အစိုးရ ရုပ်သံသတင်းတွေမှာ ပါလွန်းလို့ တချိန်က တီဗီမင်းသားလို့ လူပြောများတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကို အစိုးရရဲ့ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ် ဖန်သားပြင်တွေပေါ်မှာ ၁၀ နှစ်တာ ကာလအတွင်း ပထမဆုံးအဖြစ် ပြီးခဲ့တဲ့ရက်အတွင်းက ပြန်လည် မြင်တွေ့ရပါတယ်။
မတ်လ ၁၇ ရက်နေ့က ကျိုက်ထီးဆောင်း ဆရာတော် ကြီးမှူးတဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ်က ကျိုက်ဓနုတ် စေတီတော် ရွှေထီးတော် တင်လှူပူဇော်ပွဲ အခမ်းအနားမှာ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဇေကမ္ဘာ ဦးခင်ရွှေတို့နဲ့အတူ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ် တွေ့ရတာပါ။
MRTV 4 ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ ဦးခင်ညွှန့်ဟာ ရွှေထီးတဆင့်ကို သယ်ဆောင်လာရင်း ယခင်တုန်းကလို သွက်လက် လန်းဆန်းနေပါတယ်။ သူရ ဦးရွှေမန်းနဲ့ အပေါင်းအပါတွေကလည်း သူ့ကို ရင်းရင်းနှီးနှီး ဆက်ဆံတာ မြင်တွေ့ရပါတယ်။
လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာလည်း အဆိုပါ ဓာတ်ပုံတွေအပေါ် မှတ်ချက်အမျိုးမျိုးပေး ရေးသားနေကြပြီး ပြန်ပေါင်းထုတ်တဲ့ ပွဲလို့ သမုတ်သူတွေလည်း ပါဝင်ပါတယ်။
စိတ်ဝင်စားစရာ နောက်တချက်က ကျိုက်ဓနုတ် စေတီတော်ကြီး အကြောင်းပါ။
ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့အတွင်း ရှေးမြန်မာမင်းများ အဆက်ဆက်က တည်ထား ကိုးကွယ်ခဲ့တဲ့ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ဓနုတ် စေတီတော်မြတ်ကြီးဟာ တန်ခိုးကြီး ထင်ရှားသော ဘုရားတဆူ ဖြစ်ပြီး ဉာဏ်တော် ပေ ၁၇၀ ကျော်ရှိတယ်လို့ သိရပါတယ်။
၂၀၀၆ ခုနှစ်ကလည်း သဘာ၀ ဘေးဒဏ်ကြောင့် ပြိုကျခဲ့ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုက ဦးစီးပြီး ပြုပြင်မွမ်းမံ တည်ထားခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာ ထပ်မံ ပြိုကျခဲ့ပါတယ်။
အဆိုပါ ကျိုက်ဓနုတ် စေတီတော်ကြီးဟာ ၂၀၀၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် ဦးစီးကာ ရွှေထီးတော်တင်လှူအပြီး ရက်ပိုင်းအတွင်းမှာပဲ ပြန်လည် ပြိုကျပျက်ဆီးခဲ့ပြီး စစ်သားများ အပါအဝင် အရပ်သားတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။
ဒါပေမယ့် အဲဒီတုန်းက သေဆုံးသူ ၂၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၅၀ ကျော်ရှိတယ်လို့ နောက်ပိုင်း သတင်းများ ထွက်ပေါ်လာပေမယ့် သေဆုံးသူများနဲ့ ပတ်သက်လို့ သတင်းအမှောင် ချထားခဲ့ပါတယ်။
တချိန်က မြန်မာ့ရုပ်မြင်သံကြားမှာ နေ့စဉ် မြင်တွေ့နေကျကနေ ၂၀၀၄ ခုနှစ်မှာ နေအိမ်အကျယ်ချုပ် ကျခံရပြီးနောက် ရုပ်သံဖိုင် တခုကြောင့် ပွဲဆူခဲ့တာကလွဲလို့ ဦးခင်ညွှန့်ဟာ လူမြင်ကွင်းက ပျောက်ကွယ်သွားခဲ့ပါတယ်။
