ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) သည် ၂၀၁၂ ခု ဇန်နဝါရီ ၂၈ ရက်တွင် နိုင်ငံတော်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးပြီး လက်ရှိ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေစဉ် ကာလတွင် ၂၀၁၃ ခုနစ် ဖေဖော်ဝါရီက စပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်းများနှင့် ပတ်သက်ပြီး SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် အား ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ် က တွေ့ဆုံ မေးမြန်းထားပါသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် သည် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် လားရှိုးမိုတယ်တွင် ရှမ်းပြည်နယ်နှင့် ကယား ပြည် နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့များ၏ မတ်လ ၂၀ ရက် မှ ၂၂ ရက်အထိ ကျင်းပသော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဖြစ်သည်။
မေး။ ။ ယုံကြည်မှုကို တည်ဆောက်နေတဲ့အချိန်မှာ တဖက်ကလည်း စစ်ဖြစ်နေတဲ့အပေါ် ဒု ဗိုလ်ချုပ်ကြီး ဦးဆေထင် အနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ။ ။ စစ်ရပ်စဲရေး လုပ်တာဟာ ဒီတပ်မတော်နဲ့ အစိုးရနဲ့က နားလည်မှုတွေက သူတို့ တလွဲဆီဖြစ်နေတာပေါ့။ ဆိုလိုတာက ဒီတပ်မတော်က အစိုးရရဲ့လက်အောက် မရှိသလို ဖြစ်နေတယ်။ တပ်မတော်က အစိုးရ အမိန့်ကို မနာခံ သလိုမျိုးပေါ့။ ဒီအစိုးရ က လုပ်တဲ့ စစ်ရပ်စဲရေး ကို အသိအမှတ် မပြုဘူးလေ။ ဒီကိစ္စကို ဘယ်လိုလုပ်ပြီးတော့မှ ဖြေရှင်းမလဲ ဆိုတာကိုတော့ ဦးအောင်မင်း နဲ့တော့ ဆွေးနွေးထားပါတယ်။ သတ်မှတ်နယ်မြေတွေ ပြန်သတ်မှတ် ပေးဖို့လိုတယ်ပေါ့။ နယ်မြေတွေကို မသတ်မှတ်ခင်မှာ ရနိုင် သမျှ သူတို့ များများလိုချင်တယ်လေ။ အဲ့ဒါကြောင့် ကျနော်တို့ကို သူတို့က ထိုးစစ်ဆင်နေတယ်လို့ ထင်တာပါပဲ။
မေး။ ။ အစိုးရ တပ်မတော်ကနေပြီး SSA တပ်တွေကို နောက်ဆုတ်ခိုင်းတဲ့ အပေါ်မှာရော ဘယ်လိုရှိလဲ။
ဖြေ။ ။ အဲ့ဒီနေရာတွေက ကျနော်တို့ နေရာတွေလေ။ မြို့ထဲမှာဆိုရင်တော့ သူတို့နေတယ်ဆိုတာတော့ ထားလိုက်တော့ ။ကျနော် တို့က သူတို့ကို ဘာမှ မနှောင့်ယှက်ဘူးလေ။ အခု တောထဲမှာလည်း ကျနော်တို့တပ်က မနေရလို့ ဘယ်နေရာတွေမှာ သွားနေရမှာလဲ။ ဒါသူတို့တွေ တမင်တကာ ဒီ ဥစ္စာတွေ ဖြစ်လာဖို့ သူတို့ ဖန်တီးတယ်လို့ ထင်ပါတယ်။ အဲ့ဒီကိစ္စကတော့ တော်တော် အန္တရာယ် များတယ်ပေါ့။
