မေလ ၁၈ ရက် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ၌ ပြုလုပ်သည့် ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံတကာသံတမန်များတွေ့ ဆုံပွဲတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က လှေစီးဒုက္ခသည်များအရေး ဒေသတွင်းနိုင်ငံများ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ရာ အဆိုပါကိစ္စအား ပိုမိုသိရှိလိုသဖြင့် ဧရာဝတီ သတင်းထောက် ဇူးဇူးက တယ်လီဖုန်းဆက်သွယ် မေးမြန်းခဲ့ပါသည်။
မေး – လှေစီးဒုက္ခသည် (Boat People) တွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမှာလုပ်မယ့် ဆွေးနွေးပွဲမှာ “ရိုဟင်ဂျာအရေး” ဆိုတဲ့ခေါင်းစဉ်နဲ့လုပ်ရင် မြန်အာအစိုးရအနေနဲ့ မတက်ဘူးလို့ သိရတယ်။ ဟုတ်ပါသလား။
ဖြေ – ကျနော်တို့ ရပ်တည်ချက်ကို အတိအကျပြောပါ့မယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့။
တစ် ကတော့ အဲဒီလှေစီးပြီးတော့ ရောက်ရှိနေတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီလူတွေဟာ မြန်မာနိုင်ငံသား ဟုတ်တယ်မဟုတ်ဘူးဆိုတာကို ကျနော်တို့ ဆန်းစစ်မှုတွေလုပ်ဖို့ရှိပါတယ်။ ဆန်းစစ်ပြီးတော့ မြန်မာနိုင်ငံသား ဟုတ်တယ်ဆိုတာ မှန်လို့ရှိရင် ကျနော်တို့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ဖို့ရှိပါတယ်။
နှစ် ကတော့ ဒီကိစ္စဟာ ဒုက္ခသည်ကိစ္စလို့ ကျနော်မမြင်ပါဘူး။ ဒါဟာ လူကုန်ကူးမှုပြဿနာလို့ မြင်ပါတယ်။
သုံး ကတော့ ကျနော်တို့ နိုင်ငံအနေနဲ့ လူကုန်ကူးမှုကို ဖြေရှင်းနိုင်ဖို့အတွက် ဒေသတွင်းနိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်။ ဘယ်လိုပုံစံနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုတာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက အသေးစိတ်ဆုံးဖြတ်ပါမယ်။
လေး ကတော့ ရိုဟင်ဂျာဆိုတဲ့ကိစ္စကတော့ မေးစရာ အကြောင်းမရှိဘူး။ ရိုဟင်ဂျာက ကျနော်တို့လက်ခံထားတဲ့ ကိစ္စမဟုတ်တဲ့အတွက်ကြောင့် ရိုဟင်ဂျာဆိုတာ ပြောစရာအကြောင်းမရှိဘူး။
တက်မယ် မတက်ဘူးဆိုတာကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက အသေးစိတ်ဆက်လုပ်မှာပေါ့။ လောလောဆယ် ကျနော်ပြောလို့မရသေးဘူး။ ကိုဇော်ဌေး ပြောတယ်ဆိုတာလည်း သူ့ရဲ့ကိုယ်ပိုင်အယူအဆပဲ ဖြစ်ပါလိမ့်မယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ အဆုံးအဖြတ် မဟုတ်သေးဘူး။ အဲဒါလေးတော့ သေချာကိုးကားပြီး ပြောပေးပါ။ ဘယ်လိုပုံစံမျိုး လုပ်မယ်၊ ဘယ်လိုပုံစံမျိုး တက်ရောက်မယ်၊ ဘယ်လိုပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာက ကျနော်တို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သူ့ဘာသာသူ အသေးစိတ်ဆွေးနွေးပြီးမှ ဆောင်ရွက်မှာပါ။
