ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အတွက် မဟာဗျူဟာကျတဲ့ ခါရာ တောင်ကုန်းကို အစိုးရ စစ်တပ်တွေက လက်နက် လူအင်အားသုံးပြု တိုက်ခိုက်ပြီး ဒီလ ၂၅ ရက်နေ့ သိမ်းပိုက်ထားလိုက်ပြီ ဖြစ်ပါတယ်။
ပွိုင့် ၁၀၁၂ လို့ခေါ်တဲ့ ခါရာတောင်ဟာ လိုင်ဇာဌာနချုပ် အနီး KIA အတွက် ဗျူဟာအရ အရေးပါတဲ့ အမြင့်ဆုံးတောင် ဖြစ်ပြီး ဒီလ ၂၄ ရက်နေ့မှာ အစိုးရ စစ်တပ်က ၁၂၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ လက်နက်ကြီး အလုံးပေါင်း ထောင်ချီပစ်ခတ်ခဲ့ကာ မြေပြင်ထိုးစစ်တွေနဲ့ အင်အားသုံး စစ်ဆင်ပြီး သိမ်းပိုက်ခဲ့တာ ဖြစ်ကြောင်း KIA ဘက်က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရက လဂျားယန်ဒေသကို စစ်ဆင်ရေး ရပ်စဲလိုက်ပြီလို့ ဒီလ ၁၉ ရက်နေ့က တရားဝင် ကြေညာပြီးတဲ့ နောက် အခုလို ထိုးစစ်ဆင် ပြီးသိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အစိုးရ စစ်တပ်ဘက်က အကျအဆုံးများပြားပြီး KIA တပ်ဘက်မှာလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။
“ဒီ ခါရာ ပွိုင့်ကို ရအောင်ထိုးပါလို့ စစ်တပ်ကို အထက်က ညွှန်ကြားထားတယ် ပြောတယ်။ မဟာဗျူဟာအရကျတော့ ဒီဒေသမှာ ဒီတောင်က အမြင့်ဆုံးပဲလေ။ အဲဒီတော့ သူတို့က စိုးမိုးထားတဲ့ပုံ ပေါက်တာပေါ့” လို့ KIA ရဲ့ မဟာမိတ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဧရာဝတီကို ပြောပါတယ်။
အခုလ အစောပိုင်းက KIA အတွက် အရေးပါတဲ့ ပွိုင့် ၇၇၁ တောင်ကုန်းနဲ့ ဖွန်ပြင်ဘွန် တောင်ကုန်းတွေ အပါအဝင် တောင်ကုန်းတချို့ကို အစိုးရတပ်က လေယာဉ်တွေနဲ့ ပစ်ကူတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်တွေ တပ်ဆင်ထားတယ်လို့ စစ်မြေပြင် သတင်းတွေအရ သိရပါတယ်။
အစိုးရတပ်တွေနဲ့ KIA တပ်တွေ မြေပြင်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ လဂျားယန် ဘက်က တက်လာတဲ့ အစိုးရ စစ်ကြောင်းနဲ့ KIA တပ်ဖွဲ့တွေ လဝါးယန် ဒေသမှာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဗိုလ်မှူး မင်းဌေးက ပြောပါတယ်။
KIA ဌာနချုပ် လိုင်ဇာမြို့အနီး အစိုးရ စစ်တပ်တွေ ရောက်ရှိလာချိန်မှာပဲ ဒေသခံတချို့ဟာ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည်စခန်းတွေကို ထွက်ပြေးလာကြပြီး လိုင်ဇာ မြို့တွင်းနဲ့ မြို့ပြင်မှာ ရှိနေတဲ့ စခန်း ၄ ခုက ဒုက္ခသည်တွေကလည်း အစိုးရတပ်က ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်လာမှာကို စိုးရိမ်နေကြတယ်လို့ ကချင်ဒုက္ခသည်စခန်းများ ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာက ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ယခုလ ၁၉ ရက်နေ့ နေ့စွဲနဲ့ KIO ကို လက်ရှိ ကချင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများအရေး ကိစ္စဖြေရှင်းရန်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး ကိစ္စများ ဆွေးနွေးရန် စာပို့အကြောင်း ကြားခဲ့ပြီး KIO က အစိုးရအနေနဲ့ ထိုးစစ်တွေ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် စစ်ရေးအရ ဖိအားပေးမှု အခြေအနေအောက်မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေနဲ့သာ ဆွေးနွေးဖို့ အကြောင်းပြန်ခဲ့ပါတယ်။