ယမန်နှစ် ဇန်နဝါရီလက သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာပြီး ဦးခင်ညွှန့်ဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်လိုက်၊ ပြန်ပေါ်လာလိုက်နဲ့ လူအများ စိတ်ဝင်စားမှု ဖြစ်စေခဲ့တာပါ။
အကျယ်ချုပ်က လွတ်လာပြီးနောက် ပထမဆုံး လူသိရှင်ကြား အငြင်းပွားဖွယ် ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်း လုပ်ကြံမှုမှာ သူကယ်တင်ခဲ့တယ်ဆိုပြီး ပြောဆိုခဲ့တာပါ။
ဒီပဲယင်းဒေသ အကြမ်းဖက်မယ့် လူအုပ်ကြီးကြားထဲ ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သွားရေး ကြိုးပမ်းခဲ့တာ သူပါပဲတဲ့။
“လူအုပ်ကြီး ကြားထဲက သူ့ကို ဆွဲထုတ်ဖို့ ကျနော့် လူတွေကို အဲဒီ ညမှာ လွှတ်လိုက်ပါတယ်။ သူတို့က သူ့ကို အဲဒီနားက လုံခြုံရာ စစ်တပ်စခန်းထဲ ရောက်အောင် စီစဉ်ပေးလိုက်တာပါ” လို့ ဦးခင်ညွန့်က ပြန်ပြောပြတာကို ထိုစဉ်က ဘန်ကောက်ပို့စ်မှာ ဖော်ပြခဲ့ဖူးပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အထူးရဲတပ်ဖွဲ့က ဦးခင်ညွှန့်အနေနဲ့ အဲဒီလို မပြောခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးခင်ညွှန့်က ရဟန်းဘောင် ခေတ္တဝင်ရောက်နေခဲ့ပါတယ်။
ဦးခင်ညွှန့်ဟာ နေအိမ်အကျယ်ချုပ်က လွတ်လာပြီး နောက်ပိုင်း ပါတီ နိုင်ငံရေးလုပ်ရန် စိတ်ကူးမရှိဘဲ အမျိုသား နိုင်ငံရေးကိုသာ လုပ်ဆောင်မည်ဟုလည်း ပြောဆိုခဲ့ဖူးပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ပူးပေါင်းပြီး တိုင်းပြည်ကောင်းစားရေး တိုင်ပင် လုပ်ဆောင်နေတာလည်း အင်မတန် ကောင်းတဲ့လုပ်ရပ်ပါ။ ဒါကို အားပေး ထောက်ခံတယ်။ ကောင်းအောင်လုပ်တဲ့သူက တိုင်းပြည်ရဲ့ ခေါင်းဆောင်ပဲ။ အဘက အရင်တုန်းက တပ်မတော်မှာ တာဝန် ထမ်းဆောင်ခဲ့လို့ တပ်မတော်မှ တပ်မတော်ပဲဆိုတဲ့ ဆန္ဒစွဲမျိုး စိတ်ထဲမှာ မရှိဘူး” လို့လည်း ဦးခင်ညွှန့်က ပြောခဲ့ဖူပါသေးတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်မှာ အတွင်းရေးမှူး (၁)၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ တပ်မတော် စစ်ဘက်ဆိုင်ရာအကြံပေး၊ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ စတဲ့ ထိပ်တန်းရာထူးတွေကို တာဝန်ယူခဲ့ဖူးပြီး ဆယ်စုနှစ် ၂ ခုနီးပါးကြာ မြန်မာ့ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ နေ့စဉ် နေရာယူခဲ့သူပါ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့အဖွဲ့က ၂၀၀၄ ခုနှစ်မှာ အဂတိလိုက်စားမှု၊ တာဝန် အလွဲသုံးစားလုပ်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ထောင်ဒဏ် ၄၄ နှစ်၊ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့တယ်။