ဂျပန်နိုင်ငံတွင် ဒုတိယအကြီးဆုံး ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု ကော်ပိုရေးရှင်းဖြစ်သည့် Daiwa Securities Group (DSG) က တခြား ဂျပန်နည်းပညာကုမ္ပဏီများနှင့် တွဲဖက်၍ မြန်မာအစိုးရအတွက် သတင်း အချက်အလက်ဆိုင်ရာ နည်းပညာ ကျောရိုးစနစ်တခု တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြှပ်နှံသွားမည်ဟု ရိုက်တာသတင်းတရပ်၌ ဖော်ပြထားသည်။
ယင်းအစီအစဉ်သည် နည်းပညာ အခြေခံအဆောက်အအုံပိုင်းတွင် ချွတ်ခြုံကျလှသည့် မြန်မာနိုင်ငံအား အပြိုင်အဆိုင် အနေအထားသို့ ရောက်စေလိမ့်မည်ဟု အဆိုပါသတင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ကွန်ပျူတာကွန်ရက် တည်ဆောက်ရန်အတွက် အစီအစဉ်များ ရေးဆွဲရန် DSG အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲရာတွင် ကုန်ကျမှုများအတွက်လည်း ဂျပန်အစိုးရထံမှ အကူအညီ ရယူလျှက်ရှိကြောင်း DSG ၏ အမှုဆောင်အရာရှိတဦးက ပြောသည်။
DSG သည် မြန်မာအစိုးရနှင့် ရေရှည် အချိတ်အဆက်များရှိခဲ့ပြီး မြန်မာပြည်တွင် စတော့အိတ်ချိန်းတခု ကူညီထူထောင်ပေးရန် ရွေးချယ်ထားသော ကော်ပိုရေးရှင်းလည်း ဖြစ်သည်။
ရိုက်တာနှင့် တွေ့ဆုံမေးမြန်းတခုတွင် ဒိုင်ဝါ သုတေသန အင်စတီကျု (Daiwa Institute of Research) ဥက္ကဋ္ဌ တာကာရှီ ဖူကိုင် (Takashi Fukai) က ပါနာဆိုးနစ် (Panasonic)၊ တိုရှီဘာ (Toshiba)၊ ဟိတချိ (Hitachi)၊ NEC နှင့် KDDI ကော်ပိုရေးရှင်းများကလည်း ဤစီမံကိန်းတွင် ပူးပေါင်းပါဝင်၍ နည်းပညာနှင့် ဝန်ဆောင်မှုများပေးရန် စိတ်ဝင်စားမှုပြခဲ့သည်ဟု ဆိုသည်။
“ဂျပန်တွေချည်းလုပ်မယ့် အစီအစဉ်ပေါ့” ဟု တာကာရှီ ဖူကိုင်က ဆိုသည်။ သို့ရာတွင် ယင်းစီမံကိန်းတွင် DSG နှင့် ပူးပေါင်း ဆောင်ရွက်ရန် အလားအလားရှိသည့် အဆိုပါ ကော်ပိုရေးရှင်းများကမူ ၎င်းတို့ အစီအစဉ်များနှင့်ပတ်သက်၍ တစုံ တရာ ထင်မြင်ချက်ပေးရန် ငြင်းဆိုကြသည်။
DSG ၏ အစီအစဉ်အရ မြန်မာနိုင်ငံရှိ အစိုးရဝန်ကြီးဌာနများ အပါအဝင် ကျောင်းများ၊ ဆေးရုံများအားလုံးသည် Cloud Computing System အောက်တွင် အပြန်အလှန် အချိတ်အဆက် ရှိသွားကြမည်ဖြစ်သည်။ လျှပ်စစ်စွမ်းအားနှင့် ကွန်ရက်အင်ဂျင်နီယာများ လုံလောက်မှုမရှိသော မြန်မာနိုင်ငံတွင် ဤစနစ်သည် ပုံမှန်လုပ်ရိုးလုပ်စဉ် ဆာဗာအခြေပြုစနစ်ထက် ပို၍ အကုန်အကျ သက်သာပြီး ဆက်သွယ်ရာတွင် ပိုမိုလျင်မြန်သော ရွေးချယ်စရာ အခြားနည်းလမ်းတခုဖြစ်သည်။
