ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဘက်သို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် အစိုးရ တပ်မတော် သားများနှင့် ကလေးစစ်သားများကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နေရပ်ရင်းသို့ပြန်နိုင်ရန် အတွက် စရိတ်ပေးကာ ပြန်လွှတ်ခဲ့ကြောင်း သတင်းရရှိသည်။
နေရပ် ပြန်စေခဲ့ သူများထဲတွင် အသက်ပြည့် အစိုးရ တပ်မတော်သားနှင့် ရဲတပ်သား ၁၅ ဦး၊ ကလေးစစ်သား ၈ ဦးတို့ ပါဝင်သည်။
ကလေးစစ်သားများ အတွက်မူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က တပ်ထွက်ခွင့် လက်မှတ်ရသည်အထိ ဆောင်ရွက်ပေးကာ မိဘများ လက်သို့ အပ်နှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကလေး စစ်သားများကို မူဆယ်မြို့တွင် ILO ကိုယ်စားလှယ် နှစ်ဦးက လာရောက် ခေါ်ဆောင်မည်ဖြစ်သည်။
“ဒီဘက်ကပြောတော့ သုံ့ပန်းတဲ့၊ ဟိုဘက်က ပြန်ပြောတော့ ခွင့်မဲ့ပျက်ကွက် တပ်ပြေးတွေတဲ့၊ ပြန်ရင် ဘာဖြစ်မလဲဆိုတာ မစဉ်းစားရဲသေးဘူး” ဟု ဒေါ့ဖုန်းယန်မြို့နယ် ရဲစခန်းမှ ရိက္ခာပြတ်သဖြင့် ရွာထဲ ရိက္ခာဆင်းဝယ်ရာမှ KIA တပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် ယခု KIA က ပြန်လည်လွှတ်ပေးလိုက်သည့် ရဲတပ်သား တဦးက ပြောသည်။
KIA က မြန်မာ့တပ်မတော်သို့ တရားဝင် လွှဲပြောင်းပေးရန် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ တဆင့် ကြိုးစားခဲ့သော်လည်း အစိုးရက တပ်မတော်သားများ မဟုတ်၊ ခွင့်မဲ့ပျက်ကွက် ထွက်ပြေးသူများ ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု KIA မဟာဗျူဟာ သုတေသနဌာနကြီးမှူး ဗိုလ်မှူးကြီး ဦးဇော်တောင်က ပြောသည်။
“သူတို့ကို လွှဲအပ်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်၊ ကိုမြအေးတို့က တဆင့်လည်း ပြောတယ်။ လက်ရှိအစိုးရက သူတို့ကို လက်ခံဖို့ ပြောမလာဘူး၊ လက်ခံနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ ကိုမြအေးတို့ဆီက တဆင့် ပြန်ကြားတယ်။ သူတို့ဟာ တပ်မတော် သားတွေ မဟုတ်ဘူး၊ ခွင့်မဲ့ပျက်ကွက်၊ တပ်ထွက်ပြေးသူတွေ ဆိုပြီး ငြင်းပယ်တဲ့ သဘောရှိတယ်” ဟု ဦးဇော်တောင်က အစိုးရ တပ်မတော်သားများကို တရားဝင်လွှဲပြောင်းခြင်း မပြုနိုင်သည့် အကြောင်းကို ရှင်းပြစဉ် ပြောခဲ့သည်။
