ့ မခံစားရဘူး။ ပြည်တွင်းစစ် ယမ်းငွေ့အနံ့တွေက ထောင်းထောင်းထ ပျံ့လွင့်နေတဲ့ အချိန်ကာလမှာ မြို့ပေါ်က လူတွေလောက်ပဲ ပြည်ထောင်စုနေ့ ကျင်းပတဲ့ နေရာတွေကို တက်နိုင်ပြီး ပါဝင်ဆင်နွှဲနိုင်တာ။ စစ်ဖြစ်ပွားနေတဲ့ တောဒေသတွေက လူတွေက ပြည်ထောင်စုနေ့တောင် ပါဝင်ဆင်နွှဲခွင့် မရဘူး။ ဒါကြောင့်မို့ ပြည်ထောင်စု စစ်စစ် မတည်ဆောက်နိုင်သေးတဲ့ ယနေ့အထိ ပြည်ထောင်စုနေ့ ကျင်းပပေမယ့် အနှစ်သာရ မရှိဘူး။ ပြည်သူလူထု အနေနဲ့လည်း လွတ်လွတ်လပ်လပ် ပါဝင်ခွင့် မရှိသေးဘူး။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ အခန်းကဏ္ဍ တည်တည်ငြိမ်ငြိမ် ဖြစ်သွားပြီဆိုရင်တော့ ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်လို့ ရလာမယ်။ အဲဒီအချိန်ကျမှ ပြည်ထောင်စုနေ့ ကျင်းပတဲ့အခါမှာလည်း ပြည်သူပြည်သားအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အနှစ်သာရရှိရှိ ဆင်နွှဲနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ အခု ကြိုးပမ်းနေကြတာက ပြည်တွင်းစစ်ကို ရပ်စဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေကြတာ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အစိုးရ ကိုယ်စားလှယ်တွေ အဓိပ္ပာယ် ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြေပြေလည်လည် ဖြစ်သွားပြီဆိုရင် သဘောတူညီချက်တခုကို ရကြပြီဆိုရင် ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်နိုင်စရာ ရှိတယ်။ ပြည်ထောင်စုစစ်စစ်ကို မတည်ဆောက်နိုင်သေးတဲ့ အတွက်ကြောင့် တိုင်းသူပြည်သားတွေဟာ အနှစ်သာရ အပြည့်အ၀ မခံစားရသေးတဲ့ အတွက်ကြောင့် အားမလို အားမရဖြစ်မိတယ်။ စိတ်မကောင်းဖြစ်မိတယ်”
ဦးခူးဦးရယ်
(ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP – အတွင်းရေးမှူး)
“နှစ်ပေါင်း ၆၀ ကျော် လုံးလုံးကတော့ ကျနော်တို့ ပြည်ထောင်စုလို့ နှုတ်အားဖြင့် ပြောဖြစ်တာပေါ့။ တကယ်တမ်းကျတော့ မြန်မာပြည်ကြီးမှာ တကယ့် ပြည်ထောင်စုစစ်စစ်ကို ကျနော်တို့ မတွေ့ရသေးဘူး။ မတွေ့ရသေးတဲ့ အခါကျတော့လည်း နိုင်ငံသားတဦးချင်းရဲ့ အခွင့်အရေး သော်လည်းကောင်း၊ လူမျိုးစုတခုရဲ့ အခွင့်အရေး သော်လည်းကောင်း၊ တန်းတူညီမျှ မရခဲ့ဘူးလို့ ပြောနေကြတယ်။ အဲဒီတော့ ကျနော်တို့ စစ်စစ်မှန်မှန် ပြည်ထောင်စုကို မမြင်တွေ့ရသေးဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အခုနေမှာတော့ အဲဒီလို စစ်မှန်တဲ့ ပြည်ထောင်စုတခုကို သွားနိုင်ဖို့ မြင်နိုင်ဖို့အတွက် ကျနော်တို့ လမ်းစကိုတော့ နည်းနည်း ဟ နေပြီလို့တော့ မြင်ကြည့်လို့ရပါတယ်။ တကယ်ရုပ်လုံး ပေါ်လာဖို့တော့ ဘယ်လောက် ဆက်သွားရဦးမလဲ ကျနော်တို့တော့ မပြောနိုင်သေးဘူးပေါ့”
