ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်နယ်ငြိမ်းချမ်းမှုရရှိရေး ဆန္ဒပြတောင်းဆိုရန် ဦးဆောင်ပါဝင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဖုန်းမှတဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ခံနေရကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ၏ ညီမ က ပြောသည်။
ပြည်နယ်ဝန်ကြီးချုပ်၏ ဆွေမျိုးများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ခေါင်းဆောင်များ၏ ဇနီးများက ဦးဆောင်၍ ယခုလ ၂၈ ရက်နေ့ မြစ်ကြီးနားတွင် ဆန္ဒပြမည်ဟု သတင်းမီဒီယာများတွင် ၎င်း၏ အမည်ပါဝင်လာပြီးနောက် ယင်းသို့ ခြိမ်းခြောက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း ၏ ညီမဖြစ်သူ ဒေါ်လဂျွန်ဆိုင်းတောင် က ရှင်းပြသည်။
“ကျမကို ဖုန်းသရဲတွေက အများကြီး ဆက်လာပါတယ်၊ မင်းတို့ လမ်းလျှောက်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးမှ ရှည်ရှည် ဝေးဝေး မပြောချင်ဘူး၊ ချက်ချင်း ရပ်လိုက်ပါတဲ့၊ မင်းနဲ့အတူ ခေါင်းဆောင်အားလုံးကို ပြောပါတဲ့၊ မရပ်ဘူးဆိုရင်တော့ မင်းတို့ကို ဟိုလို လုပ် မယ်၊ ဒီလိုလုပ်မယ်နဲ့ ခြိမ်းခြောက်ပါတယ်”ဟု ဒေါ်လဂျွန်ဆိုင်းတောင် က ဧရာဝတီသို့ပြောသည်။
ထိုကဲ့သို့ ခြိမ်းခြောက်မှုများကြောင့် ကြောက်ရွံ့တုန်လှုပ်မိကြောင်း၊ ရဲစခန်းသို့တိုင်ကြားခြင်း မပြုသေးသော်လည်း မြစ်ကြီးနား မြို့နယ် တရားရုံးနှင့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များကို အသိပေး အကူအညီတောင်းခံ ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။
ခြိမ်းခြောက်သူများသည် ကချင်ဘာသာစကားများဖြင့် ပြောဆိုခြင်းဖြစ်ပြီး ဆက်သွယ်လာသော ဖုန်းနံပါတ်များမှာလည်း ပြည်တွင်း သုံး လက်ကိုင် ဖုန်းနံပါတ်များဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ဟိုတနေ့က ဖုန်းဆက်လာတဲ့ လူကတော့ အသက်ခပ်ကြီးကြီးအသံနဲ့ပဲ ကချင်စကားနဲ့ ပြောလာတာရှင့်၊ ကျမလည်း ကြောက်လန့် ပြီးတော့မှ ညမအိပ်နိုင်အောင်ဖြစ်ရပါတယ်၊ အဲဒီအတွက် ဘုန်းတော်ကြီးတွေကို အကူအညီတောင်း၊ ဆုတွေ ဘာတွေ တောင်းပြီး မှ အိပ်ပျော်ရပါတယ်”ဟု ဒေါ်လဂျွန်ဆိုင်းတောင် က ပြောသည်။
မြစ်ကြီးနားမြို့ပေါ်တွင် အမျိုးသမီးများက ဦးဆောင်ဆန္ဒပြကြရန် လုပ်ဆောင်နေမှု၌ ရန်ကုန်မြို့တွင် နေထိုင်သော ၎င်းအနေဖြင့် ပါဝင်ခြင်းမရှိကြောင်း၊ ၎င်းအမည် ပါဝင်လာခြင်းနှင့်ပတ်သက်၍လည်း ဆန္ဒပြရန် ဦးဆောင်လှုံ့ဆော်နေသူ ကြံ့ခိုင်ရေးပါတီ ဆွမ် ပရာဘွမ် ပြည်သူ့လွှတ်တော် အမတ် ဦးခမိုင်တန် ၏ ဇနီး ဒေါ်ဂျာခေါန် ကိုလည်း သတိပေးပြောဆိုခဲ့ကြောင်း ရှင်းပြသည်။
