ကချင် တိုင်းရင်းသား ဒုက္ခသည် ၂ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး အမျိုးသား အချင်းချင်း အဓမ္မ လိင်ဆက်ဆံ ခိုင်းခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးမှ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို စစ်ဆေးရန် ဆင့်ခေါ်ခဲ့ရာ လာရောက်ရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၂၆၊ စက်တင်ဘာ ၂၉ ရက်နေ့နှင့် အောက်တိုဘာလ ၃ ရက်နေ့တို့တွင် ၃ ကြိမ် ဆင့်ခေါ်ခဲ့ရာ ပျက်ကွက်ခဲ့ကြောင်း ယင်းအမှုကို လိုက်ပေးနေသည့် ရှေ့နေ ဦးမာခါးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကချင် တိုင်းရင်းသား ၂ ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့နှင့် ဆက်စပ်မှုရှိကြောင်း မသင်္ကာမှုဖြင့် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် (၃၇) တပ်ဖွဲ့ နှင့်ပူးပေါင်း၍ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) တို့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဇွန်လအတွင်း၌ ၎င်းတို့ ၂ ဦးကို ကချင်သူပုန်ဟု စွပ်စွဲ၍ မြစ်ကြီးနားမြို့နယ် အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ချုပ်နှောင်ခံနေရစဉ်အတွင်း နှိပ်စက် စစ်ဆေးမှုများရှိကြောင်း၊ အချင်းချင်း အဓမ္မ လိင်ဆက်ဆံမှု ပြုခိုင်းကြောင်း၊ အဝတ်ဗလာနှင့် ကချင်ရိုးရာအက ကပြရန် ခိုင်းစေခဲ့သည့်အပြင်၊ ၎င်းတို့ ယုံကြည်ကိုးကွယ်သည့် ခရစ်ယာန်ဘာသာကို စော်ကားသည့် လုပ်ရပ်များ လုပ်ဆောင်ခိုင်းကြောင်း သိရသည်။
တရားလိုပြ သက်သေများ ရောက်မလာသည့်အတွက် ဖမ်းဆီးခံထားရသူများ အနေနှင့် အချိန်ကြာမြင့်စွာ အချုပ်ခံနေရပြီး ယင်းကိစ္စကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း ရှေ့နေ ဦးမာခါးက ဆိုသည်။
ရဲတပ်ဖွဲ့ဝင်များကို ရဲစခန်း စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ဖြစ်မှု ထင်ရှားပါက ၂ နှစ်ခွဲခန့် ထောင်ဒဏ် ချနိုင်ကြောင်း၊ ယင်း အမှုကို ဆက်လက်ကူညီရန် စီစဉ်ထားကြောင်း ရှေ့နေ ဦးမာခါးက ရှင်းပြသည်။
“ဒီလို အဓမ္မ လိင်ကိစ္စလုပ်ခိုင်းတာကို သူတို့ အင်မတန်ရှက်တယ်၊ မိသားစုအတွက်လည်း ရှက်စရာကောင်းတယ်လို့ သူတို့က ပြောတယ်” ဟု ဦးမာခါးက ဆိုသည်။
“ဒါဟာ လူ့ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ဥပမာပဲ။ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို စော်ကားတာပဲ” ဟု ဦးမာခါးက ဆက်ပြောသည်။
ကျူးလွန်သူများကို ပြစ်ဒဏ်ပေးရမည်ဖြစ်ကြောင်း၊ ယခု ၃ ကြိမ် ဆင့်ခေါ်သည့်တိုင် ရဲတပ်ဖွဲ့ဝင်များ တရာရုံးသို့ ရောက်လာခြင်း မရှိကြောင်းလည်း ၎င်းက ဆိုသည်။
ယခုအခါ အဆိုပါ ကချင်တိုင်းရင်းသား နှစ်ဦးကို တခြားရဲစခန်း တခုသို့ ပြောင်းရွှေ့ထားကြောင်း၊ ဖမ်းဆီးခံထားရသူ ၂ ဦး၏ မိသားစုဝင်များက ပြီးခဲ့သည့် သီတင်းနှစ်ပတ်ကျော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားထံ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရသည်။
ဇွန်လကလည်း မြစ်ကြီးနားမြို့နယ် အစိုးရထိန်းချုပ်မှုအောက်ရှိ ဂျန်မိုင်ကောင် စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ဦးဘရန်ရှောင်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ဆက်စပ်သူဖြစ်ပြီး ဖောက်ခွဲရေးသမားဟု စွပ်စွဲဖမ်းဆီးကာ စရဖအဖွဲ့က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
ယင်းသို့ စွပ်စွဲဖမ်းဆီးထားသည့် ဦးဘရန်ရှောင်ကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ စစ်ဘေးခိုလှုံသူ ဒုက္ခသည်များ အဓမ္မဖမ်းဆီး နှိပ်စက်ခြင်း မပြုရန်နှင့် တရားရုံး ခွင့်ပြုမိန့်မရဘဲ လူတဦးကို ၂၄ နာရီ ကျော်လွန်၍ ဖမ်းဆီးထားခြင်း မပြုရန် စသည့်အချက်များကို ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ အပါအဝင် ဒုက္ခသည် ၅၀၀ ကျော်နှင့် မြို့ခံ ၁၀၀၀ ကျော်တို့က မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရရုံးများနှင့် မြို့တွင်းလမ်းမများတွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ရှေ့နေ ဦးမာခါး ပြောပြချက်အရ ကချင်ပြည်နယ် အတွင်း၌ KIO နှင့် ဆက်နွယ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ် မှုပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသူ ၇၀ ခန့်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယင်းကဲ့သို့ စွပ်စွဲချက်ဖြင့် ဒေသခံ ၂၀ ကျော် အဖမ်းခံထားရကြောင်း သိရသည်။