မေး။ ။ SSA နဲ့ “ ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို ဆက်သွယ်ရေး ပျက်ပြားအောင် အစိုးရ တပ်က လုပ်နေတယ်လို့ ကြားတယ်။ အဲ့ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ အစိုးရ ဖြတ်တောက်ချင်နေတာပါ။ သံလွင်မြစ် အရှေ့ဘက်မှာ ဆိုရင် “ ဝ” ၊ အနောက်ဘက်ခြမ်းမှာ ဆိုရင် ကျနော်တို့ SSA ဒေသလေး တခုရှိတယ် သိပ်မကျယ်ပါဘူး။ အဲ့ဒီနေရာမှာ ကျနော်တို့တပ်က နေရာယူထားတာပေါ့၊ သူတို့ က အဲ့ဒီ ဆက်သွယ်ရေး ဖြတ်လိုက်ရင် UWSA နဲ့ ကျနော်တို့ တပ်နဲ့ အဆက်အသွယ်ပြတ်တောက် သွားမှာပေါ့ ။ ရှင်းရှင်းပြောရမယ် ဆိုရင် UWSA နဲ့ ကျနော်တို့က အပြန်အလှန် ကူညီ ကြဖို့ စာချုပ်ရှိပါတယ်။ ဒါတွေမကပါဘူး လက်နက် ခဲယမ်းတွေကိုလည်း ဒီ UWSAဘက်ကနေပြီးတော့မှ ရထားတာ။ အဲ့ဒါတွေကို သူတို့က ဖြတ်ချင်တာ။ အမှန်တကယ် သူတို့က ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တည်ဆောက် ချင်ရင်၊ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းချင်ရင် ဒါတွေ လုပ်ဖို့မလိုပါဘူး။ ဒါကြောင့်မလို့ တော်တော် စဉ်းစားစရာ ဖြစ်ပါတယ်။ စစ်ရပ်ဆဲရေးဟာ အန္တရာယ်ရှိနေတယ်ပေါ့။
မေး။ ။ လက်တလော ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နဲ့ အစိုးရက ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲတွေ လုပ်နေကြပြီး စစ်ပွဲတွေ ရပ်ထားကြတယ်။ အဲ့ဒါကို ရပ်ဆိုင်းတဲ့ အချိန်မှာ ရှမ်းပြည်နယ်ဘက်ကို ပြန်လည် တိုက်စစ်တိုးလာတာကရော ပိုပြီး ထိုး စစ် ဆင်လာနိုင်ပါသလား။
ဖြေ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ဘက်ကို ပိုပြီး ထိုးစစ်ဆင်လာနိုင်ပါတယ်။ အခုကတော့ ဒီ စစ်ရေး အသာရမှုပေါ့။ Political(နိုင်ငံ ရေး) မှာ စားပွဲခုံပေါ်မှာ စကားပြောရင် အသာရဖို့ လိုအပ်သလို စစ်ရေးမှာ အသာရဖို့လည်း အရေးကြီးတယ်။ ကျနော်တို့ဘက် က စစ်ရေး အရ အားနည်းနေတယ်ဆိုရင် အစိုးရ အနေနဲ့ ကျနော်တို့ဘက်ကို ပိုပြိး ဖိလို့ရတာပေါ့။ ဆိုလိုတာကတော့ ဒီအချက် ကတော့ လိုက်နာ မလိုက်နာလို့ရှိရင် ကျနော်တို့ စစ်ရေး စမယ်ဆိုတဲ့ စကားအရ သူတို့ ဖန်တီးတာပါ။ ဒါကတော့ မဆန်းပါဘူး။