တချိန်တည်းမှာပင် မြစ်ကြီးနားတွင် ပြုလုပ်ရန်ပြင်ဆင်နေသောဆန္ဒပြပွဲကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထိုပွဲဖြစ် မြောက်ရေး ဦးဆောင်လှုံ့ဆော်သူ ဒေါ်ဂျာခေါန်က ဧရာဝတီသို့ ပြောသည်။
“အန်တီတို့ကတော့ ဆန္ဒပြပွဲမလုပ်ဖြစ်တော့ဘူး။ ဘာလို့လည်းဆိုတော့ လုံးဝ မထင်မှတ်ထားတဲ့ ခေါင်းစဉ်ကြီး ထိုးဝင်လာလို့ပေါ့၊ ဘယ်သူ့ကိုမှ ရှုတ်ချဖို့ မဟုတ်ဘူး၊ ဘယ်သူမှလည်း ခိုင်းစေတာ မဟုတ်ဘူး၊ မိမိသ ဘောဆန္ဒအရ ငြိမ်းချမ်းရေး ရဖို့အတွက် မိခင် တွေ ဆန္ဒထုတ်ဖော်ဖို့စီစဉ်ကြတာပါ”ဟု ဒေါ်ဂျာခေါန် က ဆိုသည်။
ယင်းသို့သတင်း ပျံ့နှံ့ မှုများကြောင့် ဆန္ဒထုတ်ဖော်ရန် မြို့ပေါ်ရှိရဲစခန်းသို့ ခွင့်မတင်မီ တရက်အလိုတွင် အစီအစဉ် ဖျက်သိမ်း လိုက် ရသည်သာမက မြို့ခံများ၏ အထင်လွဲမှားခြင်းကိုလည်း ခံခဲ့ရသည်ဟု ပြောသည်။ သို့သော် ပွဲစီစဉ်မှုနှင့် ပတ်သက်၍ ဒေါ်လဂျွန် ဆိုင်းတောင် ကဲ့သို့ ခြိမ်းခြောက်ခံရမှုမျိုး ကြုံတွေ့ရခြင်းမရှိဟု ဒေါ်ဂျာခေါန် က ပြောဆိုသည်။
“အန်တီတို့က KIA ကိုဆန္ဒပြမယ့် ပုံမျိုးပေါ့၊ ကြံ့ခိုင်ရေးက ခိုင်းစေတာတို့ ဘာတို့ အဲလိုမျိုး ပြောခံရတာပေါ့၊ အဲလိုမျိုး သတင်း ထွက် တော့ လူတွေကလည်း ဟာ ဒီလိုမျိုးလား ဆိုတဲ့ အတွေးနဲ့ အန်တီတို့ကို တမျိုးထင်သွားတာပေါ့၊ အန်တီတို့ကတော့ မိခင် စိတ် ဓာတ် အရင်းအမှန်နဲ့ လုပ်ဖို့ကြိုးပမ်းခဲ့တာပါ”ဟု ၎င်းက ဆက်ပြောသည်။
ဒုက္ခသည်များကို စာနာသောအားဖြင့် ပြည်နယ်ငြိမ်းချမ်းစေလိုသော စိတ်ဖြင့် ဆန္ဒပြရန် ရည်ရွယ်ခဲ့သော်လည်း ထိုပွဲသည် ကချင် ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ရှုတ်ချခြင်း၊ ပွဲဖြစ်မြောက်ရေးကို ကြံ့ခိုင်ရေးပါတီ က ကြိုးကိုင်ခြင်း စသည့် သတင်းမှာ မြစ်ကြီးနားမြို့ခံ များနှင့် သတင်းမီဒီယာများပေါ်တွင် လွဲမှားစွာပျံ့နှံ့ခဲ့သဖြင့် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟုလည်း ဒေါ်ဂျာခေါန် က ဆိုသည်။
ယခုလ ၆ ရက်နေ့က မြစ်ကြီးနားမြို့ပေါ်တွင် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) က ဖမ်းဆီးပြီး တရားစွဲဆိုထားသော ဦးဘရန်ရှောင် လွတ်မြောက်ရေးအတွက် ၎င်းနေထိုင်ခဲ့သော ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၅၀၀ ကျော် အပါအဝင် ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့ များနှင့် မြို့ခံလူထု ၁၅၀၀ ကျော်က မြို့တွင်းလမ်းမကြီးများပေါ်နှင့် စရဖ ရုံး၊ ရဲစခန်းနှင့် တရားရုံး ရှေ့များတွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သေးသည်။