ကချင်ပြည်နယ် စစ်ပွဲတွေ အပြီး အခုနှစ် မတ်လ ၁၈ ရက်နေ့က ပြန်ဖွင့်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော် လမ်းဟာ မိုင် ၁၂၀ လောက် ရှည်ပြီး ဗန်းမော်ကနေ မနက် ၉ နာရီခွဲထွက်မယ်ဆိုရင် မြစ်ကြီးနားကို ညနေ ၅ နာရီခွဲလောက် ရောက်ပါတယ်။ ဗန်းမော် – မြစ်ကြီးနားလမ်း စည်တယ်ဆိုတာ လိုင်ဇာကြောင့် ဖြစ်ပြီး လိုင်ဇာ “အ” သွားချိန်မှာတော့ ခရီးသည် အသွားအလာကျဲပြီး တနေ့ကိုကား အစီး ၂၀ လောက်ပဲ ထွက်နိုင်ပါတော့တယ်။ မြစ်ကြီးနား – ဗန်းမော်လမ်း ပြန်ဖွင့်ဖို့ကို ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲတွေမှာကတည်းက KIO (ကချင်လွတ်လပ်ရေး အဖွဲ့) က တိုက်တွန်းခဲ့တာပါ။
“လိုင်ဇာလမ်း ပွင့်စဉ်တုန်းကတော့ မရေမတွက်နိုင်အောင်ပေါ့။ မြစ်ကြီးနား – လိုင်ဇာ နေ့ချင်းပြန်၊ တချို့ဆို ၃ ခေါက်ပြန်ကြတာ။ မတ်လ ၁၈ ရက် စဆွဲတုန်းက ၆ စီးနဲ့ ပြန်စတာ အခုတော့ အစီး ၂၀ ဝန်းကျင်အထိ တိုးတက် ဆွဲနိုင်လာပါပြီ” လို့ မြစ်ကြီးနား မထသ မှ ဘဏ္ဍာရေးမှူး ဦးဉာဏ်လင်းက ပြောပါတယ်။
ဟိုင်းလတ်နဲ့ဆို အရင်က ၅ ထောင်ကျပ်ပဲ ကျပေမယ့် အခုတော့ ၈၀၀၀ ကျပ်လောက်ကုန်ပါတယ်။ ဗင်ကားဆိုရင်တော့ ၁ သောင်းခွဲလို့ သိရပါတယ်။
လူသွားလူလာ နည်းတုန်းမို့လို့ လိုင်းဆွဲတဲ့ကားတွေကို မ.ထ.သ အနေနဲ့ ဂိတ်ကြေး မကောက်တာ၊ ကားခ အပြည့်အ၀ ရအောင် ပံ့ပိုးပေးတာတွေ ရှိပါတယ်။ ပြည်နယ်အစိုးရ အနေနဲ့ကတော့ သီးသန့်အကူအညီ အစီအစဉ်မျိုး မရှိဘဲ ကားသမားတွေကို ကူညီစောင့်ရှောက်ဖို့ မှာထားတာလောက်ပဲ ရှိပါတယ်။
လိုင်ဇာကနေ မြစ်ကြီးနား ဆင်းချင်တယ်၊ ဗန်းမော်ကို ဆင်းချင်တယ် ဆိုရင်တော့ ပြည်တွင်းလမ်းကနေ သွားလို့မရပါဘူး။ တရုတ်ပြည်ကနေ ပတ်ပြီးသွားရပါတယ်။ အရင်က နာရီပိုင်းလောက်သာ ကြာတဲ့ခရီးတွေက ညအိပ်ရတဲ့ ခရီးရှည်ကြီးတွေ ဖြစ်သွားပါတယ်။ အခန့်မသင့်ရင် လွယ်ဂျယ်မှာ တည၊ ဗန်းမော်မှာ တည အိပ်ရသည်အထိ ဖြစ်သွားနိုင်ပါတယ်။ လွယ်ဂျယ်ကနေ မနက် ၇ နာရီ ထွက်တဲ့ကားက ဗန်းမော်ကို နေ့လည် ၁ နာရီလောက်မှ ရောက်ပါတယ်။ ဗန်းမော် – မြစ်ကြီးနား ကားက မနက် ၉ နာရီခွဲကျော်ရင် မရှိတော့ပါဘူး။ ဗန်းမော် – မြစ်ကြီးနားကား မီချင်ရင်တော့ မနက် ၄ နာရီလောက် လွယ်ဂျယ်ကနေ ဆိုင်ကယ်ကယ်ရီနဲ့ ဆင်းရပါတယ်။
