အစိုးရ နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား အပစ်အခတ် ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး ရရှိရေး ဆွေးနွေး လျက်ရှိ သော်လည်း ကချင်ပြည်နယ်တွင် ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲများ ဆက်တိုက် ပြန်လည် ဖြစ်ပွားနေပြီး မြန်မာစစ်တပ်မှ စစ်ဗိုလ် အရာရှိ တဦး ကျဆုံးသွားကြောင်း သတင်း ရရှိသည်။
ကချင်ပြည်နယ် အတွင်း တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားလျက်ရှိရာ သြဂုတ်လ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့ ပူတာအို ခရိုင်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဗန်းမော်ခရိုင်၊ မန်စီ မြို့နယ်တွင်မူ စက်တင်ဘာလ ၁၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ သြဂုတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲ တွင် မြန်မာစစ်တပ် မှ စစ်ဗိုလ်အရာရှိ တဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲတွင် ကျဆုံးသွားသော စစ်ဗိုလ်အရာရှိ နှင့် ပတ်သက်ပြီး ကေအိုင်အေက ဖမ်းဆီး သတ်ဖြတ်သည် ဆိုသော သတင်းများ အွန်လိုင်းလူမှုကွန်ရက် ပေါ်တွင် ပျံ့နှံ့နေပြီး ယင်းသတင်းများသည် မဟုတ်မှန်ကြောင်း ကေအိုင်အေ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီသို့ ပြောသည်။
“သတင်း တွေက သူတို့ မဟုတ်တာကို ကြံဖန် လုပ်ကြံတယ် လို့ ပြောလို့ ရတယ်။ ခေါင်းဖြတ် သတ်တယ် ဗိုက်ခွဲတယ်လို့ ပြောနေကြတယ်။ အမှန် တကယ်တော့ အဲဒီနေ့က တိုက်ပွဲ ဖြစ်တယ်၊ တိုက်ပွဲမှာ အရာရှိငယ် တယောက် ကျသွားတယ်။ ကျသွားတဲ့ အရာရှိငယ်ကို ကျနော်တို့ ဘက်က မြေမြုပ် သဂြိုလ်လိုက်တယ်။ အဲဒီနောက်ပိုင်းမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကနေပြီးတော့ အရာရှိ ဖြစ်တဲ့အတွက် အလောင်းဘယ်မှာ ထားခဲ့လဲ ဆိုတာ ပြန်စုံစမ်းတယ်။ ကျနော်တို့ ဘက် ကလည်း အလောင်း ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ပြန်ပြောလိုက်တယ်။ အလောင်းကို ပြန်ဖော်ယူသွားတယ်။ တကယ်လို့ ကျနော်တို့ဘက်က မဟုတ်တာ လုပ်ထားခဲ့တယ် ဆိုရင် အလောင်း ဘယ်မှာ မြှုပ်ထားတယ်ဆိုတာကို ပြောစရာ မလိုတော့ဘူး”ဟု ဦးလနန်က ဆိုသည်။
လတ်တလော တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသော မန်စီမြို့နယ်တွင် စစ်ရေး အခြေအနေ အလွန် တင်းမာနေပြီး မြန်မာ စစ်တပ်မှ ကေအိုင်အေ ရှေ့တန်း စစ်စခန်းများကို ချဉ်းကပ်လာမှုကြောင့် တိုက်ပွဲများ စတင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ အစိုးရ စစ်ကြောင်းများ တိုက်ပွဲဖြစ်ပွားနေရာသို့ ဆက်တိုက် ဝင်ရောက်နေသည်ဟု သိရှိရသည်။
“မန်စီ မြို့နယ်မှာ အမြဲတမ်း အခြေအနေ တင်းမာနေတယ်။ ကျနော်တို့ တပ်ရင်း ၁၂ ရှေ့တန်း စခန်းတွေကို စက်တင် ဘာလ ၁၁ ရက်နေ့က မြန်မာ စစ်တပ်ဘက်က ချဉ်းကပ်လာတဲ့အတွက် တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ ခမရ ၃၂၃ က တော်တော် လေး အထိအခိုက်များပြီး ချောင်ပိတ်ခံရတဲ့ အခြေအနေမှာ စစ်ကူ စစ်ကြောင်း ၃ ကြောင်း ပြန်ဝင်လာတယ်။ စစ်ကြောင်း ၃ ကြောင်းနဲ့ မနေ့က တိုက်ပွဲ ပြန်ဖြစ်တယ်။ ဒီနေ့ နောက်ဆုံး အခြေအနေကိုတော့ ကျနော်တို့ မသိရသေး ပါဘူး” ဟု ဦးလနန်က ပြောဆိုသည်။
ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲများကြောင့် မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာတွင် ခိုလှုံနေသော ဒုက္ခသည် တထောင် အတွက် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရှိရသည်။
နမ့်လင်းပါ ကျေးရွာတွင် ခိုလှုံနေသော ဒုက္ခသည်တဦးက “မနေ့ကဆိုရင် ရွာမှာရှိတဲ့ မူလတန်းကျောင်း အနောက်ဘက် နားတင် တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးကျတာတွေ ဘာတွေလည်း ရှိနေတယ်။ ခုထိတော့ အထိအခိုက်မရှိသေးဘူး။ ဒါပေမယ့် နမ့်လင်းပါမှာသာ တိုက်ပွဲ လာဖြစ်ရင် ဘယ်ထပ်ပြေးရမလဲ မသိဘူး” ဟု ဧရာဝတီသို့ ဆိုသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကေအိုင်အေ၏ ငြိမ်းချမ်းရေး လုပ်ငန်းအဖွဲ့နှင့် မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) ၏ လုပ်ငန်း အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်နေချိန်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် မဟုတ်မမှန် သတင်းများ ထွက်ရှိလာခြင်းသည် ဆွေးနွေးပွဲကို အခက်အခဲ ဖြစ်စေနိုင်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် များက ပြောဆိုသည်။
“စစ်ပွဲ ပြန်ဖြစ်စေချင်တဲ့သူတွေ၊ ငြိမ်းချမ်းရေး မလိုချင်တဲ့ သူတွေက ဒီလိုသတင်းမျိုး လွှင့်တယ်လို့ ထင်တယ်။ တကယ် တော့ အဲဒီလို မဟုတ်လောက်ပါဘူး။ ကျနော်တို့ အတိအကျ မသိပေမယ့် ကေအိုင်အေ ဘက်က ပြောစရာရှိမှာပါ။ ဆွေးနွေးပွဲ တိုင်းမှာ ဒီလို ကိစ္စမျိုးတွေ ဖြစ်နေကျ ဖြစ်နေတယ်” ဟု ကချင် Peace Creation Group မှ ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။
ကေအိုင်အေ နှင့် မြန်မာ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့သည် ၂၀၁၃ ခုနှစ် မေလကုန်ပိုင်း မြစ်ကြီးနား မြို့တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်ရန်၊ ၂ ဖက်တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု လျှော့ချရေး နှင့် တိုက်ပွဲများ ဆက်လက် မဖြစ်ပွားစေရေး ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ တပ်ပိုင်းဆိုင်ရာ နေရာ ချထားရေး ဆက်လက် လုပ်ဆောင်ရန် အပါအဝင် ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်များ ရရှိခဲ့ သော်လည်း လက်ရှိ အခြေအနေ တွင်မူ ကေအိုင်အေ အနေဖြင့် အလုံးစုံ အပစ်အခတ် ရပ်စဲရေး အပေါ် တစုံတရာ မှတ်ချက် မပြုလိုဟု ဦးလနန် က ပြောသည်။
“အစိုးရ ညွှန်ကြားချက်မှာ ကေအိုင်အေ လုံး၀ အခြေချ လို့ မရအောင် လုပ်ရမယ် ဆိုတဲ့ ညွန်ကြားချက်ရှိတယ်။ အဲဒီ ညွန်ကြားချက် ကို ဒီပွင့်လင်းရာသီမှာ အကောင် အထည်ဖော်လာတဲ့ သဘောပါ။ သူတို့ဘက်က စစ်ဆင်ရေး မလုပ်ပါဘူး၊ ထိုးစစ်မလုပ်ပါဘူး လို့ ပြောနေပေမယ့် သူတို့ရဲ့ အခုနောက်ပိုင်း သုံးလာတဲ့ အသုံးအနှုန်း တွေက နယ်မြေစိုးမိုးရေး၊ နယ်မြေရှင်းလင်းရေး ဆိုတဲ့ ဝေါဟာရကို ပြန်ပြီး သုံးလာတယ်။ ဒါက ဘာလဲဆိုတော့ စစ်ဆင်ရေး လုပ်တာနဲ့ အတူတူပါပဲ” ဟု ဦးလနန်က ရှင်းပြသည်။
သမ္မတဦးသိန်းစိန်က အောက်တိုဘာလတွင် တနိုင်ငံလုံး အတိုင်း အတာဖြင့် အပစ် အခတ် ရပ်စဲရေး ဆောင်ရွက်မည်ဟု ပြောဆို နေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တိကျသေချာသော သဘောတူညီချက် မရရှိသေးဘဲ ကေအိုင်အေအဖွဲ့၊ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တို့နှင့် အပစ် အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးကြောင်း သိရှိရသည်။