အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကုရ်ဘာနီ အိဒ်ပွဲတော် ရပ်ဆိုင်းထားရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ဝင် အားလုံး တညီတညွတ်တည်း သဘောတူကြောင်းက ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့ မနက်ပိုင်းတွင် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များနှင့် သာသာနာရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှု အခြေအနေအရ ကုရ်ဘာနီ ပြုလုပ်ခြင်း ရပ်ဆိုင်းထားရန် ဘာသာရေးခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
“သာသနာရေးဝန်ကြီးဌာနက လုပ်ခွင့်မပေးတာ မဟုတ်ဘူး။ ကျနော်တို့ အနေနဲ့ အခြေအနေ အရပ်ရပ်အရ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လဝီအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်စိုးက ပြောသည်။
အောက်တိုဘာလ ၂၃ ရက်နေ့က ကုရ်ဘာနီ ပွဲတော် ပြုလုပ်မှု ရပ်ဆိုင်းထားရန်အတွက် အိုလမာ – အစ္စလာမ် သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလမ် သာသနာရေးရာ ကောင်စီဌာနချုပ်၊ မြန်မာ မွတ်စလင်လူငယ်များ (ဘာသာရေးအဖွဲ့)၊ မြန်မာ မွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်တို့ လက်မှတ်ရေးထိုး၍ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအသင်းချုပ်က လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပေ။
သို့ရာတွင် အောက်တိုဘာ ၂၅ ရက်နေ့ ယနေ့ရက်စွဲဖြင့် ထပ်မံထုတ်ပြန်သော ကြေညာချက်မှာမူ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေး အဖွဲ့ကြီးတွင် ပါဝင်သည့် အဖွဲ့ ၅ ဖွဲ့ မှ တညီတညွတ်တည်း ဆုံးဖြတ် လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။
“အစိုးရအဖွဲ့ရဲ့ စေတနာကို လေးစားပါတယ်။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အခြေအနေ အရပ်ရပ်ကို ထည့် စဉ်းစားပြီးတော့ ဒီနှစ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျနော်တို့က ပိုလုပ်ချင်ပါတယ်။ ဒါပေမယ့် ဒီနှစ်မလုပ်ခြင်း အားဖြင့် နောက်နှစ်မှာ ပိုပြီးတော့ လုံခြုံတဲ့ အခြေအနေ၊ တရားဥပဒေ စိုးမိုးတဲ့ အခြေအနေနဲ့ ကုရ်ဘာနီ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဦးတင်မောင်မောင်က ပြောသည်။
ယခုနှစ် ကိုရ်ဘာနီ မပြုလုပ်ခြင်းမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းနှင့် ကရင်ပြည်နယ်တို့ရှိ မွတ်စလင်များ ကြုံတွေ့နေရသော ခြိမ်းခြောက်ခံနေရမှုများကြောင်း ဖြစ်သည်ဟု သူက ဆိုသည်။
တချိန်တည်းတွင် မန္တလေးရှိ ကိုရ်ဘာနီရေးရာ ဆောင်ရွက်ရေး ဗဟိုအဖွဲ့ကလည်း အစ္စလာမ် ဘာသာရေး အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အရ ယခုနှစ် ကိုရ်ဘာနီ ပွဲတော်ကို ကျင်းပမည် မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
ကုရ်ဘာနီ အိဒ်ပွဲတော်သည် အစ္စလာမ် ဘာသာတွင် အရေးကြီးသော ပွဲတော်ဖြစ်ပြီး ပြဌာန်းရခြင်းနှင့် ပတ်သက်ပြီး ကိုရမ်ကျမ်းစာ ၂၂: ၂၈ တွင် “တွက်ချက်သတ်မှတ်ထားသော နေ့ကာလအတွင်း ခွါကွဲစားမြှုံ့ပြန် သတ္တဝါများကို သင်တို့အတွက် ရိက္ခာဖြစ်စေ၏။ သို့ဖြစ်၍ ၎င်းကို စားသုံးကြလော့။ နွမ်းပါးသော သူဆင်းရဲများအား ကျွေးမွေးကြလော့” ဟု ဆိုထားသည်။
၁၉၉၇ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တွင်လည်း မွတ်စလင် ဘာသာဝင်များ၏ ကုရ်ဘာနီ အီဒ် ပွဲတော် ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကလည်း အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်ဆိုင်း စေရေးအတွက် ကြေညာချက်များ အသီးသီး ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့ရှိ ရခိုင် တိုင်းရင်းသားများ အသိုင်းအဝန်းကလည်း ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် ဆန္ဒထုတ်ဖော် ဆုတောင်းပွဲကို ယနေ့ နံနက်ပိုင်းက ဆူးလေစေတီနှင့် ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။