မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ် Max Myanmar ကုမ္ပဏီပိုင်ရှင်လည်း ဖြစ်သူ ဦးဇော်ဇော်ဟာ ခရိုနီလို့ သတ်မှတ်ခံရတဲ့သူတွေထဲမှာ လူမှုရေး အလုပ်ဆုံးလို့ ပြောရမှာပါ။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ခေတ်တစ်ခုကြောင့် နိုင်ငံရေးသားကောင် ဖြစ်ခဲ့ရတာလို့ သူက ပြောပါတယ်။ သူထောင်ထားတဲ့ ဧရာဝတီဖောင်ဒေးရှင်းက ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းမှာ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ အရေးပေါ် လူနာတင်ယာဉ်တွေ သွားရောက်လှူဒါန်းတဲ့ပွဲမှာ ဧရာဝတီ သတင်းဋ္ဌာနရဲ့ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းရာမှာ ဦးဇော်ဇော်က တိုင်းပြည်မှာ သစ်တပင်မှ မခုတ်ဖူးသလို ဘယ်သူကိုမှလည်း မတရားတဲ့နည်းနဲ့ အချောင်မနှိုက်ခဲ့ဘူးလို့လည်း ပြောပါတယ်။ နောက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု ကြောင့် စီးပွားရေးလုပ်ရတာ ပြေးသလောက် မရောက်ရသလို အချင်းချင်းချနေကြတာဟာ မြန်မာလူမျိုးတွေရဲ့ အားနည်းချက်တစ်ခုလို့ ပြောပါတယ်။ လူငယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့နဲ့ ပညာရေးမြင့်ဖို့ လိုတယ်လို့
ဆိုပါတယ်။
မေး။ ဦးဇော်ဇော်က ခရိုနီဆိုရင်တောင် ခရိုနီကောင်းတစ်ယောက် ဖြစ်ချင်တယ်လို့ ပြောတာ ကြားဖူးပါတယ်။ ဘာကြောင့် ဆိုတာ ရှင်းပြပေးပါ။
ဖြေ။ အကိုက မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသား။ တိုင်းပြည်ကို တခါမှ သစ္စာ မဖောက်ဖူးဘူး။ ကိုယ့်နိုင်ငံကို ချစ်တယ်။ ကိုယ့်နိုင်ငံကို ဂုဏ်ရှိစေချင်တယ်။ စီးပွားရေးလုပ်တယ်။ အခွန်ဆောင်တယ်။ နောက်တခုက ကိုယ့်ဝန်ထမ်းတွေကို ကိုယ့်သားသမီးလို စောင့်ရှောက်တယ်။ နိုင်ငံတကာက ပြောနေတဲ့ CSR လို့ခေါ်တဲ့ Corporate Social Responsibility ကို လုပ်တယ်။ အခုတော့ နိုင်ငံရေးသားကောင် ဖြစ်ပြီးတော့ နာမည်အထူးအဆန်းတွေပေါ်လာတာပေါ့။ ပေါ်လာတဲ့ အပေါ်မှာလည်း ဘာမှ ထင်မြင်ချက် မပေးပါဘူး။ ကိုယ်ကိုယ်တိုင် လုပ်ဆောင်ချက်ကပဲ အရေးကြီးပါတယ်။ ကိုယ့်ယုံကြည်ချက်ကတော့ ကိုယ့်နိုင်ငံအတွက် ကိုယ်အကောင်းဆုံး ဖြစ်အောင် ရပ်တည်သွားမယ်။ ဘယ်လိုဝေဖန်မှုတွေပဲ ရှိနေပါစေ ။ကိုယ်လုပ်တဲ့ လုပ်ဆောင်ချက် ကောင်းဖို့ပဲလိုတယ်။ ဆက်ကြိုးစားမယ်။ စီးပွားရေးကို ရိုးရိုးသားသား ဆက်လုပ်စားမယ်။ လူငယ်တွေကိုလည်း ထူးချွန်အောင် ကူညီပေးသွားမယ်။ ပြုစုပျိုးထောင်ပေးသွားမယ်။
