မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း ရဲ့ အဲဒီကြွေးကြော်သံဟာ ပဲ့တင်ကျန်နေဆဲ ဖြစ်ပါတယ်။
လက်ရှိ မီဒီယာ တိုက်ပွဲကတော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ဒေသမှာ ဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) အခြေစိုက် သဇင် FM နဲ့ လိုင်ဇာ အခြေစိုက် လိုင်ဇာ FM တို့ ကြားက တိုက်ပွဲပဲဖြစ်ပါတယ်။ မြေပြင်မှာ လက်နက်တွေနဲ့ တိုက်သလို ဝေဟင်မှာ အသံလှိုင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလိမ့်မယ်လို့ မထင်ပါနဲ့။ ဒီ FM တိုက်ပွဲမှာ လိုင်ဇာ FM က ခံနေရတာပါ။
ဇန်နဝါရီ ၁၈ ရက်နေ့ကတည်းက ပြင်ဦးလွင် အခြေစိုက် မြဝတီ လက်အောက်ခံ သဇင် FM က မပခ မှာ စက်ထိုင်ပြီး လိုင်ဇာ FM ထုတ်လွှင့်တဲ့ လှိုင်း အတိုင်း အားကောင်းကောင်းနဲ့ အသံလွှင့်ပါတယ်။ လွှင့်ကတည်းက စမ်းသပ် ထုတ်လွှင့်ဆိုတဲ့ ခေါင်းစဉ် နဲ့ လိုင်ဇာ FM ရဲ့ 89.5 MHz မှာ လွှင့်တာ ဖြစ်ပါတယ်။ လိုင်ဇာ FM လိုင်းပြောင်းရင် သဇင် လိုင်းကလည်း လိုက်ပြောင်းဖို့ ဖြစ်ပါတယ်။
ဒီတော့ ကြည်လင်ပြတ်သားနေတဲ့ သဇင် FM လိုင်းမှာပဲ လိုင်ဇာ FM ဟာ ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ မပီမသ ဖြစ်ခဲ့ရပါတယ်။ မြစ်ကြီးနားမှာ စက်ထိုင်လွှင့်တာမို့ အဝေးက လွှင့်တဲ့ လိုင်ဇာ FM ဟာ သဇင်ကို မယှဉ်နိုင်ပါဘူး။ သဇင် FM က လိုင်ဇာ FM လွှင့်တဲ့ အချိန်တွေမှာပဲ တထပ်တည်း မြန်မာ နဲ့ ကချင် ဘာသာနှစ်မျိုး လွှင့်ပါတယ်။ မနက် ၆ နာရီကနေ ည ၁၀ နာရီအထိ အရပ်အနား မရှိ တောက် လျှောက် လွှင့်ပါတယ်။
“ဒီမှာ ဘယ်လိုဖမ်းဖမ်း ကြည်နေတာပဲ”လို့ သဇင် FM ကိုဖမ်းယူ နားဆင်သူ မြစ်ကြီးနားမြို့ခံတဦးက ပြောပါတယ်။ လိုင်ဇာ FM ကို မြစ်ကြီးနားမှာ နားဆင်ချင်တယ် ဆိုရင်တော့ ဟိုစမ်းဒီစမ်း လိုင်းကြည်တဲ့နေရာမှာ ရေဒီယိုကို အသေချပြီး အားစိုက် နားထောင်ရပါတယ်။
လိုင်ဇာ FM ဆိုတာ စစ်ဖြစ်လာတဲ့အချိန်မှာ ကမ္ဘာအရပ်ရပ်က ကချင်တိုင်းရင်းသားတွေရဲ့ ထောက်ပံ့မှုနဲ့ စုစည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကချင် လွတ်လပ်ရေး အဖွဲ့(KIO)ရဲ့ ရုပ်သံဌာနခွဲ စီမံမူအောက်မှာ ရှိပါတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေမရှိဘဲ လိုင်ဇာ ဒေသခံနဲ့ အနယ်နယ်အရပ်ရပ်က ကချင် လူငယ်တွေ ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်လို့ အစီအစဉ်တွေ ခဏခဏ ကသိကအောက် ဖြစ်ရပါတယ်။
