မြစ်ကြီးနားမြို့တွင် ၃ ရက်ကြာ ဆွေးနွေးပွဲပြုလုပ်အပြီး ကချင်လွတ်မြောက်ရေးတပ် KIOနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီတို့ အပစ်အခတ်ရပ်စဲရေး အကြို သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အခြေခံပဏာမ သဘောတူညီချက်အနေဖြင့် နှစ်ဖက်နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်၊ နှစ်ဖက်တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှု လျှော့ရေးနှင့် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရေး ထိန်းသိမ်းဆောင်ရွက်သွားရန်၊ နှစ်ဖက်ကိုယ်စားလှယ်များပါသော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရန်၊ IDP ဒုက္ခသည်များ ကို ပြန်လည်ထူထောင်နိုင်ရေး နှစ်ဖက်ဆောင်ရွက်ရန်၊ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး ဆက်လက်လုပ်ဆောင်ရန်၊ KIO ကိုယ်စားလှယ်များ မြစ်ကြီးနားတွင် ထားရှိရန်၊ နောက်တကြိမ်ဆွေးနွေးပွဲတွင် အခြားဖိတ်ကြားလိုသောအဖွဲ့များ ရှိလျှင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန်နှင့် နောက်တကြိမ် ဆွေးနွေးပွဲ၌ ယခုတက်ရောက်သည့်အဖွဲ့များ ပြန်လည်တက်ရောက်ရန် တို့ပါဝင်သည်။
သဘောတူ လက်မှတ်ရေးထိုးမှုနှင့်ပတ်သက်၍ KIO မှ ဗိုလ်ချုပ် ဆွမ်လွတ်ဂွမ်မော်က “တပ်တွေ တဖက်နဲ့တဖက် အပစ်အခတ် မရှိဖို့က စောင်ကြည့်အဖွဲ့တွေ ထားဖို့လိုတယ်။ ဒီမှာ စည်းကမ်းချက်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ စပြီး ရေးဆွဲပြီးမှသာ စစ် ထပ်ဖြစ်မဖြစ် ရှင်းရှင်းလင်းလင်း သိနိုင်မှာပါ ”ဟု ပြောကြားသည်။ စစ် ထပ်ဖြစ်မဖြစ် အာမခံချက်ပေးနိုင်ခြင်း ရှိမရှိ ဧရာဝတီမှ မေးမြန်းရာ “အာမခံချက်ဆိုတာထက် မဖြစ်အောင်ကို လုပ်ဆောင်သွားမှာပါ”ဟု ဖြေကြားသည်။
အပစ်အခတ် ရပ်စဲရေး မပါဝင်သည့် အဆိုပါဆွေးနွေးပွဲရလဒ်အပေါ် ဦးအောင်မင်းကလည်း ယခုဆွေးနွေးပွဲတွင် အခြားတိုင်းရင်းသားအဖွဲ့များနှင့် ယခင်က ဆွေးနွေးပြီးနောက်ပိုင်း အားနည်းချက်များကို ပြင်ဆင်ကာ ဆွေးနွေးထားခြင်း ရလဒ်ဖြစ်ပြီး အပြည့်စုံဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြား တိုင်းရင်းသားအဖွဲ့များနှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရခြင်းမှာ အပစ်အခတ် ရပ်စဲခဲ့သော်လည်း နယ်မြေပိုင်းခြားရေးအပေါ် ဆက်မလုပ်နိုင်သေးခြင်းကြောင့်ဟု ပြောကြားသည်။