မေး။ အခု ဦးဇော်ဇော်မှာ ပိုင်ဆိုင်မှု ဘယ်လောက် ရှိပါသလဲ။ ပြောလို့ ရပါသလား။
ဖြေ။ ပိုင်ဆိုင်မှုကို တိတိကျကျ ပြောနိုင်ဖို့ကတော့ သေချာ ဗေလူရေးရှင်း Valuation လုပ်ပြီးမှ ပြောလို့ရမှာ။ အကိုတို့ကို အင်တာနေရှင်နယ် ဗေလူရေးရှင်းလုပ်တဲ့ ကုမ္ပဏီတွေရှိတယ်။ သူတို့ကနေပဲ Assess လုပ်တာ။ Assess ဆိုတာက အရင်တုန်းက အိမ်တလုံး ဝယ်ထားတယ်။ သိန်းတထောင် တန်တယ်။ အခု သိန်းတသောင်း တန်ရင်တန်မယ်။ ဗေလူရေးရှင်း ဆိုတာက တွက်ချက်ပြီးမှ တိတိကျကျ ပြောလို့ရမှာ။
မေး။ ၈၈၊ ၉၀ ခုနှစ်တွေ မတိုင်ခင်က ဂျပန်မှာ အလုပ်သွားလုပ်ခဲ့ဖူးတယ်။ သာမာန် အလုပ်သမား ဘဝနဲ့ပေါ့။ အဲဒီလို ဘဝမျိုးကနေ နှစ်ပေါင်း ၂၀ အတွင်းမှာ ဒီလိုအခြေအနေမျိုး ဖြစ်လာအောင် ဘယ်လောက် အားထုတ်ခဲ့ရလဲ။
ဖြေ။ အကို ဂျပန်သွားတာ ၉၀ ခုနှစ်ပါ။ ၈၈ က ရန်ကုန်တက္ကသိုလ်မှာ နောက်ဆုံးနှစ် သချာၤဘာသာ တက်နေတာပါ။ အကိုက အချိန်ကို အရမ်း ဂရုစိုက်တယ်။ အချိန်နဲ့ပတ်သက်လို့ အချိန်ပြည့် ကိုယ်ကြိုးစားအားထုတ်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဝိရီယပိုင်းမှာ အားစိုက်ခဲ့တယ်။ ဉာဏ်ဆိုတာကတော့ ရေကြည်ကျောင်းက မူလတန်းကနေ ပြီးတော့မှ ဘွဲ့ရသည်အထိ သင်ပေးခဲ့တဲ့ ဆရာမိဘတွေရဲ့ ကျေးဇူးနဲ့ ဆင်ခြေတုံတရားတွေရယ် အားလုံးပေါင်းစပ်ပြီးတော့မှ အခုအချိန်ထိ ကြိုးစားခဲ့ရတာ။ ကိုယ့်အနေနဲ့ result ကောင်းဖို့ကြိုးစားတယ်။ ကိုယ် result မကောင်းတဲ့ဟာမျိုးဆိုရင် တော်ရိလျော်ရိ သာမန်လောက်ပဲ။ ဘာပဲလုပ်လုပ် ဖြစ်အောင်လုပ်ချင်တယ် ပြီးအောင်လုပ်ချင်တယ်။အောင်မြင်အောင်လည်း လုပ်ချင်တယ်။
နောက်တခုက အကို့မှာ အပေါင်းအသင်း မိတ်ဆွေ များပါတယ်။ နောက်ပြီးတော့ အကိုအနေနဲ့ သူများကို သည်းခံရလို့လည်း အပန်းမကြီးပါဘူး။နောက်တခုကတော့ ရိုးသားဖြောင့်မတ်မှုနဲ့ လူတဦးတစ်ယောက်ကို ဘယ်တော့မှ ကိုယ့်ဘဝမှာ ငါးပြား ဆယ်ပြားမှ မလိမ်ခဲ့ဖူးဘူး။ နောက်ပြီးတော့ ကိုယ့်ဘဝမှာ ဘာ criminal case မှလည်း မဖြစ်ခဲ့ဖူးဘူး။ ဒါတွေ အကုန်လုံးကလည်း ဘဝတခုရဲ့ Profile တွေပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အချိန်ပြည့် အချိန်တိုင်း ကြိုးစားအားထုတ်နေတာရယ်။ ကံ ကံ၏ အကျိုးတရား ပါပါတယ်။
