အသက် ၂၉ နှစ်အရွယ် Joshua Chit Tun သည် မြန်မာနိုင်ငံဖွားအမေရိကန် နိုင်ငံသားတယောက်ဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားခဲ့သူ ဖြစ်သည်။ သူ၏ အဖိုးဖြစ်သူWalter Chit Tun သည် မြန်မာနိုင်ငံ၏ ကျော်ကြားသော ကာလအလှမောင် တယောက်ဖြစ်ခဲ့ပြီး“ပန်းပဲမောင်တင့်တယ်” မြန်မာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်မင်းသား တယောက်လည်း ဖြစ်သည်။
ချစ်ထွန်းသည် Student Direct Charitable Foundation ကို တည်ထောင်သူဖြစ်ပြီး လာမည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်မည့် အမေရိကန် ရွေးကောက်ပွဲ၌ အထက်လွှတ်တော်အတွက် ကယ်လီဖိုးနီးယားနယ်ကို ကိုယ်စားပြုပြီး တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသူ ဖြစ်သည်။ ရွေးကောက်ခံခဲ့ရပါက အမေရိကန်နိုင်ငံတွင် အသက်အငယ်ဆုံး လွှတ်တော်အမတ်တယောက်လည်း ဖြစ်လာလိမ့်မည် ဖြစ်သည်။ ဧရာဝတီ သတင်းထောက် တင်ထက်ပိုင်က Joshua Chit Tun ကို ၎င်း၏ နိုင်ငံရေးယုံကြည်ချက်၊ ရည်မှန်းချက်နှင့် မြန်မာနိုင်ငံနှင့် ဆက်နွယ်မှုများအကြောင်း အီးမေးလ်မှတဆင့် မေးမြန်းခဲ့ပါသည်။
မေး။ ။ ကိုချစ်ထွန်းရဲ့ အကြောင်းနဲ့ မိသားစုနောက်ခံအကြောင်းတချို့ကို ပြောပြပါ။
ဖြေ ။ ။ ကျနော်ကို မြန်မာနိုင်ငံမှာပဲ မွေးတာပါ။ ကျနော် အမှတ်မမှားဘူးဆိုရင် ကျနော် အဖေနဲ့ အဖိုး ၂ ယောက်လုံးက မြန်မာနိုင်ငံမှာပဲ မွေးတာပါ။ ၁၉၉၁ ကျနော် ငါးနှစ်သားအရွယ်မှာ အမေရိကန်နိုင်ငံကို ပြောင်းလာခဲ့တယ်။ ကျနော့်အမေဘက်က အဖွားက ရှမ်းပြည်နယ်ဇာတိပါ။
အဖေ့ရဲ့ မိသားစုတွေကတော့ မွန်ပြည်နယ်ကပါ။ ကျနော် ကလေးဘဝတုန်းက ကျနော့်အန်တီနီနီချစ်ထွန်းနဲ့ သူ့အမျိုးသား ရောဘတ်ဟေးစ် တို့လက်ထဲမှာ ကြီးပြင်းခဲ့တယ်။ သူတို့က အခုထက်ထိ ကျနော်ရဲ့ တရားဝင်အုပ်ထိန်းသူတွေပါ။ သူက ကျနော်ငယ်ငယ်ကတည်းက အရှုံးမပေးတဲ့ စိတ်ဓာတ်ကို ကျနော့်ခေါင်းထဲ ထည့်ပေးခဲ့ပြီးတယ်။“မင်းရဲ့ နာမည်ကိုက မင်းရဲ့ မိသားစုကို ကိုယ်စားပြုထားတယ်။ ချစ်ထွန်းဆိုတဲ့ မိသားစုဝင် တယောက်အနေနဲ့ ဘယ်နေရာပဲရောက်ရောက် အောင်မြင်ရမယ်။ အောင်မြင်မှုတွေရလာတဲ့အခါလည်း ဒီအောင်မြင်မှုတွေက ဘယ်လိုရလာသလဲဆိုတာ အမြဲသတိပေးနေရမယ်”လို့ အန်တီကပြောခဲ့တယ်။ အတိုချုပ် ပြောရရင်တော့ ကျနော်က ရှုံးမယ့်သူတယောက် မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က မြန်မာလူမျိုးတွေနဲ့ အာရှ အသိုင်းအဝန်းရဲ့ မြင့်မြတ်မှုကိုလည်း ပြချင်တဲ့ အတွက်ကြောင့်ပါ။