မေး။ ။ ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်တဲ့အချိန်မှာ ဘာတွေက အဓိက ကျပါသလဲ။
ဖြေ။ ။ ပထမဆုံး အရေးကြီးတာကတော့ ဒီ အပစ်အခတ်ရပ်စဲထားတဲ့ ကိစ္စ တည်မြဲဖို့ပါပဲ။ ကျနော်တို့ဘက်ကတော့ ဒီဥစ္စာကို ခိုင်ခိုင်မာမာ လိုက်နာတာပေါ့။ တပ်မတော်ပဲလေ သူတို့အခု ကျနော်တို့ တပ်တွေကို ကျူးကျော်ပြီးတော့ လုပ်နေတာပဲလေ။ အရင် ကဆိုရင် KIA က လမ်းမှာ ခြုံခိုတိုက်တယ်။ တံတားတွေခွဲတယ်လို့ ပြောကြတယ်။ ကျနော်တို့က အဲ့ဒီလို တခါမှ မလုပ်ဘူး။ ကိုယ့် ကိုယ်ကိုယ် ကာကွယ်ပြီး တိုက်တာပဲရှိပါတယ်။ ဒါပေမယ့် ဒီထက်အဆတိုး လာမယ်ဆိုရင်တော့ မပြောတတ်ဘူး။ စစ် ရပ်စဲရေး ရပ်ဆိုင်းထားတယ်။ ဒီစစ်က အခုထက် ကြီးလာနိုင်တယ်ပေါ့။ ကျနော်တို့ တပ်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ပိန် ၊ နောင်ချိူ ၊ မုံကိုး ၊ ကျောက်မဲ၊ သီပေါ၊ အဲ့ဒီနေရာတွေမှာလည်း ဖြန့်ထားတယ်။ အဲ့ဒီကတပ်တွေနဲ့ပါ ဖြစ်လာရင်တော့ တိုက်ပွဲက ကြီး လာ နိုင်ပါတယ်။ ဒီတိုက်ပွဲဖြစ်ဖို့လည်း ကျနော်တို့ က မလိုလားပါဘူး။
မေး။ ။ လက်ရှိ စစ်ဖြစ်နေတဲ့ အပေါ်မှာ အစိုးရကိုရော ဘာပြောချင်ပါသလဲ။
ဖြေ။ ။ အစိုးရကိုပြောတယ်။ အခု သမ္မတ ဦးသိန်းစိန်ကိုလည်း စာတွေဘာတွေ တင်ထားပါတယ်။ ဦးသိန်းဇော်တို့ ဦးအောင်မင်း တို့ ဟိုတနေ့ကလည်း ဦးအောင်မင်းနဲ့ ဆွေးနွေးဖြစ်ပါသေးတယ်။ စစ်ရပ်ဆိုင်းရေးကိစ္စတွေကို သူတို့ တပ်မတော်ဘက်က လူတွေကိုလည်း ထိန်းသိမ်းပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ ဒါပေမယ့် သူတို့ကလည်း တာဝန်မယူနိုင်ဘူး။ သမ္မတကြီး ကိုယ်တိုင်ကိုက တခါတလေ တာဝန်မယူနိုင်တဲ့ စကားတွေပြောတယ်။ ဒါကတော့ နည်းနည်းထူးဆန်းတယ်။ ဆိုလိုတာကတော့ တပ်မတာ် ပေါ်မှာ သူတို့ သြဇာမရှိဘူးဆိုတာကို နည်းနည်းတော့ ပေါ်လွင်တယ်။
မေး။ ။ လက်ရှိ SSA အနေနဲ့ ဘာတွေများ လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ ကျနော်တို့ တပ်အတွင်းမှာ စစ်ရပ်စဲတဲ့အချိန် တပ်တွေကို ပြန်ပြီးတော့မှ အရည်အချင်း မြှင့်တင်တာတွေ။ ပြီးတော့ လူထု စည်းလုံးရေးတွေ၊ လူထု ပညာရေး ကျန်းမာရေး တွေကို တတ်နိုင်သလောက် လုပ်ပေးနေတဲ့ အချိန် ဖြစ်တယ်လေ။