အနှစ်၂၀ ဆိုတဲ့ အချိန်ဟာ တကယ်တမ်းကျတော့ ဘာမှမကြာဘူး ဆိုပေမယ့် ဘဝတစ်ခုရဲ့လေးပုံတစ်ပုံ သုံးပုံတစ်ပုံလောက် ရှိပါတယ်။ သုံးပုံတစ်ပုံမှာ အသက်၂၀ လောက်က ပညာသင်တဲ့အချိန် အသက်၂၀ လောက်က အလုပ်လုပ်တဲ့အချိန်။ တချို့နိုင်ငံတွေမှာဆိုရင် ၅ နှစ် ၁ ဝနှစ်လောက်နဲ့ ဘီလီယံနာ ဖြစ်တဲ့လူတွေ အများကြီးပဲ။ ကျနော်တို့ ငွေကြေးချမ်းသာတယ် ဆိုတာ ဗမာပြည်မှာ ငွေကြေးအတိုင်းအတာ တစုံတရာ အထိရှိတယ်ဆိုပေမယ့် ကျနော် ယှဉ်နေတာ ကျနော်တို့နိုင်ငံနဲ့ မဟုတ်ဘူး။ သူများနိုင်ငံနဲ့ယှဉ်ရင် သိပ်ရှက်ဖို့ ကောင်းပါတယ်။ ကျနော်တို့ စည်းစိမ်ချမ်းသာ ကြွယ်ဝမှုဟာ တကယ်တော့ သေးသေးလေးပါ။ တကယ်တော့ ဘာမှ မရှိပါဘူး။
ကျနော်အနေနဲ့က ကိုယ့်နိုင်ငံမှာ ပညာရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍ ၊ ကျန်းမားရေး ကဏ္ဍနဲ့စီးပွားရေး ကဏ္ဍတိုင်းမှာ သူများနိုင်ငံက လူတွေနဲ့ ယှဉ်ချင်တယ်။ အဲဒီလို
ယှဉ်လိုက်တဲ့အခါ ကိုယ်ရောက်နေတဲ့နေရာဟာ ဘာမှ မဟုတ်သေးတဲ့အတွက်ကြောင့်မိုလို့ အကိုအနေနဲ့ ဆက်ကြိုးစားဖို့ အမြဲတမ်း အဆင်သင့်ပဲ။
မေး။ အခု ဦးဇော်ဇော်က ဧရာဝတီ ဖောင်ဒေးရှင်း ထောင်ပြီး အလှူလုပ်တယ်။ ဒါပေမယ့် တဖက်မှာ မြင်နိုင်တာက အကိုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကြေညာတာလား။ Max Myanmar ကို ပရိုမိုရှင်းလုပ်တယ် လို့ရော မပြောနိုင်ဘူးလား။ အကိုက ရှေ့ပိုင်းမှာတော့ Corporate Social Responsibility လုပ်နေတယ်လို့ ပြောခဲ့တယ်။
ဖြေ။ CSR ဆိုတဲ့ စကားလုံးက ဗမာပြည်ကို ရောက်လာတာ သိပ်မကြာသေးပါဘူး။ အကို လှူဒါန်းခဲ့တဲ့ဟာကို ပြန်ကြည့်မယ်ဆိုရင် အကို ၁၂ နှစ်သား လောက်မှာ အကိုတို့မြို့က ဘုရားတွေကို ထုံးသုတ်တယ်။ တယောက် တကျပ်စုပြီး လုပ်တာ။ မြို့မှာ ရှိသမျှ သာရေး နာရေး လူမှုရေး အကုန်လုပ်တယ်။ အဲဒါ ငယ်စဉ် အရွယ်ကတည်းက။ ဒီဘက် ကျောင်းတက်လာတဲ့ အချိန်မှာလည်း အကိုရောက်တဲ့ အချိန်မှ ရန်ကုန်တက္ကသိုလ်မှာ ရေကြည်မြို့နယ် အသင်းဆိုတာ ပေါ်လာတာ။ အကို ဂျပန်မှာ သွားအလုပ်လုပ်တယ်။ နာရီ ၂၀ လောက် အလုပ်လုပ်ရတယ်။ ပြန်လာတယ်။