“သီချင်းကောင်းလို့ နားထောင်တာ မဆုံးသေးဘူး၊ တခြား အစီအစဉ် ပြန်ရောက်သွားပြီ”လို့ လိုင်ဇာ FM ပရိသတ်တဦးက ပြောပါတယ်။
လိုင်ဇာ FM ရဲ့ ဧရိယာဟာ လိုင်ဇာ၊ ဝိုင်းမော်၊ ဗန်းမော်၊ မြစ်ကြီးနား၊ ဖားကန့် အထိ ရောက်ပြီး စစ်သတင်းကို အဓိကထား လွှင့်ပါတယ်။ စစ်သတင်းပြီးနောက်မှာတော့ နိုင်ငံတကာသတင်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ သဘော ထား ကြေညာချက်တွေကို အသံလွှင့်ဖတ်ပြပါတယ်။ တနေ့ကို အပိုင်း ၂ ပိုင်းနဲ့ လေလှိုင်းလွှင့်ချိန် စုစုပေါင်း ၁၁ နာရီ ရှိပါတယ်။
စိတ်ညစ်စရာ စစ်သတင်းတွေ၊ ပျင်းဖို့ ကောင်းတဲ့ အဖွဲ့အစည်းတွေရဲ့ ကြေညာချက်တွေ၊ ဆွဲဆောင်မူမရှိတဲ့ အစီအစဉ်တွေချည်း လွှင့်ပေမယ့်လည်း လိုင်ဇာ FM ဟာ ကချင်လူထုရဲ့ အသည်းကျော် ဖြစ်နေတုန်းပါပဲ။ ရှမ်းသီချင်းနဲ့ ကချင် မျိုးနွယ် ၆ မျိုးရဲ့သီချင်း တွေ၊ တော်လှန်ရေး သီချင်းတွေ၊ မကြားဘူးတဲ့ ရှေးဟောင်းသီချင်းတွေ လွှင့်ပါတယ်။
မြန်မာလို ထုတ်ပြန်တဲ့ ကြေညာချက်တွေ ဖတ်ဖို့ မြန်မာစကား ပီတာကလည်း ရှားတာမို့ ကျောင်းသား တပ်မတော်(ABSDF)က အသံသြဇာကောင်းတဲ့လူ တဦးက ဖတ်ပြပါတယ်။ လိုင်ဇာ FM ရဲ့စစ်သတင်းဆိုတာက ဘယ်နေရာမှာ ဘာဖြစ်၊ ဘယ်တပ်မ ဘယ်နေရာလာ ဆိုတာလောက်သာ ပါပြီး တခါလွှင့်မှ သတင်း ၅ ပုဒ်လောက်သာ ပါပါတယ်။
ပုံနှိပ်နဲ့ အွန်လိုင်း မီဒီယာတွေ မရှိတဲ့အရပ်မှာ စစ်သတင်းတွေကိုကြားရတာက လိုင်ဇာ FM တခုတည်းပဲ ရှိပါတယ်။ သီချင်း တောင်း တဲ့ အစီအစဉ်ကလည်း နားထောင်ရင်း ပြုံးရသလို ခံစားရတာတွေလည်း ရှိပါတယ်။
အစိုးရ ထိန်းချုပ်တဲ့ နေရာမှာနေတဲ့ သူတွေက KIO ဒေသက ဒုက္ခသည်တွေအတွက် သီချင်းတောင်းပေးတာ၊ ရှေ့တန်းရောက် KIA(ကချင် လွတ်လပ်ရေး တပ်မတော်) စစ်သားတွေကို ရေဒီယိုကတဆင့် အားပေးတာတွေကတော့ တော်လှန်ရေး ဓာတ်ခံရှိသူ တွေ သဘောကျစရာပါ။
လိုင်ဇာ FM က လွှင့်နေပေမယ့် ကချင်ပြည်နယ်က မတရားမူတွေပါလာရင် သက်ဆိုင်ရာက အလေးထား ဖြေရှင်းပေးလာတာတွေ လည်း ရှိလာ ပါတယ်။ ဒါဟာ မီဒီယာ စွမ်းအားကို သိသာစေတဲ့အချက်လို့ ထင်ပါတယ်။
