ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာ အလုပ်သမားများကို အကျိုးဆောင် အေဂျင်စီများက ဝန်ဆောင်စရိတ် ပိုမို ကောက်ခံပါက အရေးယူမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက်များ ပေးပို့ထားကြောင်း သိရသည်။
အလုပ်သမား အေဂျင်စီများက လုပ်သား စေလွှတ်စရိတ်နှင့် အကျိုးဆောင် စရိတ်များကို အစိုးရ သတ်မှတ် ဈေးနှုန်းထက် ပိုမိုကောက်ခံပါက အလုပ်သမားများအနေဖြင့် တိုင်ကြားနိုင်ပြီး အရေးယူသွားမည်ဟု ဇန်နဝါရီ ၂၅ ရက်စွဲဖြင့် စာပို့ထားသည်ဟု အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။
“ ထိုင်းကို အလုပ်သွားလုပ်မယ့် အလုပ်သမားတွေကို ယာယီ အကျိုးဆောင် အေဂျင်စီတွေက သတ်မှတ်စရိတ်တွေထက် ပိုမို ကောက်ခံတာ၊ ပွဲစားတွေနဲ့ ဆက်သွယ်ပြီး အလုပ်သမား စုဆောင်းတာတွေကို ခွင့်မပြုဘူး၊ ဥပဒေအရ အရေးယူမယ်” ဟု ဌာန တာဝန်ရှိသူကပြောသည်။
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် အလုပ်သမားကို အေဂျင်စီများက ပြည်တွင်း ခရီးစရိတ်၊ စားစရိတ်နှင့်နေ ထိုင်စရိတ်အတွက် ငွေတသိန်းထက်ပိုမို မကောက်ခံရန်၊ ကော့သောင်းနှင့် တာချီလိတ်မြို့တို့မှတဆင့် သွားရောက်အလုပ် လုပ်ကိုင်မည့် အလုပ်သမားများကို လေကြောင်း၊ ရေကြောင်းခရီးစရိတ်အား သတ်မှတ် ကုန်ကျစရိတ်အတိုင်း ကောက်ခံရန်၊ မြန်မာနှင့် ထိုင်းနိုင်ငံ နှစ်ဘက်စလုံးအတွက် လုပ်သား စေလွှတ်ရာတွင် ကုန်ကျစရိတ် ဘတ်တသောင်းထက် ပိုမယူရန်၊ အလုပ်သမား နေထိုင်မှုစရိတ်အား အခမဲ့စီစဉ်ပေးရန်၊ သတ်မှတ် အေးဂျင့်များဖြင့်သာ ဆောင်ရွက်ရန်နှင့် ပွဲစားများနှင့် ဆက်သွယ်ကာ လုပ်သားစုဆောင်း စေလွှတ်ခြင်း မလုပ်ရန်တို့ကို အလုပ်သမား ဝန်ကြီးဌာနက ကြေညာချက်ထုတ် ပြန်ထားသည်။
ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေ အရ မည်သူမဆို ဝန်ကြီးဌာနက သတ်မှတ်ထားသော စရိတ်ထက် ပိုမို တောင်းခံယူပါက ထောင်ဒဏ် ၃ နှစ် အထိချမှတ်နိုင်သည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်း သိရသည်။
“လုပ်နိုင်ရင်တော့ လုပ်မယ်၊ မလုပ်နိုင်ရင်တော့မလုပ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ထိုင်းသွားပြီး အလုပ်လုပ်နေရတဲ့ လုပ်သားတွေရဲ့ဘဝကို စာနာလို့ပါ” ဟု ဗာကျူး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမြတ်လွင်က ဧရာဝတီသို့ ပြောသည်။
အစိုးရမှ ကြေညာချက် ထုတ်ပြန်ပြီးနောက် လိုက်နာမှု မရှိသည့် အေဂျင်စီများကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်သင့်ကြောင်း၊ အရေးယူမှု မရှိပါက မည်သူမှ လိုက်နာလိမ့်မည် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံသို့ လုပ်သားများကို အေဂျင်စီမှ စေလွှတ်ရာတွင် မြဝတီ၊ တာချီလိတ် လမ်းကြောင်းများမှသာ လွှတ်ပြီး လေယာဉ်ဖြင့် သွားခွင့် မပြုသေးကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ လုပ်သားတဦးလျှင် အခြေခံနေ့တွက် ဘတ် ၃၀၀ (မြန်မာကျပ် ၈ ထောင်ခန့်) ပေးမည်ဟု ဆိုသော်လည်း စက်ရုံ အလုပ်ရုံ အများစုတွင် မပေးသေးကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် လတ်တလော၌ ဆောက်လုပ်ရေး လုပ်ငန်းပိုင်းတွင်သာ လုပ်သားခေါ်ယူမှုရှိပြီး တခြား အလုပ်အကိုင်များမှာ ခေါ်ယူမှု ရှားပါးနေသဖြင့် မြဝတီနယ်စပ်တွင် ပွဲစားများနှင့် တွေ့ကာ မှောင်ခိုနည်းလမ်းများဖြင့် ထိုင်းဘက်သို့ ဝင်နေကြကြောင်း ဦးမြတ်လွင်က ဆိုသည်။