ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA)ကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးမှု အခြေအနေအောက်တွင် ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အနေနှင့်သာ အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် ဆွွေးနွေးလိုကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)က ထုတ်ပြန်လိုက်သည်။
“လဂျားယန် စစ်ဆင်ရေးကို ရပ်လိုက်ပြီလို့ ပြောပေမယ့် ၁၉ ရက်၊ ၂၀ ရက်တွေမှာ တိုက်ပွဲပြင်းထန်တဲ့ အခြေအနေရှိနေတယ်။ ဒီလို အခြေအနေမှာ KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ သီးခြား ၂ ဖွဲ့တည်း တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ UNFC အနေနဲ့သာ တွေ့ဆုံမယ်”ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီကို ပြောသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် နံနက် ၀၆၀၀ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ရပ်ဆိုင်း ထားမည်ဟု အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဇန်နဝါရီလ ၁၈ ရက် ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သော်လည်း ဇန်နဝါရီလ ၁၉ ရက်၊ ၂၀ ရက်နေ့အထိ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲများ ဆက်လုပ်ပြုလုပ်နေကြောင်း KIO ၏ ဇန်နဝါရီ ၂၀ ရက် သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် KIO သို့ ဇန်နဝါရီ ၁၉ ရက် က ကမ်းလှမ်းချက်ကို ဇန်နဝါရီ ၂၀ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
“တရားဝင် သတင်းထုတ်ပြန်ချက်မှာ လဂျားယန် ဒေသမှာ စစ်ဆင်ရေး ရပ်ဆိုင်းမယ်လို့ပဲ ပါတယ်။ အစိုးရဘက်က မီဒီယာ ကနေ ပြောတဲ့အခါမှာ သူတို့ဘက်က ထိုးစစ်အားလုံး ရပ်လိုက်သလို ပြောတယ်။ အဲဒီလို ပြောနေပေမယ့် လဂျားယန်မှာကိုပဲ တိုက်ပွဲပြင်း ထန်နေတယ်။ ဖားကန့်နဲ့ မိုးမောက်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်”ဟု ဦးလနန်က ဆိုသည်။
နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးကျရောက်မှု မရှိတော့သော်လည်း တိုက်ပွဲပြင်းထန်နေမှုကို
ကြားသိနေရကြောင်း ၎င်းက ဆက်ပြောသည်။
UNFC ကလည်း ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်သည် နိုင်ငံတကာ အသိုင်းအဝိုင်းကို နှစ်သိမ့်စေရုံ ဝါဒဖြန့်မှု သက်သက်သာဖြစ်ပြီး KIA ကို ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။
UNFC အဖွဲ့ဝင်များ အနေဖြင့် အပတ်အခတ်ရပ်စဲရေးကို တဖွဲ့ချင်း လုပ်ဆောင်ထားသော်လည်း နိုင်ငံရေးအရ ဆွေးနွေးမှုကိုမူ UNFC အနေဖြင့်သာ ဆောင်ရွက်သွားမည်ဟု အဖွဲ့ခေါင်းဆောင်များ က ပြောဆိုထားသည်။
စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။
UNFC ၌ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသား တပ်ဦး(CNF) ၊ KIO ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) စသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၆ ဖွဲ့ အပါအဝင် ဆက်စပ် အဖွဲ့များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
KIO နှင့် အစိုးရ သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလက တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ၂ လအကြာ စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာပြီး လဂျားယန် ဒေသရှိ ပွိုင့် ၇၇၁ စခန်းကို အစိုးရစစ်တပ်က လေကြောင်း ပစ်ကူ တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် ဆက်လက်မြင့်တက်နေခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်တွင် အစိုးရတပ်များက လိုင်ဇာမြို့ လူနေ ရပ်ကွက်များထဲသို့ လက်နက်ကြီးဖြင့် မနက်ပိုင်းနှင့် ညပိုင်း နှစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၃ ဦး သေဆုံးပြီး စုစုပေါင်း ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။
သမ္မတ ဦးသိန်းစိန် က အစိုးရ စစ်တပ်အနေဖြင့် KIA ဌာနချုပ်ဖြစ်သော လိုင်ဇာကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ကြောင်း ဇန်နဝါရီ ၂၀ ရက် ရန်ကုန်မြို့တွင် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ကျင်းပသည့် ပြည်သူ့လွတ်တော် အစည်းအဝေးတွင်လည်း ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးပြန်စရန်အတွက် အရေးတကြီး အဆိုတရပ် တင်သွင်းခဲ့ရာ ထိုနေ့တွင်ပင် အတည်ပြုခဲ့သည်။
(ဧရာဝတီ သတင်းထောက် လဖိုင် ပူးပေါင်းရေးသားသည်)