လွယ်ဂျယ် – ဗန်းမော်လမ်းဟာ တောင်တက်တောင်ဆင်းလမ်း ဖြစ်ပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ခဲ့တဲ့နေရာတွေမို့ ကတုတ်ကျင်းရာတွေကတော့ လမ်းဘေး ဝဲယာမှာ ရှိနေတုန်းပါပဲ။ အရင်က အစိုးရစစ်တပ် မရှိခဲ့ဲတဲ့ ကုန်းတွေ၊ ကမူတွေမှာ စစ်တပ်က နေရာယူပြီး တပ်ခြံကာ ထားပါတယ်။ လမ်းတလျှောက်လည်း လူမရှိတဲ့ရွာတွေမှာ အစိုးရစစ်သားတွေက နေရာယူထားပါတယ်။ ရွာတရွာမှာ အနည်းဆုံး တပ်ခွဲတခွဲလောက်ရှိပြီး လမ်းတလျှောက်မှာလဲ တောတွေတောင်တွေထဲမှာ နေရာယူထားတဲ့ တပ်စိပ်တွေကိုလဲ ခပ်စိပ်စိပ် တွေ့ရပါတယ်။
လမ်းတလျှောက်က စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ကတော့ ရွာပြန်ချင်ပေမယ့် မိုင်းတွေ ရှိနေသေးတာကြောင့် မြပြန်ရဲဘူးလို့ ကချင်ပြည်နယ် လူမူရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောပါတယ်။ ဒုက္ခသည်တွေကို ကူညီနေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဆရာဘရန်မိုင်ကလည်း “ပြန်ချင်တဲ့ ဒုက္ခသည်တွေရှိပေမယ့် ကိုယ့်လုံခြုံရေးကိုယ် တာဝန်ယူရမယ် ဆိုတော့ ဘယ်သူမှ မပြန်ရဲကြတော့ဘူး” လို့ ဆိုပါတယ်။
စိန်လုံကျေးရွာမှာတော့ ကချင်ရှေ့တန်းရောက် စစ်သားများရဲ့ ကောင်းမူဘုရားစေတီ တည်လက်စကို တွေ့ရပါတယ်။ မတ်တပ်ရပ် ရုပ်ပွားတော်ဖြစ်ပြီး တောင်ကုန်းမြင့်ပေါ်မှာမို့လို့ အထူးပဲ ကြည်ညိုဖို့ ကောင်းပါတယ်။ ဘုရားစေတီသာ ပြီးသွားရင်တော့ လွယ်ဂျယ် – ဗန်းမော် ခရီးသွားတွေ ခရီးတထောက်နားရင်း ဘုရားဖူးနိုင်တော့မှာ ဖြစ်ပါတယ်။
လွယ်ဂျယ် – ဗန်းမော် လမ်းက ဗန်းမော် – မြစ်ကြီးနား လမ်းထက်စာရင် သွားရလာရတာ စိတ်ချမ်းသာဖို့ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ မီးရှို့ခံထားရတဲ့ရွာတွေက ဗန်းမော် – မြစ်ကြီးနား လမ်းမှာလောက် မများပါဘူး။ တချို့ရွာတွေမှာတော့ သတ္တိရှိတဲ့ရွာသားတွေ ၁ ယောက်စ ၂ ယောက်စ ပြန်တွေ့နေရပါပြီ။
ဗန်းမော် – မြစ်ကြီးနား လမ်းမှာတော့ မီးရှို့ထားတဲ့ရွာတွေ များသလို အစိုးရစစ်သားတွေလည်း ပိုများပါတယ်။
