အစိုးရက ရန်ကုန်မြို့တွင်းနှင့် ဒလမြို့နယ်တို့ကို ပိုင်းခြားထားသော ရန်ကုန်မြစ် ဖြတ်ကူးတံတား တည်ဆောက်ရန် အကြို လေ့လာဆန်းစစ် မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်လိုက်ရာ ဒလမြို့နယ်ရှိ အိမ်ခြံမြေ ဈေးနှုန်းများ ရုတ်တရက် တဟုန်ထိုး မြင့်တက်သွားကြောင်း သတင်းရရှိသည်။
တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံနှင့် ကိုရီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ရန်ကုန် – ဒလ မြစ်ကူးတံတား တည်ဆောက်မည် ဖြစ်ကြောင်း တံတား တည်ဆောက်နိုင်ရေးအတွက် အကြို အင်ဂျင်နီယာ ဆိုင်ရာ လေ့လာ ဆန်းစစ်မှုများကို ကိုရီးယား နိုင်ငံအခြေစိုက် Korea SAMBO Engineering ကုမ္ပဏီက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တံတားတည်ဆောက်ရေးစီမံကိန်းသည် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြီး ၃ နှစ်နီးပါးကြာမြင့်နိုင်ကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဝင်းဇော်က အစိုးရပိုင်သတင်းစာများသို့ ဇွန်လ ၂၆ ရက်နေ့တွင် တရားဝင် ထုတ်ပြန် ပြောဆိုပြီးနောက် ဒလအိမ်ခြံမြေ ဈေးနှုန်းများ ရုတ်တရက် အဆပေါင်းများစွာ ထိုးတက်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဒလမြို့နယ်တွင် အိမ်ခြံမြေဈေးများ တဟုန်ထိုးမြင့်တက်လျက်ရှိရာ ယခင်က သိန်း ၅၀ ခန့်သာ ရှိသော မြေကွက်များသည် ယခုအခါ သိန်း ၁၀၀၀ မှ ၂၀၀၀ အကြား အဆပေါင်းများစွာ ဈေးထိုးတက်သွားပြီး ဒလမြို့နယ်သို့ ရန်ကုန်မြို့မှ အိမ်ခြံမြေ ကုမ္ပဏီများ လာရောက် ရုံးခန်းဖွင့်လှစ်မှု ရှိနေကြောင်း သိရှိရသည်။
“အရင်က ဒလ မြို့ထဲပိုင်းမှာရှိတဲ့ လမ်းမပေါ်က အလျား ပေ ၄၀၊ အနံ ပေ ၆၀ ရှိတဲ့ အိမ်နဲ့မြေက ကျပ်သိန်း ၅၀ လောက်ဆို ကောင်းကောင်း ရတယ်။ အခုတော့ အဲဒီ အိမ်ခြံမြေတွေက သိန်း ၁၀၀၀၊ ၂၀၀၀ လောက် အနည်းဆုံးထားပြီး ခေါ်နေကြတယ်။ ပါးစပ်ထဲက ဈေးတွေအတိုင်း ခေါ်ချင်သလို ခေါ်နေကြတာ။ တကယ် အရောင်းဖြစ်သွားရင်တော့ ၇၀၀၊ ၈၀၀ လောက်နဲ့ပဲ ထွက်တာ များပါတယ်” ဟု ဒလမြို့တွင် လွန်ခဲ့သည့် ဆယ်ရက်ခန့်ကမှ အိမ်ခြံမြေ ရုံးခွဲဖွင့်လှစ်လိုက်သည့် Fuji အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူ ကိုကျော်ဝဏ္ဏထွန်းက ပြောသည်။