သဇင် FM ရဲ့နည်းကတော့ဖြင့် ဒီလိုပါလို့ နားထောင်ဖူးသူ တယောက်က ပြောပါတယ်။ KIA စစ်သားတွေ ရှေ့တန်းမှာ ထိခိုက် ဒဏ်ရာရရင် ဆေးဝါးမရှိလို့ အိပ်ဆေးထိုးပြီး ထားခဲ့ပါတယ်၊ မြန်မာ့ တပ်မတော် ကပဲ ဆေးဝါးကုသ ပေးပါတယ်။ ဆေးမရှိလို့ သေ မယ့်အစား အလင်းဝင်ကြ၊ မြန်မာ့တပ်မတော်ရဲ့ ကုသပေးတာကို ခံယူကြပါ ဆိုပြီး ကြေညာပါတယ်။ KIO ကိုလည်း ဆူပူသောင်း ကျန်းသူလို့ ကချင်လို အဓိပ္ပာယ်ရတဲ့ Kasu Kabrawng KIO hpung လို့ သုံးပြီး တိုက်ခိုက်တာတွေ လုပ်တယ်လို့ သူကဆိုပါတယ်။
သတင်းစာထဲမှာပါတဲ့ သတင်းတွေ၊ ဆောင်းပါးတွေကိုလည်း ကချင်လို ဘာသာပြန်ပြီး ထုတ်လွှင့်ပါတယ်။ အဲဒီမှာ KIO မကောင်း ကြောင်းတွေလည်း ပါတယ်လို့ ပြောပါတယ်။
သဇင် FM ကို နားထောင်ရင်း စိတ်ဆိုး ဒေါသဖြစ်တဲ့ ဒေသခံတွေလည်း ရှိကြောင်း၊ လိုင်ဇာ FM ကတော့ မြန်မာ စစ် တပ်ကို ရန်သူ လို့ မခေါ်ကြောင်း၊ အစိုးရစစ်တပ်လို့ပဲ သုံးစွဲကြောင်းလည်း ပြောပါသေးတယ်။
ကချင်ဒေသခံတွေက ကိုယ့်မိခင်ဘာသာစကားနဲ့ လေလှိုင်းပေါ်က လွှင့်တာကို ကြားရတာလောက်နားစိမ့်တာ ဘယ်မှာရှိမှာလဲလို့ ဆိုကြပါတယ်။ ဒါကြောင့် လိုင်ဇာ FM ပရိသတ်တွေက FM ရပ်တည်ဖို့ အလှူငွေပို့ကြ၊ ဖုန်းဆက် အားပေးကြ၊ ဆုတောင်းမေတ္တာပို့တာတွေလုပ်ကြပါတယ်။
လိုင်ဇာမြို့ဟာ ကချင်တွေရဲ့ အသည်းနှလုံးလို့ တင်စားပြောဆိုတာ ရှိသလို လိုင်ဇာ FM ဟာလည်း နား၊ မျက်စိ၊ ပါးစပ်လို့ တင်စားကြတာတွေလည်း ရှိပါတယ်။
လောလောဆယ်တော့ လိုင်ဇာ FM က ကချင်လိုပဲ လွှင့်ပါသေးတယ်။ နောင်တော့ မြန်မာလို တိုးချဲ့လွှင့်ဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။
မြန်မာလိုလွှင့်ရင်တော့ သဇင် FM နဲ့ ပြိုင်ဆိုင်မူတွေ ပိုပြင်းထန်လာဦးမယ်လို့ ထင်ပါတယ်။
လက်ရှိအချိန်မှာ မနက် ၆ နာရီ ထိုးရင် “ပူပန်တာတွေကို အနုပညာနဲ့ ချွေးသိပ်ပေးမယ်၊ အသိပညာတိုးလို့ အချိန်နဲ့ တပြေးညီ သတင်းတွေကို မပြတ်သိရမယ့် အမှန်အကန်ဆုံး သတင်းတွေရဲ့ ပင်မဌာန လိုင်ဇာ FM”လို့ အဓိပ္ပာယ်ရတဲ့ လိုင်ဇာ FM ရဲ့ အဖွင့် သီချင်းကို ကြားနေရဦးမှာ ဖြစ်ပါတယ်။ ။