စိတ်ဆင်းရဲဖို့ အကောင်းဆုံး မြင်ကွင်းကတော့ နန်ဆန်ယန် ကျေးရွာ မီးလောင်ပြင်ပဲ ဖြစ်ပါတယ်။ တိုက်ခံအိမ်တွေ ပြိုပျက်နေသလို သစ်သားအိမ်တွေကလည်း အိမ်တိုင်ပဲ ကျန်တဲ့အထိ မီးလောင်ရာချည်းပဲ ဖြစ်ပါတယ်။ တလောက နန်ဆန်ယန် ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ရယ်၊ အရပ်သားတွေရယ် ပေါင်းပြီးကောက်တဲ့ စာရင်းအရ မီးလောင်အိမ်ခြေ ၆၀၀ ကျော်ပါတယ်။ အကောင်းကျန်တဲ့ အိမ်ကတော့ လက်ချိုးရေလို့ ရပါတယ်။ အရပ်သားတွေအိမ် မီးလောင်ကုန်ပေမယ့် အစိုးရရုံးတွေကတော့ အကောင်းအတိုင်း ရှိနေတုန်းပါပဲ။ စစ်နဲ့ပတ်သက်တဲ့ မှတ်တမ်း ရိုက်ချင်သူများ အတွက်ကတော့ ရိုက်ချက်ကောင်းတွေ ရမယ့်ရွာပါ။
ကားလမ်းတလျှောက် ရွာစဉ်တွေမှာတော့ ဟင်းလင်းပွင့်နေတဲ့ အိမ်တွေ၊ လူတရပ်လောက်ထူတဲ့ မြက်ပင်တွေ၊ အိုဆွေးလို့ တဝက်တပျက် ပြိုကျနေတဲ့ အိမ်တွေချည်းပဲ ရှိပါတယ်။ တစင်းလုံး အကုန်ပျက်နေတဲ့တံတား၊ အပေါက်ဖြစ်နေတဲ့ တံတားတွေကိုတော့ ပြည်နယ်အစိုးရက ပြုပြင်ဖို့ ပြင်ဆင်နေတယ်လို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်က ပြောပါတယ်။
“တံတားအားလုံး ၁၉ ခု လောက်ရှိပါတယ်၊ အစအဆုံး ပြင်ရမယ့်ဟာရှိသလို နည်းနည်းပြင်ရမဲ့ဟာ ရှိပါတယ်။ လောလောဆယ်တော့ ကားတွေက တံတားအောက် လမ်းလွှဲကနေပဲ အဆင်ပြေသလို သွားနေကြပါတယ်။ ပြည်နယ် အစိုးရအနေနဲ့ ပြင်ဖို့စီစဉ်ထားပါတယ်။ လတ်တလော အထိကတော့ ၂ ခု ပြင်ထားပြီးပါပြီ” လို့ သူကပြောပါတယ်။
ဗန်းမော် – မြစ်ကြီးနားလမ်းကို သွားရင်တော့ ရိက္ခာစို ရိက္ခာခြောက် အစုံအလင်နဲ့ ပြည့်ဖြိုးသန့်ပြန့်တဲ့ အစိုးရစစ်သားတွေကို နေရာတကာမှာ တွေ့ရမှာပါ။ တချို့ ဖရဲသီးကားတွေ ဖြတ်တဲ့နေရာမှာ ကျတဲ့သူတွေကတော့ အခြားသူတွေထက် ပိုပြီး အူစိုပါတယ်။ ဗန်းမော် – မြစ်ကြီးနား ကားလမ်းတလျှောက် ခရီးသည် စာရင်းပေးရတဲ့ ဂိတ် ၃၀ ကျော် ရှိပါတယ်။ စိုးရတပ်သားတွေကတော့ အေးအေးဆေးဆေးပါပဲ။ ကာတွန်းဖတ်သူ၊ ရေဒီယိုနားထောင်သူနဲ့ သက်သာ အနေအထားမှာ ရှိနေပါတယ်။ ဗန်းမော် – မြစ်ကြီးနား လမ်းပိုင်းမှာတော့ အစိုးရ စစ်သားတွေက ဂါးရာယန်ထိ လမ်းတောက်လျှောက် တောထဲမှာရော၊ လမ်းဘေးဝဲယာမှာပါ အပြည့်အ၀ နေရာယူထားပါတယ်။
လမ်းမှာ အစစ်အဆေးကတော့ ထင်တလောက် မများပါဘူး။ ဒါပေမယ့် ၁/ နံပါတ်နဲ့ ကချင်နာမည်ဆိုရင်တော့ တခြားသူတွေထက် ထူးပြီး စစ်ပါတယ်။ စီးလာတဲ့ကားမှာ ကချင်အမျိုးသမီး နှစ်ယောက်ပါလို့ သူတို့ကို အထူးအာရုံစိုက်ပြီး စစ်ပါတယ်။ တခြားလူတွေကိုတော့ မှတ်ပုံတင်ပဲ ကြည့်ပါတယ်။ ခရီးသွားစဉ်တုန်းက သင်္ကြန်နီးတဲ့ ကာလမို့ အိမ်လွမ်းတဲ့ အစိုးရစစ်သားတွေက သူတို့ စစ်ဆေးရေးဂိတ် ရောက်လာတဲ့ ကားသမားတွေကို သင်္ကြန်သီချင်းမဖွင့်ဖို့ တောင်းဆိုကြပါတယ်။