UNFC အနေနဲ့လည်း ဆွေးနွေးမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေမှာ ဖြေကြားနေပေမယ့် နှစ်ဘက် တွေ့ဆုံနိုင်ရေး ဆက်သွယ်ရာမှာ အကြောင်းပြန်ကြားမှုတွေ မရှိဘူးလို့ KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ကြားမှာ ဆောင်ရွက်ပေးနေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) က ပြောပါတယ်။
“KIO က UNFC အနေနဲ့ တွေ့ဖို့ အကြောင်းပြန်ပြီး ကတည်းက အစိုးရဘက်ကတော့ တွေ့ဆုံနိုင်ရေး လှမ်းဆက်သွယ်တာကို ဟိုရက်ရွှေ့၊ အချိန်ရွှေ့နဲ့ ဘာမှလည်း အကြောင်းမပြန်သေးဘူး။ ဖုန်းဆက်လည်း PSO (ကိုယ်ရေးအရာရှိ) တွေနဲ့ပဲ တွေ့တယ်။ ဘာမှမထူးသေးဘူး” လို့ PCG ရဲ့ အကျိုးတော်ဆောင် တဦးဖြစ်တဲ့ ဦးဆန်းအောင်က ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် “အခုဟာက တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတယ်။ KIA စခန်းတွေနဲ့ ခဲတပစ်စာအကွာမှာပဲ အစိုးရတပ်တွေက ရှိနေတယ်လေ။ အဲဒါတွေကြောင့်လည်း KIO က ယုံကြည်မှုပိုပျက်ပြီးမှ UNFC အနေနဲ့ ဆွေးနွေးဖို့လုပ်တာ အဲဒါတွေပါတယ်။ ထိုးစစ်မလုပ်ဘဲနဲ့ စစ်ရှိန်လျှော့ပြီးမှ ဆွေးနွေးလိုက်ရင် အစောကြီးကတည်းက ဖြစ်သွားမယ့်ကိစ္စပါ” လို့ သူက ဆက်ပြောပါတယ်။
ကချင်ပြည်နယ်ထဲမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အရပ်သားတွေ ထိခိုက်သေကျေကာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အားယုတ်စေတဲ့ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာကို အမေရိကန် ပြည်ထောင်စုက အလွန်စိုးရိမ်နေပြီး ဒီတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ရန်ကုန်သံရုံးက ခါရာတောင်ကုန်းကို မသိမ်းမီ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ရာမှာတော့ ကချင်ပြည်နယ်မှာ စစ်ရေးဆောင်ရွက်မှုများကို ရပ်ဆိုင်းရန် သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီက ၁၉ ရက်က ညွှန်ကြားချက်အား အစိုးရတပ်က လိုက်နာကြောင်း၊ KIA/KIO ကလည်း အလားတူ ရပ်ဆိုင်းရန် လိုအပ်ကြောင်း၊ သို့သော် KIA က တိုက်ခိုက်ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာ၍ အစိုးရတပ်က ပြန်လည်တုံ့ပြန် တိုက်ခိုက်ရကြောင်း ဖော်ပြထားသည်။
ထို့အပြင် အမေရိကန် သံရုံးကြေညာချက်က KIA ၏ ပြည်သူများကို တိုက်ခိုက်မှုနှင့် ဖမ်းဆီးခေါ်ဆောင်မှုများကို မဖော်ပြဘဲ အစိုးရတပ်ကသာ တိုက်ခိုက်မှုများ ပြုလုပ်နေသည့် သဖွယ် ဖော်ပြထားသဖြင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်းလည်း ရေးသားထားသည်။
ဗြိတိသျှ အစိုးရကလည်း အရပ်သားတွေ ထိခိုက်သေဆုံးပြီး အစိုးရတပ်က ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်နေမှုကို အမြန်ဆုံး ရပ်တန့်ဖို့ ဒီလလယ်ပိုင်းက တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု ဖယ်ရှားခြင်းသည် ယာယီသာ ဖြစ်ပြီး ရုတ်သိမ်းခြင်း မဟုတ်သေးကြောင်း၊ ပြန်သုံးသပ်ရာ၌ သက်ရောက်မှု ရှိနေကြောင်း သတိပေး ပြောကြားထားသည်။