ဒလမြို့နယ်တွင် အိမ်ခြံမြေဈေး မြင့်တက်မှုနှင့်အတူ ဝယ်ယူရန် လေ့လာသူ များပြားပြီး အရောင်းအဝယ်မှာလည်း နေ့စဉ်ဖြစ်နေကြောင်း၊ လတ်တလော အိမ်ခြံမြေ အကျိုးဆောင် အများစု ဒလမြို့နယ်သို့ အပြေးအလွှား ရောက်ရှိလာပြီး အိမ်ခြံမြေ ဝယ်လက် အများစုမှာ နယ်ဒေသများမှ စီးပွားရေး လုပ်ငန်းရှင်များ၊ နယ်စပ်ဒေသများမှ ရှမ်းတရုတ်နှင့် တရုတ် လူမျိုးအများစုဖြစ်ကြောင်း သိရှိရသည်။
“တချို့ ရှမ်းတရုတ်တွေဆိုရင် ကိုယ်တိုင် ကားနဲ့လာပြီး လိုက်ဝယ်တာ။ ရောင်းမယ့်သူနဲ့ တိုက်ရိုက်တွေ့ပြီး တိုက်ရိုက်ဝယ်တာ။ အိမ်ခြံမြေ ဝယ်တဲ့သူတွေက ဒေသခံ အဆက်အသွယ် တွေနဲ့ လာကြတယ်။ တချို့ ဝယ်လက်တွေက ဒလမြို့နယ်ရောက်မှ အဆက်အသွယ်ရှာပြီး စကားပြော မြေဝယ်ဖို့ ကြိုးစားကြတယ်။ အိမ်ခြံမြေဝယ်တဲ့သူတွေထဲမှာ ၁၀ ယောက် လာရင် ၈ ယောက် လောက်ကတော့ တရုတ်လူမျိုး တွေပဲ” ဟု ဒလမြို့နယ်မှ ဒေသခံ အိမ်ခြံမြေ အကျိုးဆောင် ကိုမျိုးက ပြောသည်။
ဒလမြို့တွင် ယခုရက်ပိုင်းအတွင်း အဓိက အရောင်းသွက်နေသည့် နေရာများသည် ဒလမြို့တွင်း နာရီစင် အနီးရှိ ကမာကစစ် ရပ်ကွက်၊ ဒလ – တံွတေး လမ်းမ အနီးရှိ ရပ်ကွက်၊ ရန်ကုန်ပေါက်ကျေးရွာ အပါအဝင် လယ်မြေများပါ အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။
ဒလမြို့တွင် ယခင်ကလည်း မြစ်ကူးတံတား တည်ဆောက်မည်ဆိုသော သတင်းများကြောင့် ယခုကဲ့သို့ အိမ်ခြံမြေ ဈေးကွက် လှုပ်ခတ်ခဲ့ဖူးကြောင်း၊ ၂ဝ၁၂ ခုနှစ် မေလတွင် ရန်ကုန် နှင့် ဒလ ရေအောက်ကားလမ်း ဖောက်ရန်စီမံချက်ရှိသည်ဆိုသော သတင်းများကြောင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
လတ်တလော ဒလဒေသခံအများစုသည် အိမ်ခြံမြေများ တက်ဈေးဖြင့် ရောင်းချပြီး ရရှိငွေများကို စုဆောင်းပြီး အိမ်ပြန်ငှား နေကြသည်ဟု ဒေသခံများက ဆိုကြသည်။
“ဒေသခံတွေ ဈေးကောင်းကောင်းလေးနဲ့ ရောင်းလို့ ရတုန်း ရောင်းနေကြတယ်။ ရောင်းထွက်သွားရင် သူတို့က ပြန်ငှား နေကြတယ်။ သူတို့တတွေ အိမ်ကိုရောင်းလိုက်ပြီး အိမ်ပြန်ဝယ် နေတာတော့ မတွေ့ဘူး။ တက်ဈေးဖြစ်နေတဲ့ အချိန် လက်လွတ် မခံကြဘူး” ဟု ဒလမြို့မှ အိမ်ခြံမြေ အကျိုးဆောင် ဦးထွန်းဇော်က ဆိုသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန် – ဒလ မြစ်ကူးတံတား တည်ဆောက်ပြီးပါက ဒလ မြို့နယ်တွင် စက်မှုဇုန်များ ဖော်ဆောင် ရင်းနှီးမြှုပ်နှံရန် ကိုရီးယားကုမ္ပဏီများက စိတ်ဝင်စားနေကြောင်း၊ ဒလမြို့နယ်မှ ရန်ကုန်မြို့သို့ နေ့စဉ် လူဦးရေ ၇၅၀၀၀ ခန့် ကူးသန်းသွားလာနေကြောင်း သိရှိရသည်။