ပြန်လာတဲ့ အချိန်မှာလည်း ဘာ စလုပ်လည်း ဆိုတော့ မီးသတ်ကား တစ်စီးဝယ်လာခဲ့တယ်။ အဲဒီကားကို လှူခဲ့တယ်။ အဲဒီအချိန်မှာ ကျနော် Corporate Social Responsibility ဆိုတာကို နားမလည်ပါဘူး။ အကိုတို့ အပေါ်မှာ သုံးသပ်တဲ့ ခရိုနီ ဆိုတာလည်း မသိသေးဘူး။ ကိုယ့်ရင်ထဲ စိတ်ထဲ ဆန္ဒထဲက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတယောက် အနေနဲ့ ဒီအလုပ်တွေကို လုပ်ရမယ်ဆိုတာ ဆရာသမား မိဘတွေက ဆုံးမခဲ့တာပါ။ ဘယ်အတွက်ကြောင့် လုပ်လည်းလို့ မေးရင်တော့ လိုအပ်ချက်ရှိတဲ့ လူတိုင်းကို ကူညီတာဟာ ကောင်းတဲ့ဟာ ဖြစ်တဲ့အတွက် ဆက်ကူညီမှာပဲ။
မေး။ ဦးဇော်ဇော် သေသွားရင်လည်း ပိုင်ဆိုင်မှုတွေ လှူခဲ့မယ်လို့လည်း ပြောခဲ့ဖူးတယ်။ ဘယ်မှာ လှူခဲ့မှာလဲ။
ဖြေ။ သေသွားရင် ကိုယ့်နောက်မပါဘူးဆိုတဲ့ ဗုဒ္ဓတရားတော် ရှိတယ်လေ။ ပါသွားတာက ကိုယ်လုပ်ခဲ့တဲ့ကံပဲ။ ဒီကုသိုလ်ကံ တရားတွေပါသွားဖို့အတွက် ကိုယ် ဒီအလှူအတန်းတွေ လုပ်တယ်။ သူများတွေအပေါ်မှာ မေတ္တာထားတယ်။ စေတနာ ထားတယ်။ အဓိကကတော့ သေသွားရင် ကိုယ့်နောက်မပါဘူး ဆိုတဲ့ဟာကို ခံယူထားပါတယ်။ ကိုယ်လှူနိုင်သလောက် အကုန်လှူသွားမယ် ဆိုတဲ့ စိတ်သွင်းထားတယ်။
မေး။ ဦးဇော်ဇော်က ဒေါ်အောင်ဆန်းစုကြည် နဲ့ မင်းကိုနိုင်တို့ကို ထောက်ပံမှုတွေ လုပ်ပေးတယ်။ အဲဒါကို တချို့က ဦးဇော်ဇော် Sanction List က ပြုတ်ချင်လို့ ဒေါ်အောင်ဆန်းစုကြည်နားကို ကပ်နေတာလို့ မြင်ကြတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာပြောချင်သလဲ။
ဖြေ – ကျနော် သဘောထားကတော့ ဒီလောက်ချည့်နဲ့နေတဲ့ တိုင်းပြည်မှာ တဘက်နဲ့ တဘက် အားပြိုင်မှုတွေ လုပ်ပြီးတော့ အဖွဲ့အစည်းတွေ ကွဲနေကြမှာလဲ။ လုပ်စရာတွေလည်း အများကြီးရှိတယ်။ ထူထောင်စရာတွေလည်း အများကြီး ရှိတယ်။ တကယ်လည်း တိုင်းပြည်က ဆင်းရဲနေတုန်းပဲ။ လိုအပ်ချက်တွေက နေရာတိုင်းမှာ ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဆန့်ကျင်ဘက်တွေ သွားနေမယ်ဆိုရင် ကိုယ်တို့ရဲ့ လားရာဟာ ကောင်းစရာအကြောင်း မရှိဘူး။ အကိုအနေနဲ့ အားလုံးကို ပြောချင်တာက နိုင်ငံတော် အစိုးရရော အတိုက်အခံရော ပြည်သူရော ပူးပေါင်းပြီးတော့ တိုင်းပြည်ကို ထူထောင်ချင်တယ်။ အကိုစိတ်ထဲမှာ အဲဒီဆန္ဒပဲ ရှိတယ်။
မေး။ အခုလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအဖြစ်ကနေ နိုင်ငံရေးနယ်ပယ်ထဲကို ဝင်ရောက်ဖို့ ရှိလား။
