ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်ကုမ္ပဏီ သစ်အချောထည်စက်ရုံမှ ဝန်ထမ်းများ၏ ဆန္ဒပြတောင်းဆိုမှုကို တိုင်းအဆင့် ခုံသမာဓိရုံး က လိုက်လျော ဆုံးဖြတ်ပေးသည့်အတွက် ဆန္ဒပြမှုကို ရပ်တန့်လိုက်ကြောင်း သိရသည်။
တော်ဝင်သစ်စက်မှ အလုပ်သမား ၂၆၄ ဦးသည် လုပ်အားခ တိုးမြှင့်ပေးရေး၊ အလုပ်သမား အခွင့်အရေးများ ပါဝင်သည့် အချက် ၅ ခုကို ၁၀ ရက်ကျော်အထိ ဆန္ဒပြတောင်းဆိုပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အချက် ၄ ချက်အား အလုပ်သမားဆိုင်ရာ ခုံသမာဓိရုံးက ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်ကြာင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုအဖွဲ့မှ ကိုကျော်မင်းက ဧရာဝတီသို့ ပြောသည်။
အလုပ်သမားများ၏ တောင်းဆိုချက်များတွင် စက်ရုံရှိ အလုပ်သမားများအား အပြင်ဆိုက်သို့ မပို့ဆောင်ရန်၊ အလုပ်သမားများ၏ သဘောတူညီမှုမရဘဲ စည်းကမ်းချက်များ မထုတ်ပြန်ရန်၊ လူမှုဖုံလုံရေးကတ် တပတ်အတွင်း ထုတ်ပေးရန်၊ အလုပ်ခန့်အပ်သည့် သဘောတူညီချက် (EC) စာချုပ် အမြန်ဆုံး ချုပ်ပေးရန် စသည့်အချက် ၄ ချက်ကို ခုံသမာဓိရုံးက ညှိနိုင်းပေးကြောင်း သိရသည်။
စက်ရုံအတွင်း ဝင်ခွင့်မရသည့် အလုပ်သမားများအား လုပ်အားခပေးရန် အချက်ကို ဥပဒေနှင့်မကိုက်ညီဟုဆိုကာ လိုက်လျောခြင်း မရှိကြောင်း၊ ထိုအချက်ကို ထပ်မံ၍ အယူခံဝင်သွားမည်ဖြစ်ကြောင်း အလုပ်သမား တဦးဖြစ်သူ ကိုထက်ကိုကိုက ပြောသည်။
အလုပ်သမားများအား စက်ရုံထဲသို့ ဝင်ခွင့်မပေးသည့်အတွက် စက်ရုံပြင်ပတွင် ဆန္ဒပြရခြင်းဖြစ်ကြောင်း စက်ရုံဝန်ထမ်း တဦးဖြစ်သူ ကိုရဲထက်ထွန်းက ပြောသည်။ ၎င်းက “ကျနော်တို့ကို စက်ရုံထဲ ဝင်ခွင့်မပေးတော့ အပြင်က ထိုင်ပြီး ဆန္ဒပြတာပါ၊ အဲဒီအတွက် လုပ်အားခပေးဖို့ တောင်းဆိုကြတာပါ” ဟု ဆိုသည်။
ဆန္ဒပြ တောင်းဆိုမှုများနှင့် ပတ်သက်၍ တော်ဝင် သစ်စက်ပိုင်ရှင် ဦးကိုကိုထွေးကို ခုံးသမာဓိရုံးက ဆင့်ခေါ်သော်လည်း ကိုယ်စားလှယ် တချို့သာ လာရောက်ကြောင်း၊ ထိုကိုယ်စားလှယ်များ အနေဖြင့် ဆုံးဖြတ်ချက် မပေးနိုင်ကြောင်း၊ ထို့ကြောင့် ခုံသမာဓိရုံးက တဖက်သတ် ကြားနာဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။ စက်ရုံပိုင်ရှင်ဘက်ကလည်း အယူခံဝင်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
အလုပ်သမားများ၏ တောင်းဆိုမှုသည် ဥပဒေနှင့် မကိုက်ညီကြောင်း၊ ကုမ္ပဏီအနေဖြင့် အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြမှု ဖြစ်ပေါ်ရသည့်အထိ အမှားများ လုပ်ဆောင်မှု မရှိခဲ့ကြောင်း တော်ဝင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးက နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်ဟု သိရသည်။ ၎င်းတို့ အနေဖြင့် ဥပဒေကြောင်းအရ ဆက်လက်လုပ် ဆောင်သွားမည်ဟုလည်း ပြောဆိုထားသည်။
တော်ဝင်သစ်စက်မှ ဆန္ဒပြအလုပ်သမားများ အနက် အစာငတ်ခံ ဆန္ဒပြသူ ၁၀ ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ယခု အခါ ဆေးရုံမှ ဆင်းသွားပြီဟု ကိုထက်ကိုကိုက ဆိုသည်။ အလုပ်သမား ဆန္ဒပြမှုသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ခဲ့ခြင်း ဖြစ်ပြီး ခုံသမာဓိ ဆုံးဖြတ်ချက်အပေါ် ကုမ္ပဏီက မလိုက်လျောပေးပါက ဆက်လက် ဆန္ဒပြသွားမည်ဟု အလုပ်သမားများက ပြောသည်။