ဧရာဝတီမြစ်ကြီးအား ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်သွားရန် ဧရာဝတီမြစ် ကော်မရှင်တရပ် ဖွဲ့စည်းတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
“မြန်မာနိုင်ငံ၏ အမျိုးသားမြစ်ကြီး ဧရာဝတီ ထာဝရ ရှင်သန်ရေးအတွက် ဧရာဝတီမြစ်ကော်မရှင် (The Ayeyarwady River Commission – ARC) ဖွဲ့စည်းဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို မန္တလေးတိုင်းဒေသမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်က တင်သွင်းရာ အများစုက ထောက်ခံ၍ ကော်မရှင်ဖွဲ့စည်းရန် အမျိုးသားလွှတ်တော်က ယမန်နေ့တွင် အတည်ပြုပေးခဲ့သည်။
ထိုကော်မရှင်တွင် မြစ်ကြောင်းနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူများ စသည်ဖြင့် ပါဝင်မည်ဖြစ်ပြီး မကြာမီ ဖွဲ့စည်းသွားနိုင်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တချို့က ဧရာဝတီသို့ ပြောသည်။
ဧရာဝတီ မြစ်ထိန်းသိမ်းရေး ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပွဲတရပ်ကိုလည်း ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမ၌ ယခုရက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများ၊ ပညာရှင်များက တက်ရောက် ဆွေးနွေး အဖြေရှာကြမည် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ဆိုသည်။
“ဧရာဝတီမြစ်ဆုံ စီမံကိန်းကို သမ္မတက သူ့သက်တမ်းမှာပဲ ရပ်ထားဖို့ ပြောထားတယ်။ ဒီတော့ သူ့သက်တမ်းမှာသာမက ထာဝရ ထိန်းသိမ်းသွားဖို့ ကိစ္စတွေ အဓိက ဆွေးနွေးမယ်။ ဒီမြစ်ဟာ ကျနော်တို့ရဲ့ အမျိုးသား သင်္ကေတ ဖြစ်လို့ အေးချမ်းစွာ စီးဆင်းစေချင်တယ်။ ဘာအနှောင့်အယှက်မှ မပေးစေချင်ဘူး” ဟု ဦးအုန်းက ဧရာဝတီသို့ ပြောသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လွှတ်တော်မှ ထုတ်ပြန်ထားသည် နည်းဥပဒေတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ရေးဆွဲထားသည့် အချက်အလက်များသည် ရာနုန်းပြည့်နီးပါး ပြည့်စုံနေ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ထိုဥပဒေအတိုင်း လိုက်နာကျင့်သုံးရန်သာ လိုအပ်ကြောင်းလည်း ဦးအုန်းက ပြောသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ဥပဒေတွင် ဆုတ်ယုတ် ပျောက်ကွယ်စ ပြုနေပြီ ဖြစ်သည့် ဂေဟစနစ်များကို တတ်စွမ်းသမျှ ဖော်ထုတ်ရန်နှင့် သဘာ၀ သယံဇာတ အရင်းအမြစ်များ လျော့နည်းဆုံးရှှုံးမှု တားဆီးရေးနှင့် စဉ်ဆက်မပြတ်အကျိုးရှိစွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်တို့ကို ထည့်သွင်းပြဌာန်းထားသည်။
ဧရာဝတီမြစ် ထာဝရ ရှင်သန်ရေးကိစ္စသည် ပို့ဆောင်ရေးဝန်ကြီးဌာန တခုတည်းနှင့်သာ သက်ဆိုင်နေခြင်း မဟုတ်ဘဲ မြစ်စီးဆင်းရာ ဒေသတလျှောက်ရှိ တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးတို့တွင် တာဝန်ရှိ၍ ဌာနတခုချင်း၊ အဖွဲ့တဖွဲ့ချင်း၊ ဒေသတခုချင်းစီက ဆောင်ရွက်ရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် ကော်မရှင်တရပ် ဖွဲ့စည်းရန် လိုအပ်ကြောင်း ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ ဆွေးနွေးမှုများကို ယနေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။
မြစ်ကြောင်းတလျှောက် ပျက်စီးတိမ်ကောရခြင်း ကိစ္စတွင် သစ်တောများ အဆမတန် ခုတ်လှဲခြင်း၊ ရွှေတူးဖော်ခြင်း၊ တံတားဆောက်ခြင်း၊ သတ္တုတူးဖော်ခြင်း စသည်တိ့ုကို ထိန်းသိမ်းဆောင်ရွက်ရေး ကိစ္စများနှင့် ပတ်သက်၍ ကော်မရှင်အနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ငွေကြေး အရင်းအနှီး ကြီးမား၍ အားလုံးပါဝင် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
“မြစ်ကြီးက အားလုံးပျက်စီးနေပြီဆိုတော့ ထိန်းသိမ်းရေးလုပ်ဖို့ နောက်တောင် ကျနေပါပြီ။ ပို့ဆောင်ရေး ဝန်ကြီးဌာကလည်းပဲ ငွေအကုန်အကျများမယ့် ကိစ္စဆိုတော့ သူတို့ကိုယ်တိုင် မလုပ်နိုင်လို့ ကော်မရှင်ဖွဲ့မဲ့ကိစ္စကို လိုလိုလားလားပဲ သဘောတူပါတယ်” ဟု ၎င်းက ဆိုသည်။
မြစ်ကြောင်းထိန်းသိမ်းရေး ကိစ္စများနှင့် ပတ်သက်၍ လွှတ်တော်အသီးသီး၌ မကြာခဏ တင်ပြဆွေးနွေးခဲ့သော်လည်း ထိုကိစ္စသည် ငွေကြေး အကုန်အကျ များပြားလွန်းသည့် ကိစ္စဖြစ်၍ ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးများက ဖြေဆိုခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ လယ်မြေသိမ်း ပြဿနာများ၊ အလုပ်သမား၊ စီးပွားရေး စီမံကိန်းများ အကောင်အထည်ဖော်မှုနှင့် ပတ်သက်သော ပြဿနာများ စသည်ဖြင့် ပြဿနာများကို ဖြေရှင်းရန် အစိုးရအဖွဲ့နှင့် လွှတ်တော် အသီးသီးတို့တွင် ကော်မတီ၊ ကော်မရှင် အများအပြား ဖွဲ့စည်းထားသည့်တိုင် လက်တွေ့ဆောင်ရွက်မှုတွင် အားနည်းနေသည့်အတွက် အများ၏ ဝေဖန်မှုများလည်း ရှိနေသည်။
“ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီး ကော်မရှင်ဖွဲ့ပြီဆိုတော့ ကော်မရှင်က မလုပ်ရင်လည်း လုပ်အောင် ကျနော်တို့က တွန်းအားပေးမယ်။ ကြေးနီစီမံကိန်းကိုလည်း လုံး၀ ရပ်တန့်ဖို့ တွန်းအားပေးထားတယ်” ဟု ဦးအုန်းက ဆိုသည်။