ယမန်နေ့က ပြန်လည်ထွက်ခွာသွားပြီဖြစ်သော ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး သည် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ပေးရန်ရှိသော အကြွေးများကို လျှော်ပေးခဲ့ပြီး မြန်မာနိုင်ငံကို အကူအညီများ အလုံးအရင်းနှင့် ပေးရန် ကတိပြုခဲ့သည်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ ကြွေးလျှော်ပေးသည့် ပမာဏမှာ နောက်ကျကြေးအပါအဝင် စုစုပေါင်း ဂျပန်ယန်းငွေ ၁၈၆ ဒသမ ၆ ဘီလီယံ အထိရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်း ၃ ရပ်အတွက် တရားဝင်အကူအညီ ဂျပန် ယန်း ၅၁ ဒသမ ၀၅၂ ဘီလီယံကိုလည်း ပေးအပ်ရန် သဘောတူညီခဲ့ကြောင်း အစိုးရမီဒီယာများက ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ်ကာလအတွင်း သဘောတူညီမှု စာချုပ် ၄ ခုကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ထိုစာချုပ်ထဲတွင် ပျမ်းမျှ ဂျပန်ယန်း ၁.၉ ဘီလီယံ မျှကုန်ကျနိုင်မည့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာသင်ဆုနှင့် ပျမ်းမျှ ဂျပန်ယန်း ၄၅၆ မီလီယံမှျှ ကုန်ကျနိုင်မည့် ရန်ကုန်မြို့တော် ရေပေးဝေရေး စနစ် တိုးတက်မြှင့်တင် ရေး စီမံချက်များအတွက်လည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ဂျပန်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်ခရီးစဉ်တွင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများဖွံ့ဖြိုးမှု၊ ကျေးလက်ဖွံ့ဖြိုးမှု၊ ပြည်သူများ၏ လူနေမှုဘ၀ တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေး၊ လျှပ်စစ်ကဏ္ဍများအတွက် ဂျပန် ယန်း သန်း ၉၁၀၀၀ ကို ကူညီသွားမည့်အကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့အပြင် မေ ၂၅ ရက်နေ့ကလည်း ဂျပန်နိုင်ငံမှ Mitsubishi ကုမ္ပဏီ အပါအဝင် ဂျပန် စီးပွားရေး ကုမ္ပဏီ ၃ ခုနှင့် မြန်မာနိုင်ငံမှ အများပိုင် ကုမ္ပဏီ ၉ ခု စုပေါင်းထားသော စီးပွားရေး လုပ်ငန်းစုနှင့် ရန်ကုန်မြို့ သံလျင်မြို့နယ်ရှိ သီလ ဝါ အထူးစီးပွားရေးဇုန် ခန်းမတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
“ ဒီသီလဝါ စီမံကိန်း အောင်မြင်နိုင်မယ့် အချက်တစ်ခုက အစိုးရ ၂ ရပ်ပူးပေါင်းတဲ့အတွက်က အကြောင်းတစ်ရပ်ဖြစ်တယ်။ နောက်ပြီး သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်ဆီးမှုတွေ နည်းနိုင်သမျှ နည်းအောင်လုပ်တဲ့ နည်းပညာတွေ ဖြန့်ဝေ ပေးမယ်ဆိုရင် အောင်မြင်မယ့် စီမံကိန်းဖြစ်တယ်” ဟု အမျိုးသားစီမံကိန်းနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဝန်ကြီးဌာန ဒုတိယ ဝန် ကြီး ဦးဆက်အောင်က သီလဝါ အထူးစီးပွားရေးဇုံခန်းမတွင် ပြောကြားခဲ့သည်။
သီလဝါ အထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ရေးအတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်အတွက် ဂျပန်ယန်း ၂၀ ဘီလီယံမျှ ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။
ထို့အပြင် သီလဝါ စီးပွားရေးဇုံခန်းမတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော ဂျပန်စီးပွားရေးကိုယ်စားလှယ်ဘက်မှလည်း “ ဒီ စီမံကိန်းနဲ့ ပတ်သက်လို့ လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးထိခိုက်မှု လေ့လာတိုင်းတာနိုင်ဖို့ နည်းပညာတွေကို ပံ့ပိုး ကူညီသွားမယ်လို့ ကတိပြုပါတယ် ” ဟု ဆိုသည်။
ဂျပန် ဝန်ကြီးချုပ်သည် မေ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်ရှိ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခဲ့ပြီး ရေဝေးသုဿာန်ရှိ ဂျပန်သချၤ ိုင်းသို့ သွားရောက်ခဲ့သည်။
ထို့နောက် သံလျင်မြို့နယ်၊ ထမလုံအနီးရှိ ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့သော အခြေခံပညာ မူလတန်းသို့သွားရောက်ပြီး ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာများနှင့်တွေ့ဆုံခဲ့သည်။
အဆိုပါကျောင်းဝင်းအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများနှင့် ဒေသခံ ကျောင်းသားကျောင်းသူများ နှင့် တဖက်၊ ဂျပန်ဝန်ကြီးချုပ်နှင့် လိုက်ပါလာသော တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက တဖက် ဖြင့် လွန်ဆွဲပွဲ ကျင်းပခဲ့သည်။
“ဒီလွန်ဆွဲပွဲက ဂျပန်တို့ရဲ့ ရိုးရာ ဓလေ့ပါ။ အားလုံးက စည်းလုံးညီညွတ်တယ်၊ အသင်းအဖွဲ့ စိတ်ဓါတ်ရှိတယ်ဆိုတာ ပြသဖို့ ဒီလိုပွဲမျိုး ကျင်းပတာပါ” ဟု ဂျပန်ဝန်ကြီးချုပ်နှင့် လိုက်ပါလာသော လုံခြုံရေး ဗဟိုစည်းမှ တာဝန်ရှိသူ ဂျပန်လူမျိုး တစ်ဦး က ဧရာဝတီကို ရှင်းပြသည်။
မေ ၂၅ နေ့လည်ပိုင်းတွင်လည်း ဂျပန်ဝန်ကြီးချုပ်က UMFCCI တွင်ကျင်းပသော ဂျပန်စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် နှုတ်ခွန်းဆက်သခဲ့သည်။ ထို့နောက် ချယ်ထရီယံ ဟိုတယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။