ဟူးကောင်းဒေသရှိ ကျားထိန်းသိမ်းရေး စီမံကိန်းကို ခေတ္တရပ်ဆိုင်းပေးရန် အတွက် ကချင်ပြည်နယ် တိုင်းရင်းသား ဖွံ့ဖြိုးရေးအဖွဲ့ ( Kachin Ethnic Development Organization ) နှင့် ဟူးကောင်းဒေသ လယ်သမားများ လူမှုရေးကော်မတီ ( Hugawng Farmers Social Comitte ) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသော အမေရိကန် သမ္မတ အိုဘားမားထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။
အိတ်ဖွင့်ပေးစာတွင် အမေရိကန် အစိုးရ၏ ဟူးကောင်းဒေသအတွက် ထောက်ပံ့မှုများ အားလုံးကို ထုတ်ဖော်ရန်၊ သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ ( wild life conversation ) အဖွဲ့ နှင့် မြန်မာအစိုးရတို့၏ ဟူးကောင်း တောင်ကြားဒေသ အတွက် ထောက်ပံ့မှုများကို ပြန်လည်သုံးသပ်ရန် စသည်တို့ အပါအဝင် အချက် ၇ ချက် ပါဝင်ကြောင်း တွေ့ရသည်။
“ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဆိုပြီး လုပ်ထားတယ်။ အဲဒီဧရိယာထဲက ပဲ ယုဇနကို စိုက်ပျိုးရေး စီမံကိန်းတွေ လုပ်ခွင့်ပေးထားတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ တကယ်လုပ်မယ်ဆိုရင် သုတေသန ကောင်းကောင်းလုပ်ပြီးမှ စနစ်တကျ လုပ်ဖို့ အဆိုပြုထားတဲ့ သဘောပါ” ဟု ကချင်ပြည်နယ် ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးရှဂေါန်တန်ဂွန်းက ပြောသည်။
ဟူးကောင်း ကျားထိန်းသိမ်းရေး ဒေသသည် ကချင်ပြည်နယ်တွင် တည်ရှိပြီး ၂၁၈၀၀ ကီလိုမီတာ ကျယ်ဝန်းကာ ၂၀၀၁ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် မြန်မာအစိုးရနှင့် သားရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ ( WCS ) တို့ကသတ်မှတ် ထိန်းသိမ်းခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ကျားထိန်းသိမ်းရေး ဒေသအတွင်းရှိ မြေဧက ၂ သိန်းကျော်ကို အကြီးစားစိုက်ပျိုးရေးစီမံကိန်းများပြုလုပ်ရန် ယုဇနကုမဏီအား လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။
“ကျားထိန်းသိမ်းရေး နယ်မြေက မူ အရအရမ်းကောင်းတယ်။ လက်လည်း လက်ခံပါတယ်။ ဒါကို မကြိုက်တာ မဟုတ်ပါဘူး။ ကမ္ဘာ့ကြီးဆုံး ကြိုးဝိုင်းဆိုပြီးတော့ လုပ်ထားပြီးတော့ အဲလို ကုမဏီကြီးတွေကို ရွှေတွေထုတ်၊ ကျွန်းတွေ ထုတ်ခိုင်းတာ၊ စိုက်ပျိုးရေးစီမံကိန်း အကြီးစားတွေ အကောင်အထည်ဖော်နေတာတွေဟာ ဒေသခံတွေကို အကြီးအကျယ် နစ်နာစေတယ်။ ဒါကို ပြန်သုံးသပ်ပါ။ ဒေသခံများကို လျစ်လျူမရှုပါနဲ့” ဟု ဟူးကောင်းဒေသ လယ်သမားများ လူမှုရေးကော်မတီက ဦးလဂေါန် တန်ဂွန်းက ဧရာဝတီကို ပြောသည်။
ယုဇန ကုမဏီသည်ဒေသခံများ၏ လယ်မြေများ သိမ်းယူခြင်း၊ သစ်ထုတ်ခြင်း၊ ရွှေတူးဖော်ခြင်း အစရှိသည်တို့ကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး စိမံကိန်း အကောင်အထည်ပေါ်ရေးအတွက် စက်ကရိယာအကြီးစားများ အသုံးပြုနေသဖြင့် သဘာဝပတ်ဝန်းကျင်ကိုပါ အကြီးအကျယ် ထိခိုက်စေကြောင်း ပေးစာတွင် ဖော်ပြထားသည်။
၁၉၉၄ နောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော် ( ကေအိုင်အေ ) နှင့် အစိုးရ အပစ်အခတ်ရပ်ဆဲပြီးနောက် စနစ်မကျ သည့် ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကြောင့် ဒေသခံများနစ်နာနေရကြောင်း ဦးလဂါန်တန်ဂွန်းက ဆိုသည်။
ဟူးကောင်း ကျားထိန်းသိမ်းရေး ဒေသ အိုဘားမားထံ အိတ်ဖွင့်ပေးစာနှင့် ပတ်သတ်ပြီး သားရိုင်း တိရိစ္ဆာန် ထိန်းသိမ်းအဖွဲ့ ( WCS ) သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေဆိုခြင်း မရှိပေ။