မေး – လူကုန်ကူးမှုကို ပူးပေါင်းဆောင်ရွက်မယ်ဆိုတော့ ဘယ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာလဲ။ ဘယ်လိုဆောင်ရွက်မှာလဲ။
ဖြေ – ကျနော်တို့က နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ ဘင်္ဂလားဒေ့ရှ်တို့ အာဆီယံအဖွဲ့ဝင်တွေထဲမှာ ဒီအဖွဲ့တွေ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံတို့၊ မလေးရှားတို့၊ အင်ဒိုနီးရှားတို့လည်း ပူးပေါင်းဆောင်ရွက်မှာပဲ။ ဒီလူကုန်ကူးမှုကို ကျနော်တို့နိုင်ငံကလည်း ဒီနိုင်ငံဖြတ်ကျော်မှုခင်းတွေမှာ လက်မှတ်ထိုးထားတဲ့အတွက်ကြောင့် လုပ်မှာပဲ။ လုပ်မယ့်အသေးစိတ်ကိုသာ နိုင်ငံခြားရေးဝန်ကြီးဌာနက အသေးစိတ်ဆောင်ရွက်မှာပါ။
မေး – လှေစီးထွက်ပြေးသူတွေ မိတဲ့အခါ မြန်မာနိုင်ငံကိုပဲ ဘာကြောင့်လက်ညှိုးထင်တယ်လို့ ထင်လဲ။
ဖြေ – အဓိကကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေအရ မြန်မာနိုင်ငံကလို့ ပြောမယ်ဆိုရင် အကူအညီတို့၊ နိုင်ငံတကာအကူအညီကို လွယ်လွယ်နဲ့ရတဲ့အခါကျတော့ ဒါကို လူကုန်ကူးတဲ့လူတွေက အသုံးပြုပြီးတော့မှ လုပ်နေတယ်လို့ပဲမြင်တယ်။ ဘာကြောင့်လဲဆိုတော့ အတိတ်က အတွေ့အကြုံအရ တကယ်သွားပြီးတော့ တွေ့တဲ့အခါမှာ ၉၀ ရာခိုင်နှုန်းကျော်က နေတဲ့ရွာတို့ နာမည်လည်း မှန်အောင်မပြောနိုင်ဘူး။ ရွာကိုပြောနိုင်ရင်တောင် ရွာတည်တဲ့နေရာကို မပြောနိုင်ဘူး။ ရွာမှာရှိတဲ့အမျိုးတွေ နာမည်မပြောနိုင်တာတွေလည်း အများကြီး တွေ့ရတယ်။
မေး – မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် ဖိနှိပ်ခွဲခြားဆက်ခံနေရလို့ ဖြစ်တယ်လို့ သုံးသပ်ကြတယ်။ အဲဒီပေါ်မှာရော ဘယ်လိုတုန့်ပြန်ချင်လဲ။
ဖြေ – နံပါတ်တစ်ကတော့ အဲလိုပြောဆိုချက်တွေကို ပယ်ချပါတယ်။ နံပါတ်နှစ်ကတော့ ဒီကနေ့ ပြီးခဲ့တဲ့ ၁ နှစ်ခွဲကာလအတွင်းမှာ ရခိုင်ပြည်နယ်မှာ အခြေအနေတွေဟာ တည်ငြိမ်အေးချမ်းနေပြီးတော့မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေနိုင်နေပြီ။ သုံး ကတော့ ရခိုင်ပြည်နယ်ဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ သံရုံးတွေရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော လွတ်လွတ်လပ်လပ် သွားရောက် လေ့လာ ပူးပေါင်းဆောင်ရွက်နေကြတာပဲလေ။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ပဋိပက္ခဖြစ်တဲ့ conflict လည်းမဟုတ်ပါဘူး။ crisis လည်းမဟုတ်ပါဘူး။ အဲဒီလို မှန်းဆပြီး ပြောတဲ့ဟာတေ ွအကုန်လုံးကို ကျနော်တို့ ပယ်ချပါတယ်။