ကချင်ပြည်နယ်ထဲမှာ အရပ်သားတွေ ထိခိုက်သေကျေပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အားယုတ်စေတဲ့ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာကို အမေရိကန် ပြည်ထောင်စုက အလွန်စိုးရိမ်နေပြီး ဒီတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ရန်ကုန်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာအစိုးရရဲ့ ကြောညာချက်အရ ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး အပစ်ရပ်အခတ် ရပ်စဲထားပြီ ဆိုပေမယ့် မြန်မာ့ တပ်မတော်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိတဲ့ လိုင်ဇာအနီးဝန်းကျင်ကို စစ်ရေးအရ ဆက်လက် ထိုးစစ်ဆင်နေတဲ့ အကြောင်းကို သတင်းမီဒီယာတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေကနေ သိရတယ်လို့ ဆိုပါတယ်။
“အရပ်သားများ ထိခိုက်သေကျေစေပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အားယုတ်စေသော တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး သမ္မတ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က “ကျနော့်ရဲ့ တဦးတည်းအမြင်ကို ပြောရရင်တော့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ စိုးရိမ်မှုကို နားလည်ပါတယ်။ ဒါပေမယ့် သံရုံးရဲ့ ကြေညာချက်မှာ လိုင်ဇာဒေသတခုတည်းကိုသာ ရည်ညွှန်းပြီး ကျန် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ KIA အဖွဲ့က တပ်မတော်စခန်းများနဲ့ အရပ်ဘက် ပစ်မှတ်များကို တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှုနဲ့ လဂျားယန်ဒေသက တပ်မတော် စခန်းများကို KIA တပ်ဖွဲ့များက လာရောက် တိုက်ခိုက်မှုများကို ရည်ညွှွှန်းပြောဆိုရန် ပျက်ကွက်မှုများအပေါ် အံ့သြမိပါတယ်” လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဒုဝန်ကြီး ဦးရဲထွဋ်က ရေးထားပါသေးတယ်။
အမေရိကန် အစိုးရက တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသက အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေး အတွက်ကိုလည်း စိုးရိမ်ပူပန်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးရေး အေဂျင်စီတွေရဲ့ အကူအညီပေးဖို့ လိုအပ်နေတဲ့နေရာတွေကို မြန်မာအစိုးရ က အတားအဆီးမရှိ ဝင်ခွင့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရှိစေဖို့အတွက် တွေ့ဆုံဆွေးနွေးရေး အခြေအနေတရပ် ဖန်တီးဖို့ လိုအပ်သမျှကို နှစ်ဖက်စလုံးက ဆောင်ရွက်ကြရန်လည်း အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ်ဟာ စစ်ပွဲများ အဆုံးသတ်ရေးနှင့် ဒုက္ခသည်များ ကူညီရေးအတွက် ကချင်ပြည်နယ်ကို ယမန်နှစ် ဒီဇင်ဘာလလယ်တုန်းက သွားရောက်လေ့လာခဲ့ပါသေးတယ်။
KIA တပ်ဖွဲ့တွေ အနေနဲ့ အစိုးရတပ်စန်းတွေကို အလစ်ဝင် တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် ပြန်လည်ခုခံ တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ဒုဝန်ကြီး ဦးရဲထွဋ် ပြီးခဲ့တဲ့ရက်ကပဲ သူ့ရဲ့ Facebook မှာ ရှင်းလင်းရေးသားခဲ့ပါသေးတယ်။