ယန်း ၃၀ ဘီလီယံ (ဒေါ်လာ ၃၈၄ မီလီယံ) ကုန်ကျမည်ဟု ခန့်မှန်းထားသော ကွန်ပျူတာစနစ်အား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဗဟိုဘဏ်ဌာနခွဲများတွင် စတင်တည်ဆောက်သွားမည်ဟု တာကာရှီ ဖူကိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းတခု ထူထောင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တိုကျို စတော့အိတ်ချိန်း (Tokyo Stock Exchange – TSE) တို့ ပြီးခဲ့သည့် မေလကုန်၌ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သဖြင့် ဤ ဒေါ်လာ သန်း ၃၈၀ ရင်းနှီး မြှုပ်နှံမှုကြောင့် DSG အနေနှင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား အဓိက ဆက်သွယ်ရာလမ်းကြောင်း ဖြစ်လာရေးတွင် ပို၍ အထောက်အကူဖြစ်စေလိမ့်မည်။ ယင်း စတော့အိတ်ချိန်းစီမံချက်တွင် DSG နှင့် TSE တို့သည် အကျိုးတူစီးပွားဖက်များ ဖြစ်ကြသည်။
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency) က ငွေကြေးထောက်ပံ့သည့် ဘဏ်တွင်းလုပ်ငန်းအခြေချစနစ် (Intrabank Settlement System) ဆိုင်ရာ လေ့လာမှုတခုကိုလည်း ဖုဂျစ်စု (Fujitsu) နှင့် NTT Data ကုမ္ပဏီများက စတင်ဆောင်ရွက်လျှက်ရှိသည်။
DSG က အကျိုးတူအဖြစ် ဖက်စပ်ဆောင်ရွက်လျှက်ရှိသော သေးငယ်သည့် စတော့ဈေးကွက်အား လုပ်ငန်းအပြည့်အဝ ပီပီပြင်ပြင်ဆောင်ရွက်နိုင်သည့် အချက်အချာတခုအဖြစ် အသစ်ပြန်လည်ပြု ပြင်ရန် ယန်း ၂ ဘီလီယံခန့် ကုန်ကျလိမ့်မည်ဟု တာကာရှီ ဖူကိုင်က ပြောသည်။
စတော့ဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား မြန်မာနိုင်ငံသို့ ဆွဲခေါ်ရာတွင် အထောက်အကူ ဖြစ်စေမည့်အပြင် ယင်း စတော့ဈေးကွက်အား ၂၀၁၅ ခုနှစ်တွင် အပြီးသတ်ထူထောင် လည်ပတ်နိုင်လိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။
ထို့ပြင် ယင်းစတော့ဈေးကွက်တွင် ပါဝင်ရန် သဘာဝဓာတ်ငွေ့ကုမ္ပဏီတခု၊ သတ္တုတူးဖော်ရေး ကုမ္ပဏီတခုနှင့် စိုက်ပျိုးရေးလုပ်ငန်း တခုအပါအဝင် မြန်မာ ကုမ္ပဏီ ၂၀ ကျော်အား DSG က ချဉ်းကပ်ခဲ့ပြီးဖြစ်ကြောင်းလည်း တာကာရှီ ဖူကိုင်က ပြောသည်။
ဗီယက်နိုင်ငံကဲ့သို့ မြန်မာနိုင်ငံတွင်လည်း သက္ကရာဇ် ၂၀၂၀ တွင် ယင်းစတော့ဈေးကွက်၌ ကုမ္ပဏီ ၁၈၀ မှ ၃၀၀ အထိ ရောင်းဝယ်ကြလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆက်ပြောသည်။ အကယ်၍ ယင်းစတော့ဈေးကွက်တွင် စာရင်းသွင်းထားသော ကုမ္ပဏီ အရေအတွက် ၃၀၀ ရှိပါက အမြတ်ငွေ ယန်း ၁ ဘီလီယံခန့် ရလိမ့်မည်ဟု ၎င်းက ဆိုသည်။
DSG အနေနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အတွက် ဆော့ဖ်ဝ်ကုမ္ပဏီဖြစ်ပြီး မြန်မာ ကွန်ပျူတာ အသင်းချုပ် (Myanmar Computer Federation) ဥက္ကဋ္ဌ ဦးသိန်းဦး ပိုင် ACE Data Systems ကုမ္ပဏီနှင့် လာမည့်အောက်တိုဘာလမှစ၍ ဖက်စပ်ကုမ္ပဏီတခု ထူထောင်သွားရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။