“တိုက်ပွဲတွေ ဆက်ဖြစ်နေတာက တပ်မတော်နဲ့ သိပ်မဆိုင်ပါဘူး။ ဦးအောင်မင်း လိုအပ်ချက်ပါ။ တပ်မတော်က နိုင်ငံကာကွယ်တဲ့ သဘောပါ။ နယ်မြေ မပိုင်းခြားနိုင်သေးတဲ့ အဖွဲ့တွေ ဖြစ်နေတာပါ။ နှစ်ဖက်စလုံးက ဒီပေါ်မှာ ကိုယ့်မြေကိုယ် ကာကွယ်ရင်းနဲ့ နားလည်မှုတွေ လွဲကုန်တာပါ။ ဒီဟာတွေ မဖြစ်အောင် ခု KIO နဲ့ ဆွေးနွေးစဉ်မှာ နှစ်ဖက်ကို စောင့်ကြည့်အဖွဲ့တွေ ထားဖို့လုပ်ထားပါတယ်”ဟု ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။
နှစ်ဖက်ကိုယ်စားလှယ်များပါသော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့တွင် KIO မှ ကိုယ်စားလှယ်၊ အစိုးရဘက်မှ ကိုယ်စားလှယ်အပြင် ကချင်ရပ်မိရပ်ဖများပါ ပါဝင်ဖွဲ့စည်းသွားမည်ဟု သိရသည်။
“တပ်မတော်အနေနဲ့က ဘယ်တော့မှပြောတဲ့စကား ကတိကို ပြန်မရုတ်သိမ်းသလို ပြောတဲ့အတိုင်းဘဲ လုပ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးနိုင်သေးပေမယ့် ဒီလောက်ထိ လုပ်ဆောင်နိုင်တဲ့အပေါ် အားရမှု ရှိပါတယ်။ တပ်မတော်ဟာ ဘယ်တော့မှ စည်းကမ်းမဖောက်ပါဘူး”ဟု ကာကွယ်ရေးဦးစီးချုပ်၏ အထူးအာဏာကုန် လွှဲအပ်ခံထားရသည့် ဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း ပြောဆိုသည်။
၃ ရက်ကြာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နမ်ကလည်း “ဆက်ဆံရေးတွေက အမြဲတမ်းအတွက် ပြန်ဖြစ်လာပြီ။ စောင့်ကြည့်မှုအဖွဲ့လည်း ရှိလာတော့ ဒါဟာ အရင်နဲ့မတူတဲ့ တိုးတက်မှုလို့ ပြောလို့ရပါတယ်။ နှစ်နှစ်တာ ကာလမှာ ဒီလောက်တိုးတက်မှုအပေါ် အားလုံး ဝမ်းသာရမှာပါ” ဟု ပြောသည်။
ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်ပြီး UN ကိုယ်စားလှယ် မစ္စတာနမ်ဘီးယားက “ဒီကနေ့ သဘောတူညီလိုက်နိုင်တဲ့ အစည်းအဝေးရဲ့ ရလဒ်က သမိုင်းဝင်တိုးတက်မှုတခုလို့ ကျနော် မြင်ပါတယ်။ ပြီးတော့ အစည်းအဝေးကလည်း ပြည်တွင်းမှာ ကျင်းပတာ ဖြစ်တယ်။ ပြီးတော့ ငြိမ်းချမ်းရေးအဓွန့်ရှည်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်။ သူတို့နှစ်ဖက်စလုံးက အစည်းအဝေးတွေ ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်နိုင်တာက အရေးကြီးတယ်လို့ မြင်ပါတယ်”ဟု မှတ်ချက်ပေး ပြောကြားခဲ့သည်။
တရုတ်ကောင်စစ်ဝန် မစ္စတာ လူဇီ (Lu Zhi) ကလည်း “ဒါဟာ အပြန်အလှန် နားလည်မှု ယုံကြည်မှုတွေ တည်ဆောက်နိုင်တဲ့ အောင်မြင်မှုတခုပါ။ နောက်ဆုံး သူတို့ ရလဒ်ကောင်းတွေ ထွက်လာတယ်။ ဒါဟာ နောက်တကြိမ် ဆွေးနွေးပွဲအတွက် လမ်းဖွင့်ပေးတာဖြစ်တယ်လို့ မြင်ပါတယ်။ နောက်တကြိမ်မှာ ဒီထက် ရလဒ်ကောင်းတွေ ရှိလာမယ် ထင်တယ်”ဟုပြောခဲ့သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အဆက်မပြတ် လုပ်ဆောင်နိုင်ရေးအတွက် မြစ်ကြီးနားမြို့တွင် KIO ရုံးခွဲ ပြန်လည်ဖွင့်ကာ ၎င်းမှတဆင့် ဗဟိုအဆင့် ညှိနှိုင်းမှုများကို ဇွန်လအတွင်းတွင် ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။