ပဒို ကွယ်ထူးဝင်း
(အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသား အစည်းအရုံး – KNU)
“ကျနော်တို့ ပြည်ထောင်စုနေ့ဆိုပြီး နာမည်တော့ ရှိတာပေါ့။ ဒါပေမယ့် အနှစ်သာရအားဖြင့် ပြည်ထောင်စု စစ်စစ်ရယ်လို့ မဟုတ်သေးဘူး။ ကျနော်တို့ လိုချင်ခဲ့တာက တိုင်းပြည် လွတ်လပ်ရေး အတူတူ ရကြတယ်။ ပြည်ထောင်စု စစ်စစ်ဆိုပြီးတော့ လွန်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံမှာ လက်မှတ်ထိုးပြီးတော့ ပြည်ထောင်စုကို အတူတကွ ရယူပြီးတော့ ပြည်ထောင်စုတခု ဖြစ်ဖို့ရည်ရွယ်ခဲ့တာပေါ့။ ဒါပေမယ့် အခုအထိ ကျနော်တို့ မျှော်မှန်းတဲ့ ပြည်ထောင်စု စစ်စစ်တော့ မရသေးဘူး။ ဒါကြောင့် အကုန်လုံးကနေ ကြိုးစားပြီးတော့ ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူပြီး ပြည်ထောင်စုကို တည်ထောင်ဖို့ ဖြစ်တယ်။ ဒီစိတ်ဓာတ်နဲ့ ကျနော်တို့ ဆက်လက် ကြိုးစားသွားကြရမယ်။ ကျနော်တို့ KNU က နိုင်ငံရေး ရည်မှန်းချက်မှာ တန်းတူ အခွင့်အရေးတို့၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့၊ ပြည်ထောင်စု မူအဖြစ်နဲ့ ဗဟိုအစိုးရနဲ့ ပြည်နယ်တွေမှာ အာဏာခွဲဝေတာတို့၊ ပြည်နယ်မှာလည်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိသင့်တာတို့၊ ဒီလိုရှိမှ ပြည်ထောင်စု စစ်စစ်က ပေါ်ပေါက်လာမယ်။ အခုက အဲဒီအနေအထား မရှိသေးဘူး။ လက်ရှိမှာ ပြည်ထောင်စုဆိုတဲ့ အသွင်လေးတော့ ပေါ်လာနေပြီ။ အနှစ်သာရ အပြည့်အဝတော့ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ အခု ပြည်နယ်တွေ ရှိတယ်။ ပြည်နယ်အစိုးရတွေ ရှိတယ်။ ဒါပေမယ့် လွှတ်တော်တွေမှာ ဥပဒေ ပြဋ္ဌာန်းထားတာတွေ ပြည်ထောင်စုစစ်စစ် မူတွေ မရှိသေးဘူး။ ကျနော်တို့ KNU အနေနဲ့ ပြည်ထောင်စု စစ်စစ် တည်ဆောက်ရေးအတွက် တိုင်းရင်းသားတွေနဲ့ လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားဖို့ မူလည်း ရှိတယ်။ သဘောထားလည်း ရှိပါတယ်”
ဦးခွန်းလိန်း
(ဖလမ်းမြို့နယ် ချင်းတိုးတက်ရေးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
“တိုင်းရင်းသား တယောက်အနေနဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့တော့ မျှော်လင့်နေတာပဲ။ မျှော်လင့်နေတယ်ဆိုတာ အခုလည်း ပြည်ထောင်စုတော့ ပြည်ထောင်စုပါပဲ။ သို့သော်လည်းပဲ တိုင်းရင်းသားတွေ တမ်းတနေတဲ့ ပြည်ထောင်စုမျိုး မဟုတ်သေးဘူးပေါ့။ ဒီလိုဖြစ်လာဖို့ကတော့ ကျနော်တို့ ဖြည်းဖြည်းချင်း လုပ်ရမယ့် ကိစ္စလည်းဖြစ်တယ်။ အခုပထမဦးဆုံး တိုင်းပြည်ငြိမ်းချမ်းရေး ရဖို့ပေါ့။ ငြိမ်းချမ်းရေးကနေပြီးတော့ Political Talk လေးတွေ ဖြစ်လာတဲ့ အခါမှာတော့ ဒုတိယ ပင်လုံညီလာခံလို ဟာမျိုး တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ အစည်းအဝေးကြီးတရပ် ကျင်းပပေးနိုင်လို့ရှိရင် အဲဒီကနေ ထွက်ပေါ်လာမယ့် အဖြေကို ကျနော်တို့ အားလုံး ဟိုဘက်ဒီဘက် မျှမျှတတနဲ့ သုံးသပ်ပြီးတော့ ပြည်ထောင်စုကြီး တည်မြဲရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုသား အချင်းချင်း တန်းတူညီမျှ ညီအစ်ကို မောင်နှမလို ချစ်ခင်ရင်းနှီးစွာ ထာဝရ ပေါင်းစည်းနေနိုင်ဖို့ အဖြေကောင်း ရှာတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်တာပဲလေ”
ချယ်ရီဇာဟောင်း
(တက်ကြွလှုပ်ရှားသူ ချင်းတိုင်းရင်းသူ)
“ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးလိုက်ကြတာဟာ၊ မြန်မာနိုင်ငံမှာ ပြည်ထောင်စုအနေနဲ့ တိုင်းရင်းသားတွေက နေဖို့ သဘောတူခဲ့ကြတာဟာ ဖိနှိပ်မှုတွေ၊ တခြားတိုင်းတပါး အုပ်ချုပ်မှုတွေကို မလိုချင်လို့၊ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ လိုချင်လို့ဖြစ်တယ်။ ကျမတို့ လိုချင်တဲ့ ပြည်ထောင်စုဆိုတာ တိုင်းရင်းသား အားလုံးရဲ့ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု ပိုင်းဆိုင်ရာ အသီးသီးမှာ လွတ်လပ်ပိုင်ခွင့် ရှိရမယ်။ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ပီပီပြင်ပြင် ပေါ်ပေါက်လာဖို့ဆိုတာ အစိုးရဘက်ကရော၊ ပြည်သူလူထုတွေ အကုန်လုံးကရော နိုင်ငံသားတိုင်းက တယောက်နဲ့တယောက် ကွဲပြားခြားနားမှုတွေကို လက်ခံ အသိအမှတ်ပြုဖို့ လိုတယ်။ ပြီးရင် နိုင်ငံရေးအရရော လူမျိုးအရရော ခွဲခြားမှုတွေ မရှိဘဲနဲ့ အပြန်အလှန် လေးလေးစားစား ဆက်ဆံကြမယ်ဆိုရင် စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာ မကြာခင်မှာ ရောက်လာနိုင်တယ်လို့ ထင်တယ်”
နိုင်ကဆော့မွန်
(မွန်လူ့အခွင့်အရေးအဖွဲ့ ဖောင်ဒေးရှင်း ဒါရိုက်တာ)
“မနက်ဖြန် ပြည်ထောင်စုနေ့ ဆိုပေမယ့် ကျနော်တို့ ဒီနေ့အထိ ကျနော်နိုင်ငံဟာ လူမျိုးစုတိုင်းကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုစစ်စစ် မပေါ်ပေါက်သေးဘူး။ အထူးသဖြင့် လူမျိုးအများစုဖြစ်တဲ့ ဗမာလူမျိုးကို ကိုယ်စားပြုပြီးတော့မှ တချိန်တည်းမှာပဲ စစ်တပ်အင်အားကို အသုံးပြုပြီးတော့မှ ကျနော်တို့ တိုင်းပြည်ကို တပြည်ထောင် ပုံစံနဲ့ ဆက်လက် တည်ရှိနေဆဲပဲ ဖြစ်တယ်လို့ မြင်တယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်ကြည့်လိုက်မယ်ဆိုရင် အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုင်းရင်းသား ပြည်နယ်များကို မိမိရဲ့ ပြည်နယ်လွှတ်တော်၊ မိမိရဲ့ ကိုယ်ပိုင်အစိုးရတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာပေါ့။ ဒါကတော့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်သွားဖို့၊ ပြည်ထောင်စုစစ်စစ်ကို ဦးတည်သွားဖို့ အခြေခံတခုလို့ ကျနော်မြင်တယ်။ ဒါပေမယ့် ပြဿနာကတော့ အာဏာ ခွဲဝေရေးအပိုင်းမှာ ပြည်နယ်မှာရှိတဲ့ ပြည်နယ်အစိုးရနဲ့ ပြည်နယ် လွှတ်တော်တွေက ဘာမှ ပါဝါအာဏာ မရှိဘူး။ အိန္ဒိယနိုင်ငံကိုပဲ ကြည့်ကြည့် တခြား သြစတေးလျတို့ စသဖြင့် ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ ပြည်နယ်တွေမှာ အာဏာအများကြီးကို လွှဲပေးထားတာ ဖြစ်တယ်။ တချို့သော အာဏာတွေသာ ဗဟိုအစိုးရက ချုပ်ကိုင်ထားတာ ဖြစ်တယ်။ အခု အခြေအနေအထိ ပြည်ထောင်စု အစိုးရကနေ အာဏာ အများအပြားကို ထိန်းချုပ်ထားပြီးတော့မှ အဲဒီအစိုးရကတဆင့် ပြန်ညွှန်ကြားတဲ့အတိုင်း ပြည်နယ်တွေမှာ ဝန်ကြီးချုပ်တွေက လုပ်ကိုင်ခွင့်ရှိတယ်ဆိုတော့ ကျနော်တို့မှာ အာဏာဟာ တော်တော်လေး နည်းနေတယ်။ ဒါကြောင့် တကယ့် ပြည်ထောင်စု စစ်စစ်ကို ဦးတည်သွားမယ်ဆိုရင် ဒီမိုကရေစီ စနစ်ကျကျ ဖြစ်တယ်ဆိုရင် ၂၀၀၈ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ဖို့ ပြန်လည်ပြင်ဆင်ဖို့၊ အဲဒါက အစိုးရပိုင်းနဲ့ ရော၊ တိုင်းရင်းသား လူမျိုးစု အပိုင်းတွေကပါ ညှိနှိုင်းပြီးတော့ ပြင်ပြင်ဆင်ဆင် လုပ်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ပြည်ထောင်စုကြီး ဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်”
ဦးမျိုးကျော်
(ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး)
“ပြည်ထောင်စုနေ့က လွတ်လပ်ရေး မရခင် ဗိုလ်ချုပ် အောင်ဆန်းတို့ ချုပ်ခဲ့တဲ့ ပင်လုံစာချုပ်ရဲ့ အဓိပ္ပာယ်နဲ့ အခုချိန်မှာ လက်ရှိ သွားနေတဲ့ ဟာနဲ့ကတော့ တော်တော်ကြီးဝေးပါတယ်။ ဗိုလ်ချုပ်တို့ စာချုပ် ချုပ်ခဲ့စဉ်တုန်းကဆိုရင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ တိုင်းရင်းသားပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိရပါမယ်။ တိုင်းရင်းသား ပြည်သူတွေမှာသာ အချုပ်အချာအာဏာ ရှိပြီးတော့ သူတို့ရဲ့ အခွင့်အရေးကို အဓိက ဦးစားပေးပြီးတော့ ပြည်ထောင်စုအနေနဲ့ ပူးပေါင်းခဲ့တာပါ။ သို့သော် လက်ရှိအခြေအနေမှာက အဲဒီလို မဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေဟာ တပြည်ထောင် စနစ်ထဲမှာပဲ ကျနေတော့ အချုပ်အခြာအာဏာ မဲ့သွားတယ်ပေါ့လေ။ အဲဒီ ပြဿနာကြောင့်ပဲ ပြည်တွင်းစစ် ဖြစ်နေတာတွေ ရင်ဆိုင်နေရတာ ဒီဟာပါပဲ”
ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်
(ရှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ – RCSS ဥက္ကဋ္ဌ)