ဗန်းမော် – မြစ်ကြီးနားလမ်း ဖွင့်တယ်ဆိုပေမယ့် တကယ့်ဆုံချက်ဖြစ်တဲ့ လိုင်ဇာကတော့ ဗန်းမော် – မြစ်ကြီးနား ခရီးစဉ်မှာ ပါဝင်လို့ မရတော့ပါဘူး။ လဂျားယန်ဂိတ်ကို အစိုးရစစ်တပ်က ပိတ်ထားဆဲ ဖြစ်တာကြောင့် လိုင်ဇာကို ဗန်းမော် – မြစ်ကြီးနား ကားတွေ ဝင်လို့မရပါဘူး။ ဒေါ့ဖုန်းယန် – လိုင်ဇာ လမ်းပိုင်းကိုလည်း မိုင်းတွေ ရှိနေသေးတယ် ဆိုပြီး ပိတ်ထားဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ဗန်းမော် – မြစ်ကြီးနား လမ်းဖွင့်တယ်ဆိုပေမယ့် လိုင်ဇာမြို့နဲ့ ဘာမှ မဆိုင်ပါဘူး။ ရှင်းအောင် ပြောရမယ်ဆိုရင် ပုံမှန်လမ်းကြောင်းက ဗန်းမော် – လိုင်ဇာ – မြစ်ကြီးနား ဖြစ်ပေမယ့် ကြားက လိုင်ဇာကို ချန်ထားပြီး ဗန်းမော် – မြစ်ကြီးနား လမ်းကိုသာ ဖွင့်လိုက်တာ ဖြစ်ပါတယ်။ ဗန်းမော် – မြစ်ကြီးနား လမ်းဆိုတာက လိုင်ဇာ ကုန်သွယ်ရေးကြောင့် အဓိက စည်တာဖြစ်ပြီး လမ်းတလျှောက်ရွာစဉ်တွေက လူတွေ သွားသွားလာလာကြောင့် အရင် ဖြတ်သွားဖြတ်လာ များခဲ့ပေမယ့် ကုန်သွယ်ရေး မလုပ်နိုင်ကြတဲ့ အခါ၊ လမ်းတလျှောက် ရွာစဉ်တွေက စစ်ပြေးကြတဲ့အခါ လမ်းကို အသုံးပြုသူ နည်းသွားရတာ ဖြစ်ပါတယ်။ ဗန်းမော် – မြစ်ကြီးနား လမ်းဖွင့်လို့ အစိုးရအတွက် နိုင်ငံရေးအမြတ် ထွက်ပေမယ့် တကယ့်အောက်ခြေ ပြည်သူများ အတွက်ကတော့ ကုန်ရောင်းကုန်သွယ်လည်း လုပ်မရ၊ ကားခကလည်း ဈေးတက်၊ စစ်ပြေးတွေလည်း ရွာတွေကို ပြန်မရဘဲနဲ့ အကျိုးမများလှပါဘူး။
ကားသမားတွေလည်း မြစ်ကြီးနားကနေ ဗန်းမော်ပြန်တက်ရင် ကားအလွတ်ချည်းပဲ မတက်ရဖို့ အတော်ကို ကြိုးစား ရုန်းကန်နေရပါတယ်။ ပြန်တက်ရင် လူမရတာကတော့ ခေါင်းအစားဆုံးပဲလို့ ကားဆရာတွေရဲ့ အပြောကတော့ အပိုမဟုတ်ပါဘူး။ တကယ်လည်း ဗန်းမော် မြစ်ကြီးနားလမ်းကို သွားရဲတဲ့သူ၊ သွားမယ့်သူတွေ ရှားနေတုန်းပါပဲ။ ဗန်းမော် မြစ်ကြီးနားလမ်းကြီး အရင်လို စည်ပင်ဝပြောဖို့ကတော့ လိုင်ဇာလမ်းဖွင့်ဖို့နဲ့၊ ဗန်းမော် – နမ်းခမ်းလမ်း ဖွင့်ဖို့ လိုလိမ့်မယ်လို့ မ.ထ.သ က တာဝန်ရှိသူ ဦးဉာဏ်လင်းက ပြောပါတယ်။