ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာဆိပ်ရပ်ကွက်ရှိ နေအိမ်ဗုံးပေါက်ကွဲမှု၌ တရားခံဟု စွပ်စွဲခံရသူ ၆ ဦးကို အာဏာပိုင်များက ဇန်နဝါရီ လဆန်းပိုင်းတွင် လူသတ်မှုပုဒ်မ ထပ်တိုး၍ စွဲဆိုလိုက်သည်။
တရားစွဲခံရသူ တဦးဖြစ်သည့် မခွန်ဘူက“ပုဒ်မ ၃၀၂/၁ နဲ့ လူသတ်မှုဆိုပြီး အမှုနံပါတ်သစ်ကို လဆန်းပိုင်းတုန်းက ထပ်တပ် လိုက်တယ် ၊ ပြည်နယ် တရားလွှတ်တော်ကို တင်ပြဖို့ ခရိုင်အရာရှိကို အရင်အယူခံဝင်တော့ စာကိုတောင် မကြည့်ဘဲ မသိဘူး လုပ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဗုံးကွဲမှု နှင့်ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် အမှတ် ၁ ရဲစခန်းမှ ရဲ အရာရှိတဦးက တရားလိုပြုလုပ်၍ ဦးဒယောင်တန်ဂွန်း၊ ဒေါ်ဂျာဒင်၊ သိန်းထိုက်အောင်၊ ဘရန်ဂျာ၊ ဒေါင်းလွမ်းနှင့် ဖော်ရန်ဘောက်လာ ၆ ဦးတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ပေါက်ကွဲစေ တတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေတို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
“ပုဒ်မ ၃၀၂ က သေဒဏ်အထိတောင် ပေးလို့ရတယ်လို့ သိထားတယ်၊ ကျမတို့က ခံခဲ့ရတဲ့ သူတွေလေ၊ ဒါကို လူသတ်မှု ဆိုပြီး ပုဒ်မ တပ်တာတော့ ခံပြင်းတယ်”ဟုလည်း မခွန်ဘူက ဆက်ပြောသည်။
ပြစ်မှုဆိုင်ရာ ဥပဒေအရ လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု၊ သာမန် နာကျင်စေမှုနှင့် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေအရ ပစ္စည်းဥစ္စာများကို ပေါက်ကွဲမှုဖြစ်စေရန် ပြုလုပ်မှုနှင့် ပေါက်ကွဲမှုဖြစ်စေရန် ငွေ၊ ပစ္စည်းတို့ဖြင့့် ပံ့ပိုးမှု စသည့် အမှု များဖြင့် တရားစွဲဆိုထားခြင်းအပေါ် စွပ်စွဲခံထားရသူများက ဥပဒေကြောင်းအရ အဆင့်ဆင့် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း သိရ သည်။
စွပ်စွဲခံရသူများ ၏ ရှေ့နေ ဒေါ်သန်းသန်းဝင်း ကလည်း“တရားခံတွေက တရားရုံးတရုံးရဲ့အမိန့်ကို မကျေနပ်ရင် တဆင့်မြင့်တဲ့ တရားရုံးကို အယူခံတင်ခွင့်ရှိတာကြောင့် ကချင်ပြည်နယ် တရားလွှတ်တော်ကို တင်ပြဖို့ ပြင်ဆင်ထားတာတော့ ရှိတယ်၊ ရဲစခန်းက တရားစွဲတယ်၊ မလုပ်ဘူးလို့ ငြင်းတာကတော့ တရားခံတွေရဲ့ အခွင့်အရေးပဲ၊ ဆုံးဖြတ်တာတော့ တရားရုံးကပဲ လုပ်မှာ”ဟု ပြော သည်။
ထိုသို့ တရားစွဲဆိုထားသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းသို့ ဧရာဝတီ က ဆက် သွယ်မေးမြန်းရာ တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည့် ရဲအရာရှိမှာ ပြောင်းရွှေ့သွားသဖြင့် အမှုဖြစ်စဉ်နှင့် ပုဒ်မများကို ၎င်းတို့အနေဖြင့် မသိရှိကြောင်း ပြန်လည် ဖြေကြားသည်။
မြစ်ကြီးနားမြို့ သီတာဆိပ်ရပ်ကွက် နေအိမ်ဗုံးပေါက်ကွဲမှုသည် ၂၀၁၁ ခုနှှစ် နိုဝင်ဘာ ၁၃ ရက် ညအချိန်တွင် ဖြစ်ပွားခဲ့ပြီး ကလေး ၅ ဦးနှင့် လူကြီး ၅ ဦး ပွဲချင်းပြီးသေဆုံး၍ နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့သည်။
ထို ဗုံးပေါက်ကွဲမှု စတင်ဖြစ်စဉ်က အိမ်ရှေ့ရှိ အခြားပစ္စည်းတခုခု ပေါက်ကွဲသည်ဟု ထင်ခဲ့ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပြီးမှ နေအိမ်တွင်း မှ ပေါက်ကွဲခဲ့ခြင်းကို သိရှိရကြောင်း၊ မည်သည့်အကြောင်းကြောင့် နေအိမ်တွင်းမှ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်ကိုလည်း မသိရှိ ကြောင်း မခွန်ဘူက ပြောဆိုသည်။