မေး။ ။ Student Direct Charitable Foundationရဲ့ အကြောင်းနဲ့အဲဒီမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်တယ်ဆိုတာ ပြောပြပေးပါ။
ဖြေ ။ ။ ကျနော်က Student Direct Charitable Foundationကို တည်ထောင်သူပါ။ အဲဒီဖောင်ဒေးရှင်းကို စလုပ်ဖြစ်တာကတော့ ပညာရေးနဲ့ ပတ်သတ်တာတွေ လုပ်ချင်တာရယ်၊ မာလ်တီမီဒီယာ နည်းစနစ်တွေကနေတဆင့် အသုံးချ သင်ကြားမှုနည်းလမ်းကို မိတ်ဆက်ချင်တာကြောင့်ရယ် ကျောင်းသားတွေကိုလည်း သူတို့လိုချင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာစေနိုင်မယ့် အစီအစဉ်တွေနဲ့ ချိတ်ဆက်မိစေချင်တာကြောင့်ပါ။ နောက်ပြီး သူတို့တွေကို တယောက်နဲ့တယောက် ကူညီတတ်တဲ့ ယဉ်ကျေးမှုနဲ့ အသိုင်းအဝိုင်းအခြေပြု လုပ်ငန်းစဉ် (Community actions) တွေ အစပြုတတ်တဲ့ အလေ့အထတွေကို မွေးမြူပေးတာပါ။ ဖောင်ဒေးရှင်းမှာ ကျနော့်ရဲ့ လက်ရှိရာထူးကတော့ ဥက္ကဌ ဖြစ်ပါတယ်။
မေး ။ ။ ဒီနှစ် အမေရိကန် အထက်လွှတ်တော်မှာဝင်ပြိုင်ဖို့ ဘာ့ကြောင့်ဆုံးဖြတ်ခဲ့ပါသလဲ။
ဖြေ ။ ။ အခွင့်အလမ်းရလာတဲ့အတွက် အရယူလိုက်တာပါ။ ဒါပေမယ့် ဝင်ပြိုင်လိုက်တာနဲ့တင် ပြီးမသွားပါဘူး။ လာမယ့် ဇွန်လအကြိုရွေးကောက်ပွဲမှာ ကျနော် အနိုင်ရဖို့ လိုပါသေးတယ်။ ကျနော် ဝင်ပြိုင်ရတဲ့ အကြောင်းအရင်းက လူတိုင်းက အပြောင်းအလဲလို့ ပြောနေကြပေမယ့် ဘယ်သူကမှ ရှေ့ဆက်မတိုးကြတဲ့ အတွက်ကြောင့်ပါ။ ကျနော်ကတော့ အပြောင်းအလဲကို ယုံကြည်တယ်။ အဲဒါကြောင့်လည်းကျနော် ဝင်ပြိုင်တာပါ။ ကိုယ်စားပြုခွင့် မရတဲ့ သူတွေအတွက်၊ ပြောဆိုခွင့် မရတဲ့ သူတွေအတွက် လုပ်နေတာပါ။ လုပ်ဖို့ လိုကို လိုအပ်တဲ့အတွက် လုပ်နေတာပါ။ မအောင်မြင်သရွေ့လည်း ကျနော် မရပ်ပါဘူး။
မေး။ ။ နိုင်ငံရေးရည်မှန်းချက်က ဘာပါလဲ။
ဖြေ။ ။ နိုင်ငံရေးသမားတယောက်အနေနဲ့ ကျနော့်ရဲ့ ရည်မှန်းချက် ကတော့ စစ်မှန်တဲ့ စွမ်းအားပါပဲ။ စနစ်ကျတဲ့ အပြောင်းအလဲကို လုပ်နိုင်မယ့် စွမ်းအားပါ။ ကိုယ့်ကိုယ်ကို မရပ်တည်နိုင်တဲ့ သူတွေကို ကူညီပေးဖို့၊ နောက်လာမယ့် မျိုးဆက်တွေအတွက် ပတ်ဝန်းကျင်ကောင်းတခုကို ထိန်းသိမ်းပေးဖို့၊ လူတွေကို မှန်မှန်ကန်ကန်နဲ့ ဦးဆောင်မှုတွေ ပေးနိုင်ဖို့၊ မတရားမှု လုပ်တဲ့သူတွေကို မားမားမတ်မတ် ရပ်တည်တိုက်ခိုက်ပေးဖို့ စတာတွေကို လုပ်နိုင်မယ့် စွမ်းအားပါ။ ကျနော် ရည်ရွယ်ထားတာက အထက်လွှတ်တော် တခုတည်း မဟုတ်ပါဘူး။ အမေရိကန် အထက်လွှတ်တော်ရဲ့ ကော်မတီတွေမှာ တတ်နိုင်သလောက် တာဝန်ထမ်းဆောင်ဖို့ ရည်မှန်းထားပါတယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေအပေါ်ရော ဘယ်လိုထင်မြင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ အားလုံးမျက်မြင် သက်သေထူနေတဲ့ အပြောင်းအလဲအတွက် ကောင်းတဲ့ လက္ခဏာတခုပါပဲ။ ဒါပေမယ့် သူ့ရဲ့ တကယ့် အလားအလာကိုတော့ မေးခွန်းထုတ်စရာရှိတယ်။ မြန်မာပြည်သူတွေ စစ်မှန်တဲ့ အနာဂတ်တခု မရရှိလာခင်မှာ အခြေအနေတွေ အများကြီး ဖြစ်ပျက်ဖို့ ကျန်နေပါသေးတယ်။ ပြည်သူတွေရဲ့ အခြေခံ ပြဿနာလေးတွေနဲ့ လိုအပ်ချက်တွေကိုလည်း ကျနော် သဘောပေါက် နားလည်းထားပြီးပါပြီ။ နိုင်ငံရေးသမားတွေရဲ့ ပြဿနာက ပြည်သူတွေကို မေ့နေတာပဲ။
နောက်တခု ကျနော်ပြောချင်တာက မြန်မာနိုင်ငံ ပွင့်လင်းသွားပြီးတဲ့နောက်မှာ အနောက်နိုင်ငံတွေအတွက် အခွင့်အလမ်းတွေ တပုံတခေါင်းကြီး ဖြစ်လာစေတယ်။ ဒါကို မြန်မာပြည်သူတွေ သတိထားမိနေဖို့ လိုသလို သူတို့ရဲ့ ရည်ရွယ်ချက်တွေကိုလည်း သိထားဖို့ လိုတယ်။ Capitalism ဆိုတာဟာ တနည်းအားဖြင့် လက်အောက်ခံအဖြစ် သွတ်သွင်းတဲ့ နည်းနောက်တမျိုးပါပဲ။ ကျနော်ပြောတာကို နားလည်မှု မလွဲစေချင်ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေက လိုအပ်ပါတယ်၊ ဒါပေမယ့် ဘာ့ကြောင့် ဖြစ်နေတယ် ဆိုတဲ့ အကြောင်းအရင်းဆိုတာ ရှိစမြဲ ဖြစ်တဲ့အတွက် ဘယ်သူ့ကို ယုံကြည် ပုံအပ်လိုက်တယ် ဆိုတာ သတိထားဖို့ လိုပါတယ်။
နောက်ဆုံးအမြင်တခုကတော့ ကျနော်က ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြွင်းမဲ့ ယုံကြည်မှုတွေ ပုံအပ်မထားပါဘူး။ ဒါဟာ ဘယ်သူကိုမှ စိတ်ပျက်စေချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်သူတွေ အမြင်ပွင့်လင်းဖို့နဲ့ မြန်မာနိုင်ငံအတွက် သူလုပ်ပေးခဲ့တာတွေက မလုံလောက်သေးဘူးလားဆိုတာကို ကိုယ့်ကိုယ်ကို ပြန်မေးကြစေချင်လို့ပါ။
အခု သူက အသက်အတော်ကြီးနေပါပြီ။ ကျနော် ဒါ မရိုမသေသဘောနဲ့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် သူလည်း သူ့ဘဝနဲ့သူအသက်ရှင်ဖို့ လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ နောက်ပြီး ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းပေါ် သွားနေပြီဆိုရင် အလားတူ နိုင်ငံရေးပါတီတွေ မြန်မာနိုင်ငံမှာထပ်ပြီး မြင်ချင်ပါတယ်။ မြန်မာပြည်သူတွေကို ပိုပြီး လွတ်လွတ်လပ်လပ်နဲ့ အခွင့်အလမ်းတွေလည်း ပိုပြီး ရစေချင်ပါတယ်။ တချိန်တည်းမှာပဲနို င်ငံရဲ့ ရိုးရာအစဉ်အလာတွေနဲ့ သိပ်ကြွယ်ဝတဲ့ အမွေအနှစ်တွေကို တန်ဖိုးထားတတ်ပြီး အဲဒီအရာတွေကို အနောက်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုကနေလည်း ကာကွယ်တတ်ကြဖို့ လိုပါတယ်။