ဒါပေမယ့် စစ်မြေပြင်မှာရှိနေတဲ့ KIA ရဲ့ မဟာမိတ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းရဲ့ ပြန်ကြားရေးဌာနက အစိုးရ စစ်တပ်အနေနဲ့ KIA ထိန်းချုပ်မှုအောက်မှာရှိတဲ့ အခြား တောင်ကုန်းတွေ အပါအဝင် အဓိက မဟာဗျူဟာမြောက် တောင်ကုန်းကြီးတွေကိုပါ စိုးမိုးနိုင်ရေးအတွက် သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့အကြောင်း ဧရာဝတီကို ပြောပါတယ်။
“ခါရာတောင်ကိုသိမ်းဖို့ သူတို့ သဲကြီးမဲကြီး တက်တိုက်နေတယ်၊ ဒီနေ့ ၁ နာရီ ၄၅ လောက်မှာ တောင်ခြေကနေ မြေပြင်တပ်တွေနဲ့ တက်ထိုးနေတယ်၊ ခုချိန်ထိပဲ။ ၆၀ မမ လက်နက်ကြီးတွေနဲ့လည်း ကျနော်တို့ဘက်ကို ဆက်တိုက်ပစ်နေတယ်” လို့ ဗိုလ်မှူး မင်းဌေးက ယနေ့ ညနေမှာ ပြောပါတယ်။
ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ KIA တပ်တွေအပေါ် အစိုးရတပ်တွေက ထိုးစစ်ဆင်နေတဲ့အခါ အနီးရှိ ကချင်နဲ့ တခြား တိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတွေ ထိခိုက်မှာ စိုးရိမ်တဲ့အတွက် မော်မောင်းကုန်း၊ လမောင်ကုန်းနဲ့ ကန်ဆီးမှာ အခြေစိုက်တဲ့ KIA တပ်ရင်းတွေက နေရာဖယ်ပေးလိုက်တယ်လို့ ဖားကန့်ဒေသမှာရှိတဲ့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အခြေအနေနဲ့ ပတ်သက်ပြီး ဧရာဝတီက ဒေသခံ အစိုးရအာဏာပိုင်တွေကို ဆက်သွယ် မေးမြန်းတဲ့အခါ ဖြေကြားခြင်းမရှိပါဘူး။
ဒါပေမယ့် တိုက်ပွဲဖြစ်ပွားတဲ့အနီးက စိုင်းတောင်၊ မှော်မောင်းကုန်း၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူ အပါအဝင် အနီးရှိ ကျေးရွာပေါင်း ၁၅ ရွာကျော်က ဒေသခံ ၁ သောင်းကျော် ဒီလ ၂၁ ရက်နေ့ကစပြီး ဖားကန့်မြို့ပေါ်မှာရှိတဲ့ ကယ်ဆယ်ရေး စခန်း ၁၄ ခုမှာ လာရောက် ခိုလှုံနေကြတယ်လို့ စခန်းတာဝန်ရှိတဲ့ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေက ပြောပါတယ်။
“တိုက်ပွဲကလည်းဖြစ်နေတော့ တိရိစ္ဆာန်တွေနဲ့ ပစ္စည်းတွေ ဘာမှ ယူမလာနိုင်ကြဘူး။ ကိုယ်လွတ်ပဲ ရုန်းပြေးလာကြတာ။ အခုထပ်ရောက်လာတဲ့ လူတွေပြောတာ ကျန်ခဲ့တဲ့အိမ်တွေကို အစိုးရ စစ်တပ်တွေ ဝင်မွှေပြီး လိုချင်တာယူ၊ တချို့အိမ်တွေ ဖျက်ပစ်တယ်လို့ ကြားတယ်။ ဝှေခါဆိုတဲ့ရွာက ရွာသားတွေဆို တိုက်ပွဲကြားမှာ ပိတ်မိနေလို့ ဘယ်မှပြေးလို့မရ ဖြစ်နေတယ်” လို့ ဖားကန့်မြို့ခံ နှစ်ခြင်း ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တဦးက ဧရာဝတီကို ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက KIA ကို အပြီးသတ် ချေမှုန်းပြီးမှသာ ငြိမ်းချမ်းရေး တည်ဆောက်သင့်ကြောင်း တင်ပြဆွေးနွေးခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဧရာဝတီကို ဒီညနေမှာ ပြောပါတယ်။
အမေရိကန်နဲ့ ဂျပန်နိုင်ငံ အကြားမှာလည်း ဗုံးကြဲချေမှုန်းပြီးမှ ချစ်ကြည်ရေး တည်ဆောက်နိုင်ခဲ့တဲ့အကြောင်း၊ အလားတူပဲ သီရိလင်္ကာ နိုင်ငံမှာလည်း တမီလ်သူပုန်တွေကို အစိုးရက အပြတ်ချေမှုန်းပြီးမှ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ပုံတွေကို စစ်အရာရှိဟောင်းဖြစ်တဲ့ ဦးလှဆွေက ဥပမာ ပေးပြီးဆွေးနွေးသွားတယ်လို့ ဆိုပါတယ်။ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ် အများစုကလည်း ဦးလှဆွေလိုပဲ သဘောထား တထပ်တည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။