ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွင်း အရပ်သား သေဆုံးထိခိုက်မှုများ ရှိလာခြင်းကြောင့် စစ်ပွဲများ ရပ်တန့်ပြီး ညှိနှိုင်းဖြေရှင်းမှုဖြင့် အဖြေရှာကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီသတင်းဌာနနှင့် ခေတ္တတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။ ကိုယ့်အချင်းချင်း ဘာပဲပြောပြော ပြည်ထောင်စုသား အချင်းချင်း ဒီလိုတိုက်ရတဲ့အထိ မဖြစ်အောင်လို့ အချင်းချင်းကြားမှာ ဆွေးနွေးညှိုနှိုင်းမှု ရှိသင့်တယ်ဆိုတာ ခဏခဏ ပြောနေတဲ့ ကိစ္စပဲ။ ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာတဲ့ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဒါတွေကို ရှောင်လွှဲနိုင်မှာပါ။ အခု ကချင်စစ်ပွဲနဲ့ ပတ်သက်လို့ တကမ္ဘာလုံးက စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေကြပြီ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “နောက်ဆုံးကျတော့ တိုင်းရင်းသားအရေးဆိုတာက အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရမယ်။ ယုံကြည်မှု စဖို့ဆိုတာ လေးစားမှုနဲ့ စရမယ်။ တယောက်နဲ့တယောက် လေးစားမှ ယုံကြည်တဲ့အဆင့်ကို ရှိသွားမယ်။ အန်တီတို့အနေနဲ့ တိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်ကို တကယ်ပဲ နားလည်ရဲ့လား၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကရော နားလည်ရဲ့လား၊ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ရဲ့လား၊ ဖြည့်ဆည်းပေးနိုင်တဲ့ အရည်အချင်းရှိရဲ့လား၊ အဲဒါတွေက အများကြီး စကားပြောသွားတယ်” ဟု ပြောသည်။
ဗြိတိသျှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Alistair Burt က ဗြိတိပါလီမန်တွင် ကချင်စစ်ပွဲအရေးကြောင့် မြန်မာနိုင်ငံအပေါ် ဆိုင်းငံ့ထားသော စီးပွားရေးပိတ်ဆို့မှု ရပ်ဆိုင်းထားခြင်းများကို ပြန်လည် သုံးသပ်ရနိုင်ခြေ ရှိနေကြောင်း မကြာသေးမီရက်ပိုင်းက ပြောဆိုလိုက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က အံ့သြမှုမရှိကြောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ခေတ္တဆိုင်းငံ့ထားသော နိုင်ငံများအနေနှင့် မြန်မာနိုင်ငံ အခြေအနေသည် ၎င်းတို့ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်ညီ၊ မညီ လေ့လာဆန်းစစ် ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း ပြောသည်။
“ဖြစ်မှာပဲလေ။ သူတို့အနေနဲ့ အစကတည်းက စီးပွားရေးပိတ်ဆို့မှုကို လုံး၀ ဖယ်ရှားတာမှ မဟုတ်ဘဲ။ ရပ်ဆိုင်းထားတယ် ဆိုကတည်းက သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီလား၊ မကိုက်ညီလား ကြည့်မှာပေါ့။ သူတို့ပြောတာက ဘာမှ အံ့သြစရာမရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လက်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပါအဝင် တိုင်းရင်းသားများ၏ အရေးကိစ္စသည် လွှတ်တော် ကိုယ်စားလှယ်များနှင့်သာ သက်ဆိုင်သော ကိစ္စမဟုတ်ဘဲ မီဒီယာများ၊ ပြည်သူများ အားလုံးနှင့် သက်ဆိုင်ကြောင်း၊ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် တဦးအနေဖြင့် တာဝန် အကန့်အသတ်များရှိနေပြီး ထိန်းသိမ်း လုပ်ဆောင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
“ကချင်မှာဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် အဆိုတင်သွင်းသွားတယ်။ အန်တီက တိုင်းရင်းသားရေးရာ ကော်မတီက မဟုတ်ဘူး။ ဒီလိုပြောခြင်းအားဖြင့် တာဝန်ရှောင်တာ၊ ခေါင်းရှောင်တာ မဟုတ်ဘူး။ ကိုယ့်စည်းဆိုတာ ရှိတယ်။ ကိုယ့်ကော်မတီ၊ ကိုယ့်လုပ်ငန်းနဲ့ရှိတယ်။ တခြားကော်မတီတွေရဲ့ လုပ်ငန်းတွေထဲမှာ ဘယ်လိုပြောရမလဲ၊ အများအသိအမှတ် ပြုထားတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ဝင်ပြီးတော့ မလိုအပ်လို့ရှိရင်တော့ လုံး၀ မစွတ်ဖက်ရဘူး။ လိုအပ်လို့ရှိရင်တောင် ချင့်ချင့်ချိန်ချိန် ကိုယ့်စည်းကိုယ် ထိန်းရမယ်။ အန်တီ့မှာလည်း တခြား ကော်မတီတာဝန်တွေ ရှိသေးတယ်။ တိုင်းရင်းသားအရေးက လူတိုင်းအရေးပါ။ လွှတ်တော်ထဲက လူတွေရဲ့ အရေးတင် မဟုတ်ဘူး။ မီဒီယာတွေရဲ့ အရေးလည်းဖြစ်တယ်။ ကျန်တဲ့ပြည်သူတွေရဲ့ အရေးလည်းဖြစ်တယ်။ တိုင်းရင်းသားအရေးကို ခေါင်းရှောင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့်လည်း လုပ်တဲ့ကိုင်တဲ့နေရာမှာ ကိုယ့်စည်းကိုယ် ထိန်းလုပ်ရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် တာဝန်ပေးလျှင် KIA နှင့် အစိုးရအကြား ငြိမ်းချမ်းရေးကိစ္စ ကူညီဆောင်ရွက်ပေးလိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည်။
၁၈ လကြာ ဖြစ်ပွားလျက်ရှိသော KIA နှင့် အစိုးရအကြား တိုက်ပွဲများကြောင့် ကချင်စစ်ဘေးဒုက္ခသည် တသိန်းနီးပါး ရှိနေပြီး အရပ်သားများလည်း ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။