ကချင်ပြည်နယ် ဖားကန့်မြို့ဒေသခံ အသက် ၃၇ နှစ်ရှိ ကိုဇော်ဌေး ဆိုသူသည် ပြင်းထန်သော မိုင်းထိ ဒဏ်ရာရရှိသဖြင့် ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာပြီး ဆေးကုသမှု ခံယူနေရသည်။
ကိုဇော်ဌေးသည် ဇန်နဝါရီ ၁၃ ရက် ည ၇ နာရီဝန်းကျင်က မိုးညှင်းမြို့သို့အလုပ်ကိစ္စဖြင့်သွားရာမှ မော်စီဆာမြို့နှင့် မိုက်ပုံရွာအနီးတွင် မိုင်းထိပြီး ဒဏ်ရာပြင်းထန်ခြင်းကြောင့် မိုးညှင်းဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းလိုက်ခြင်း ဖြစ်ကြောင်း ကူညီဆောင် ရွက်ပေးသူ နေသူ ကိုခိုင်နေမင်းက ဧရာဝတီ သို့ ပြောသည်။
“လက်နှစ်ဘက်လုံး ပြတ်တယ်၊ မျက်စိနှစ်လုံးလည်း ပြန်မြင်ဖို့ အခြေအနေမရှိဘူး၊ ညာခြေထောက် အသားတွေဖွာထွက်သွားတယ်၊ မျက်နှာတွေမည်းပြီး မိုင်းစတွေ ကပ်ကုန်တယ်၊ ဒီလူနာက ပေါ့ဆလို့မရဘူး၊ နေမကောင်းဘူး၊ လူးလှိမ့်နေတယ်၊ ဒါပေမယ့် ဆရာမ တွေ ပြုစုတာမရှိဘူး”ဟု ၎င်းက ပြောဆိုသည်။
ကိုဇော်ဌေးသည် ဖားကန့်ဆေးရုံသို့ ရောက်ရှိခဲ့ရာမှ မိုးညှင်းဆေးရုံသို့ လွှဲပြောင်းခဲ့ပြီး ထိုမှတဆင့် ရန်ကုန်ဆေးရုံကြီးသို့ အဆင့်ဆင့် ထပ်မံ လွှဲပြောင်း ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ဖားကန့်နှင့်မိုးညှင်းဆေးရုံရှိ ဆရာဝန်များက လူနာ၏အခြေအနေကို မိသားစုထံသို့ အသိပေးထားခြင်း မရှိကြောင်း၊ အခြေအနေ ဆိုးရွားပြီး နယ်ဆေးရုံများဖြစ်၍ ပစ္စည်းကိရိယာပြည့်စုံမှုမရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပေးခြင်း ဖြစ်ကြောင်း ၊ လက်ရှိတွင် ဦးနှောက်နှင့်အာရုံကြော၊ အရိုး ထိခိုက်မှုများအတွက် ခွဲစိတ်မှုများကို ဆက်တိုက် လုပ်ဆောင်နေရကြောင်း ကိုခိုင်နေမင်းက ပြောပြ သည်။
ကိုခိုင်နေမင်းက“လူနာရဲ့အမျိုးသမီးကတော့ စိတ်မကောင်းအရမ်းဖြစ်ပြီး စကားတောင် မပြောနိုင်ရှာဘူး၊ ကလေး၂ယောက်ကို လည်း သူတို့အဖေ ဒီလိုဖြစ်တာ မပြောပြရသေးဘူး”ဟု ပြောသည်။
လူနာသည် စကားကောင်းစွာမပြောနိုင်သေးဘဲ သတိရတချက် မရတချက် ဖြစ်နေကြောင်း၊ လူနာ၏ အခြေအနေအရ ဆရာဝန်များက ခံဝန် လက်မှတ် ထိုးခိုင်းထားကြောင်းလည်း ဆိုသည်။
လူနာ၏ အခြေအနေကို ရန်ကုန်တိုင်း ဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်လည်း လာရောက်ကြည့်ရှုကြောင်း၊ လက်ရှိတွင် ပရဟိတ လုပ်ဆောင်သူတချို့၏ အကူအညီဖြင့် ဆေးကုသမှုခံယူနေရပြီး ကုန်ကျစရိတ် ကျပ် သိန်း ၃၀ ခန့် ရှိပြီ ဖြစ် ကြောင်း သိရသည်။
ယမန်နေ့ကလည်း ဗန်းမော်မြို့နယ်အတွင်းရှိ မန်ဝိန်းကြီး-ဗန်းမော် ကားလမ်းတွင် မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲမှုကြောင့် မန်ဝိန်းကြီးရွာမှ အသက် ၁၄ နှစ်အရွယ် ၇ တန်း ကျောင်းသား မောင်မျိုးလှိုင် သေဆုံးခဲ့ပြီး တခြား ကလေး တဦးဖြစ်သည့် မောင်ဇမ်မိုင် လည်း ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါ ဖားကန့်နှင့်မိုးညှင်းဒေသ ဆက်သွယ် သွားလာရာလမ်းတွင် မကြာခဏ မိုင်းပေါက်ကွဲမှုများ ဖြစ်ပေါ်လေ့ရှိသည်။
လတ်တလောတွင်လည်း ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် အစိုးရတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက် ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်တွင် အစိုးရတပ်များက လိုင်ဇာမြို့ လူနေ ရပ်ကွက်များထဲသို့ လက်နက်ကြီးဖြင့် မနက်ပိုင်းနှင့် ညပိုင်း နှစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး စုစုပေါင်း ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးသည်။