အတွေးအခေါ်သစ်တွေ၊ ပွင့်လင်းတဲ့ အမြင်တွေနဲ့ ကြိုးစားတဲ့ လူတွေကို ပိုပြီး မြင်တွေ့ချင်ပါတယ်။ နောက်မျိုးဆက်သစ်တွေကသာလျှင် ဒါတွေရဲ့ အဖြေလို့ ထင်ပါတယ်။ ဒါတွေကို မမြင်ရသရွေ့တော့ ကျနော်က ပြောင်းလဲမှုတွေကို သံသယ ဖြစ်နေဦးမှာပါ။
မေး။ ။ မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ အမေရိကန်ရဲ့ မူဝါဒကို ဘယ်လိုထင်ပါသလဲ။
ဖြေ ။ ။ တရုတ်နိုင်ငံကို ထည့်စဉ်းစားမယ်ဆိုရင် အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့ လိုအပ်တယ်ဆိုတာ ကျနော်ပြောနိုင်ပါတယ်။ သိလည်း သိပါတယ်။ နိုင်ငံခြားရေးရာ မူဝါဒတွေနဲ့ ပတ်သတ်တဲ့ အနောက်နိုင်ငံတွေရဲ့ အလေ့အထကိုလည်း စိုးရိမ်ပါတယ်။ အဲဒီအရာတွေက ကျနော် အမေရိကန် လွှတ်တော်အမတ်ဖြစ်လာတဲ့အခါ အရေးပါလာပါမယ်။ ကျနော်မွေးဖွားရာ နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံကို စောင့်ရှောက်ဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ကိုယ့်ကိုယ်ကိုယုံတယ်လေ။ ဒါပေမယ့် တခြားနိုင်ငံရေးသမားတွေကတော့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ရင် ကျနော်နဲ့ တူညီတဲ့ စိတ်ရှိမလား ကျနော် မပြောနိုင်ဘူး။
မေး ။ ။ မြန်မာနိုင်ငံနဲ့ ဆက်နွယ်မှု ရှိတယ်လို့ ခံစားရပါသလား။ ဘာကြောင့်ပါလဲ။
ဖြေ။ ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တော်တော်ကို ဆက်နွယ်မှု ရှိတယ်လို့ ခံစားရပါတယ်။ ကျနော့်ဘဝမှာ ဘယ်နေရာပဲရောက်ရောက် မြန်မာလူမျိုးတယောက် အဖြစ်ပဲရှိနေမှာပါ။ ကျနော့်အဖိုးက မပြီးပြတ်တဲ့ အလုပ်တွေ အများကြီးချန်ထားခဲ့ပြီး မမျှော်လင့်ဘဲ ဆုံးသွားခဲ့တယ်။ ချစ်ထွန်းဆိုတဲ့ မိသားစုဝင်တယောက် အနေနဲ့ မြန်မာလူမျိုးတွေဟာ မြင့်မြတ်တဲ့ လူမျိုးဖြစ်တယ်ဆိုတာကို မေ့လို့ကို မဖြစ်ပါဘူး။ မြန်မာလူမျိုးတွေအတွက်၊ အာရှဆိုတဲ့ အသိုင်းအဝိုင်းကြီးအတွက် တာဝန်တွေ ဝတ္တရားတွေ ရှိနေတယ်လို့ ခံစားရပါတယ်။မြန်မာကလေးတယောက်လည်း ကျနော် မွေးစားချင်နေတာပါ။ ဖြစ်နိုင်မလားဆိုတာ သေချာမသိပေမယ့် ကျနော်ဟာ ဘယ်နေရာနဲ့သက်ဆိုင်တယ်ဆိုတာကို တဖြည်းဖြည်းနဲ့ နားလည်လာလို့ ကျနော်ထင်ပါတယ်။