၂၀၁၁ ဇွန်လ အတွင်းကလည်း ခလရ ၃၇ မှ အရာရှိ ၃ ဦး အပါအဝင် တခြားအဆင့် တပ်မတော်သားများနှင့် စုစုပေါင်း ၆ ဦးကို ကချင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်နှင့်အဖွဲ့ ကချင်ပြည်နယ် လဂျားယန်ဒေသကို လာရောက်စဉ်က လွှဲပြောင်းပေးနိုင်ရန် KIA ဘက်က ကမ်းလှမ်းခဲ့သော်လည်း ဗိုလ်မှူးကြီး သန်းအောင်က ငြင်းပယ်ခဲ့သည်။ ထိုစဉ်က လဂျားယန်ရှိ စရဖ တပ်ဆွယ်မှ တပ်ဆွယ်မှူးများကလည်း ညွှန်ကြားချက် မရှိဟုဆိုကာ လက်ခံနိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ထို တပ်မတော်သား ၆ ဦးကို ဗိုလ်မှူးကြီး သန်းအောင် ဒုတိယအကြိမ် လဂျားယန်သို့ ပြန်လည် ရောက်ရှိ လာသည့်အခါတွင် ယင်း၏ ကိုယ်ရေးအရာရှိကို လက်မှတ်ထိုး လက်ခံစေကာ ပြန်လည်လွှဲအပ် ပေးခဲ့သည်။
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က အစိုးရ တပ်မတော်သားများကို တရုတ် – မြန်မာ နယ်စပ် ဂျယ်ဂေါင်အထိ ပို့ပေးမည် ဖြစ်ပြီး ယင်းတပ်မတော်သားများ မြန်မာပြည်ဘက်သို့ ပြန်ချင်သည်ဆိုပါက ပြန်နိုင်သကဲ့သို့ တရုတ်ပြည်တွင် လုပ်ကိုင် စားသောက် မည်ဆိုလျှင်လည်း ၎င်းတို၏ သဘော သဘောဆန္ဒအတိုင်းပင် ဖြစ်ကြောင်း သိရသည်။
“ ကျနော်က ဟင်္သာတကပါ။ တပ်ထဲကိုပဲပြန်ပါမယ်။ ကျနော်တို့က ထွက်ပြေးတာ မဟုတ်ဘူး။ ထောင်ကျမယ်ဆိုလဲ ခံရမှာ ပေါ့” ဟု KIA ၏ ပြန်ပို့ခြင်း ခံခဲ့ရသည့် တပ်ကြပ်ကြီး တဦးက ပြောသည်။
၂၀၁၂ ဒီဇင်ဘာလ ၁၅ ရက်နေ့က လဂျားယန်တိုက်ပွဲတွင် ဒဏ်ရာများနှင့် ကျန်ခဲ့သည့် ခမရ ၃၈၃ မှ ဒုတပ်ကြပ် တဦးကလည်း ၎င်းအနေဖြင့် မည်သည့်ဒေသသို့ ပြန်ရမည်ကို မသိသေးကြောင်း၊ ၎င်းသည် ဒဏ်ရာရစဉ် KIA ၏ အဖမ်း ခံရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
“ကျနော်တို့ စစ်ကြောင်းမှူး ကျော်ကျော်ဝင်းက လမ်းမလျှောက်နိုင်တဲ့ သူတွေကို သတ်ခဲ့လို့ ပြောတယ်။ ဒဏ်ရာနဲ့ ကျန်ခဲ့တုန်း အဖမ်းခံရတာ” ဟု သူက ပြောသည်။
ဦးဇော်တောင်က အစိုးရ တပ်မတော်သားများကို ပြန်လည် လွှတ်ပေးစဉ် “ခင်ဗျားတို့ ကနိုင်ငံကြီးတခုရဲ့ တပ်မတော်က တပ်မတော်သားတွေပဲ၊ ဦးသိန်းစိန် နိုင်ငံခြားမှာ ပြောခဲ့သလို စည်းကမ်းပြည့်ဝတဲ့ တပ်မတော်က တပ်မတော်သားတွေပဲ၊ အခု သူများလက်ထဲရောက်လို့ ပြန်ပို့တာကို လက်မခံနိုင်ဘူးဆိုတာ ဘယ်လိုသဘောလဲ စဉ်းစားကြည့်ပါ” ဟု ဆိုသည်။
KIA တပ်မတော်သို့ ပူးပေါင်း ဝင်ရောက်လာသော မြန်မာ့ တပ်မတော်သားများ အားလုံးကို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများနှင့် လက်ခံသွားမည်ဟု KIO က ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အချက် ၅ ချက်ပါ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များသို့ သတိပေးချက် ထုတ်ပြန်စဉ် ရေးသားထားသည်။