ဖြေ။ အခု လတ်တလော အခြေအနေထိတော့ ဘာအစီအစဉ်မှ မရှိပါဘူး။ ကျနော့် စိတ်ထဲက ခံယူချက်ကတော့ လူတွေကို အလုပ်အကိုင် ဖန်တီးပေး လိုပါတယ်။ လူတွေ ဘဝတွေဟာ တဦးချင်း ဝင်ငွေကောင်းမှ သူ့တို့ ဘဝတွေ ရပ်တည်နိုင်မှာ။ ဒါကြောင့်မို့လို့ ဗမာပြည်မှာ ကျနော်တင် မဟုတ်ပါဘူး။ လူငယ်လုပ်ငန်းရှင်တွေ အများကြီးပေါ်လာဖို့ လိုတယ်။ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ဝင်လာပြီး လူငယ်တွေ အလုပ်အကိုင် ရဖို့လိုတယ်။ အရင်တုန်းက သူများနိုင်ငံရဲ့ ကိုလိုနီ နိုင်ငံဖြစ်ခဲ့တယ်။ အခုကျတော့ ကျနော်တို့ အနေအထားက လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း တိုင်းပြည်ထူထောင်မယ်ဆိုတဲ့ အပိုင်းတွေမှာ ကျနော်လည်း ကျနော့်နိုင်ငံအနေနဲ့ ဂုဏ်ရှိချင်တာပေါ့။
ဒါပေမယ့် အခုဆိုရင် သူများဆီမှာ ကျနော်တို့ သွား အလုပ်လုပ်နေရတယ်။ သွား အလုပ်လုပ်တယ် ဆိုတာ ပညာတတ်တွေ ပညာရှင်တွေအဖြစ် သွား အလုပ်လုပ်တာ ပြဿနာ မရှိဘူး။ အခုက ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် မပေးနိုင်တော့ သူများဆီမှာ အောက်ခြေသိမ်းအလုပ်တွေ သွားလုပ်နေရတယ်။ ကျနော်အနေနဲ့ ဒီနိုင်ငံထဲမှာ အလုပ်အကိုင်တွေ ဖန်တီးပြီး ဒီနိုင်ငံမှာပဲ အလုပ်ပေးချင်တဲ့စိတ် ရှိတယ်။ ကျနော့်အနေနဲ့ တဦးတယောက်ရဲ့ ဘဝလုံခြုံမှုအတွက်က ရပ်တည်လို့ရပြီ။ လုံလောက်နေပါပြီ။ အခု ကျနော် ကြိုးစားအားထုတ်နေတာက သူများနိုင်ငံတွေနဲ့ ယှဉ်ချင်လို့ပါ။ သူများနိုင်ငံနဲ့ ယှဉ်ချင်တဲ့ စိတ်ကတော့ အမြဲရှိပါတယ်။
မေး။ အခု မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အပြောင်းအလဲတွေမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ယုံကြည်လား။ အခု အသွင်ကူးပြောင်းမှုက အောင်မြင်ပါ့မလား။
ဖြေ။ ကျနော်အနေနဲ့ Positive Thinking ပဲ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင် ၂ နှစ်လောက် အခြေအနေနဲ့ အခုအခြေအနေနဲ့ ယှဉ်ကြည့်ပါ။ လူတွေက အရမ်းဖြစ်ချင်တဲ့ ဆန္ဒတွေကြီးပဲ ပြောနေပြီးတော့မှ ကိစ္စတခုခု ဖြစ်ဖို့ဆိုတာ အချိန်တခုလိုတယ်။ နောက်ပြီးတော့ တကယ်လုပ်ဖို့လည်း လိုတယ်။ လုပ်ခဲ့ရင်တောင် Result က ကောင်းချင်မှ ကောင်းဦးမှာ။ အခု ပြုပြင်ပြောင်းလဲနေတဲ့ လုပ်ဆောင်ချက်တွေ အားလုံးက အရမ်းကောင်းပါတယ်။ ကျနော်အနေနဲ့ကတော့ အကောင်းပဲ မျှော်လင့်ပါတယ်။