“နိုင်ငံတော် အစိုးရ၊ ဦးသိန်းစိန် အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဖက်ဒရယ် ပြည်ထောင်စု ပြန်လည် တည်ထောင်နိုင်ဖို့ ကြိုးစားမယ်ဆိုတဲ့ ရည်မှန်းချက်ရှိပါတယ်။ ဖက်ဒရယ်ဆိုတာ အရင်တုန်းက နားလည်ခဲ့ကြတာက ခွဲထွက်ရေး ဆိုပြီးတော့ နားလည်ခဲ့ကြတယ်။ အမှန်က မဟုတ်ပါဘူး၊ ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုစစ်စစ် ဖြစ်တယ်။ ကျနော်တို့ ပြည်ထောင်စုထဲမှာ ဘယ်တိုင်းရင်းသားမဆို တန်းတူညီမျှမှု လွတ်လပ်မှုရှိပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပြဌာန်းခွင့်ရှိ ရမှာပေါ့၊ ဒါမှ ကမ္ဘာပေါ်မှာဖြစ်နေတဲ့ နိုင်ငံရေးနဲ့ ကိုက်ညီမှုရှိမှာပေါ့။ ကျနော်တို့က ဒီငြိမ်းချမ်းရေး လမ်းစဉ်ပေါ်မှာပဲ ရပ်တည်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဆွေးနွေးရင်းနဲ့ပဲ ကျနော်တို့ ဖြေရှင်းသွားမယ်။ ဥပမာ ကချင်ဘက်မှာ ဖြစ်နေတဲ့တိုက်ပွဲတွေရော အဖက်ဖက်နဲ့ ဆွေးနွေးပြီးတော့ တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ပြီးတော့ ဆွေးနွေးဖို့လိုပြီ။ အခုခေတ် အခုအခါက အင်အားသုံးပြီးတော့ တိုက်ကြဖို့ ဖြေရှင်းကြဖို့ ခေတ် မဟုတ်တော့ဘူး။ ပြည်တွင်းမှာ နှစ် ၅၀- ၆၀ လောက် အပြန်အလှန် တိုက်နေပေမယ့်လည်း ပြဿနာကို ဖြေရှင်းလာနိုင်ခြင်း မရှိသေးဘူး”
ဦးစိုင်းညွှန့်လွင်
(ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွ့ဲချုပ် – SNLD ပြောရေး ဆိုခွင့်ရှိသူ)
“အခု ကျနော်တို့ ကျင့်သုံးလိုက်နာ ဆောင်ရွက်နေရတဲ့ ၂၀၀၈ အခြေခံ ဥပဒေကတော့ ကျနော်တို့ မျှော်မှန်းတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ပုံစံမျိုး မရောက်သေးပါဘူး။ အဝေးကြီး ကျန်နေပါသေးတယ်။ တန်းတူညီမျှရေးရော ပြည်ထောင်စု ဖြစ်ဖို့ရော အဲဒီဟာတွေက ကျန်နေသေးတယ်။ တန်းတူညီမျှရေး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေး စသဖြင့်ပေါ့နော်၊ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ဖို့အတွက်ကို အခု ဆက်ပြီး ကြိုးစားနေကြတာပေါ့။ အဖွဲ့အစည်း အသီးသီးရော၊ နောက်ပြီးတော့ နိုင်ငံရေးပါတီ အသီးသီးကလည်း ဒါကို ကြိုးစား လုပ်ကိုင်နေကြပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်လာဖို့ကတော့ ပထမဆုံး ပြည်တွင်းစစ် ရပ်စဲဖို့ လိုပါတယ်။ ပြီးရင် ပြောရေးဆိုခွင့်ရှိအောင် ပါတီတွေ၊ အဖွဲ့အစည်းတွေ ရှိဖို့လိုပါတယ်။ ရှိပြီးတော့လည်း ဒီအတိုင်းပဲ ရှိနေရုံ မရပါဘူး။ ဒါကို ဆွေးနွေးတိုင်ပင်နိုင်တဲ့ အခွင့်အရေးရဖို့ လိုပါတယ်။ မဖြစ်နိုင်လို့ မလုပ်ဘူးဆိုတာတော့ မရှိပါဘူး။ ယုံကြည်ချက်ဆိုတာတော့ ယုံကြည်တဲ့အတိုင်း ဖြစ်အောင်တော့ လုပ်နေကြမှာပါပဲ။ ဖြစ်နိုင်တဲ့ အခြေအနေမျိုး ရောက်အောင်လည်း ကျနော်တို့ ကြိုးစားရမယ်”