မေး။ ။ ရှမ်း စစ်သား၊ တပ်သားတွေရဲ့ မိသားစုနောင်ရေးတွေ အတွက်ရော ဘာတွေ လုပ်ဆောင်ပေးပါသလဲ။
ဖြေ။ ။ ရှမ်းစစ်သားတွေအတွက်က သိပ်မခက်ဘူးလေ။ သူတို့ မိသားစုတွေက နယ်ခံတွေဆိုတော့ တောင်ယာခုတ်တယ်၊ လယ် ယာတွေ လုပ်တယ်။ ဒီ တပ်သားတွေကတော့ ကျနော်တို့ ထောက်ပံ့ထားပါတယ်။ မိသားစုကတော့ လုပ်သင့် လုပ်ထိုက်တဲ့ အသက် မွေးဝမ်းကျောင်းတွေ ရှိပါတယ်။ အဲ့ဒါ သူတို့လုပ်တယ်လေ။
မေး။ ။ ရှမ်းပြည်နယ်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် အရောင်းအဝယ်နှင့် သုံးစွဲမှုမြင့်မားတဲ့ နယ်မြေလို့ သတ်မှတ်ထားကြ တယ်။ SSA အနေနဲ့ရော မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင် နေပါသလဲ။
ဖြေ။ ။ မူးယစ်ဆေးဝါး ကိစ္စကတော့ ကျနော်တို့လည်း ဆန့်ကျင်နေပါတယ်။ မူးယစ်ဆေးဝါးကို ရောင်းလည်း မရောင်းဘူး။ လုပ် လည်း မလုပ်ဘူး။ ဒါပေမယ့် ရှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်းမှာဆိုရင် တောင်ပိုင်းက ဘိန်းစိုက်တာတွေ ပိုများလာတယ် ဆိုတာ တွေ့ရတယ်။ ဒါပေမယ့်လို့ မူးယစ်ဆေးဝါး ပြဿနာ က နှစ်ပေါင်း ရာချီဖြစ်နေတယ်။ ဒါကြောင့် မြန်မာပြည်မှာ တရားဥပဒေ မစိုးမိုးလို့ ဒီဘိန်းတွေ လုပ်နေတာ။ တရားဥပဒေ စိုးမိုးမှုတွေရှိရင် ကောင်းကောင်းအုပ်ချုပ်နိုင်မှာပေါ့။ စိုးမိုးမှုမရှိလို့ ဒီဘိန်းတွေ မူးယစ် ဆေးဝါး ပိတ်ပင်ရေးတွေ လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့်မလို့ ဒီ မူးယစ်ဆေးဝါး ပိတ်ပင်ရေးကို လုပ်ချင်ရင် တရားဥပဒေ စိုးမိုးမှုကို အရင်လုပ်ဖို့ လိုမယ်ထင်ပါတယ်။
မေး။ ။ နောက်ဆုံး မေးခွန်းအနေနဲ့ လက်ရှိ အစိုးရကို ယုံကြည်မှု ရှိပါသလား။
ဖြေ။ ။ အခု လောလော ဆယ်တော့ ယုံကြည်မှုမရှိလို့ ယုံကြည်မှု တည်ဆောက်နေတယ်။ ယုံကြည်လာအောင် ဘယ်လို လုပ်ကြမှာလဲ ဆိုတာ အခု ပြောကြဆိုကြနေတာပဲလေ။ ဒါကတော့ ဒုတိယ အဆင့်ပေါ့။ ရန်ကုန်မှာ လုပ်တာ ပထမအဆင့်လေ။ နောက်ထပ် တတိယ စတုတ္ထ ပဉ္စမ သွားရဦးမယ်။ အစိုးရ က ကျနော်တို့ ယုံကြည်နိုင်လောက်အောင် ပြဖို့ လိုပါတယ်။ ယုံကြည်မှု တည်ဆောက်ရေး ဆိုတာ နှစ်ဘက်ရှိတာပေါ့။ သူ့ဘက် ကိုယ့်ဘက် ရှိတာပေါ့။ ကိုယ်ကပဲ တောင်းဆိုပြီး သူ့ဘက်က လက်မခံဘူး တုန့်ပြန်မှုမရှိဘူး ဆိုရင် ယုံကြည်မှုတည်ဆောက်ရေး ဆိုတာ အခက်အခဲ ရှိတာပေါ့။ ။