ဂျော်ဒန်နိုင်ငံ၊ Ramtha မြို့ရှိ အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော မြန်မာအလုပ်သမား ၁၃၅၀ ကျော်တို့က ရိုက်နှက်ခံရ၍ ထိခိုက် ဒဏ်ရာရခဲ့သူ မြန်မာအလုပ်သမ ၄ ဦး၏ နစ်နာမှုများအတွက် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။
“The Trade Union of Workers ဆိုတဲ့ အဖွဲ့စည်းက မစ္စ Malvet ဆိုတဲ့ ဂျော်ဒန်နိုင်ငံသူ အမျိုးသမီးတဦးက ကူညီဆောင်ရွက်ပေးတယ်။ Ramtha မြို့ ဆေးရုံကြီးက ဆေးထောက်ခံချက် ပါမှဆိုလို့ အဲဒါကိုပါ ရယူပြီး အမှုဖွင့် တိုင်ကြားခွင့် ရခဲ့ပါတယ်” ဟု ဆန္ဒပြ အလုပ်သမားတဦးဖြစ်သူ ကိုကျော်ဇင်ဦးက ဧရာဝတီသို့ ပြောသည်။
Ramtha မြို့ ဟာဆမ် စက်မှုဇုန်ရှိ Centuary Miracle Apoarel Mfg.Co.Ltd ၌ ဆန္ဒပြ မြန်မာအလုပ်သမား ၁၃၅၀ ကျော်တို့က မတ်လ ၃ ရက်နေ့တွင် ဂျော်ဒန် အလုပ်သမားအဖွဲ့တခုမှ ကူညီမှုကြောင့် ဒဏ်ရာရသူ မြန်မာ အမျိုးသမီး ၄ ဦးအတွက် အမှုဖွင့်တိုင်ကြားပြီးနောက် တာဝန်ရှိ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်တဦးတို့က အလုပ်ရုံအား သွားရောက် စစ်ဆေးမှု လုပ်ခဲ့ကြောင်း သူက ဆက်ပြောသည်။
မြန်မာအလုပ်သမ ၄ ဦးနှင့် အမျိုးသားတဦးအား ထိုးကြိတ် ရိုက်နှက်ခဲ့သူများကို ရှာဖွေခဲ့သော်လည်း စက်ရုံ တာဝန်ရှိသူများက ငြင်းဆိုခဲ့၍ ဆက်လက် စစ်ဆေးမှုလုပ်ရန် ယနေ့တွင် ရဲစခန်းက မျက်မြင်သက်သေများ နှင့်တကွ ချိန်းဆိုထားကြောင်း သိရသည်။
မြန်မာအလုပ်သမ မဝင်းဝင်းမော်၊ မကေခိုင်ဆွေ၊ မစန်းစန်းထိုက်၊ မသီတာစန်းတို့ ၄ ဦးသည် မတ်လ ၁ ရက်နေ့ နံနက်စောစောပိုင်းက အလုပ်ရှင်ဘက်မှ အင်အားသုံး ဖြိုခွင်းရန် ကြိုးစားမှုကြောင့် ထိခိုက်ဒဏ်ရာရသွားခဲ့သည်။
“တရုတ်မန်နေဂျာ မစ္စတာ ဘင်နီနဲ့ တရုတ် စကားပြန် မစ္စ ဝေါင်တို့ ဦးဆောင်ပြီး အလုပ်ရုံက တရုတ်တွေရယ်၊ နောက် ဒီက ဂျော်ဒန် အာရဗီတွေ ခေါ်လာပြီး အဆောင်ထဲ အတင်းဝင်ပြီး အမျိုးသမီးတွေကို လာခေါ်တယ်။ မလိုက်ချင်လို့ ငြင်းလို့ သူတို့က ထိုးတယ်။ ကျမ မျက်နှာမှာ သူတို့ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်” ဟု အသက် ၃၇ နှစ်အရွယ်ရှိ ထိခိုက် ဒဏ်ရာရသူ မစန်းစန်းထိုက်က ဧရာဝတီသို့ ပြောသည်။
ထိခိုက်ဒဏ်ရာရသူ မြန်မာ အမျိုးသမီးများ အနေဖြင့် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရာတွင် ထိုခိုက်ဒဏ်ရာရမှုအတွက် နစ်နာကြေး ရလိုကြောင်းလည်း ထည့်သွင်း တရားစွဲဆိုခဲ့သည်ဟု သူက ဆက်ပြောသည်။
“ကျမတို့က နစ်နာကြေးလည်း လိုချင်တယ်။ ထိခိုက်ဒဏ်ရာရတဲ့ အတွက်ကြောင့်ပါ။ နောက်တခုက အိမ်လည်း မြန်မြန် ပြန်ချင်တယ်။ ဒီမှာနေရတာ ကျမတို့ အန္တရာယ် အရမ်းများနေလို့ပါ” ဟု မစန်းစန်းထိုက်က ရှင်းပြသည်။
အဆိုပါ အထည်ချုပ်စက်ရုံတွင် မြန်မာ အလုပ်သမားများက အလုပ်သမား ရပိုင်ခွင့်များ ဖြစ်ကြသော လုပ်အားခ လက်ရှိလစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀ အထိ တိုးပေးရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေး၊ မြန်မာများနှင့် ကိုက်ညီသည့် အစားအသောက်များ ကျွေးမွေး စေရေးတို့အတွက် အဆိုပါ စက်ရုံရှိ မြန်မာ အလုပ်သမား များက ဆန္ဒပြနေရာ ယနေ့အထိ ၁၉ ရက်ကျော် ရှိလာပြီဖြစ်ပြီး ယခုအထိ အလုပ်ရှင်နှင့် တိုက်ရိုက် ဆွေးနွေးခွင့် မရသေးဘဲ ပြေလည်မှုလည်း မရှိသေးကြောင်း ဆန္ဒြုပ အလုပ်သမားများက ပြောသည်။
မြန်မာပြည်မှ ရောက်လာသော အေးဂျင့် ကိုစိုင်းကလည်း အလုပ်ရှင်နှင့် အလုပ်သမားအကြား အဖြေထွက်ရေး ညှိနှိုင်း ဖြေရှင်းပေးနိုင်ခြင်း မရှိဘဲ အလုပ်ပြန်ဆင်းရေးကိုသာ တိုက်တွန်းပြောဆိုနေကြောင်း၊ ယခုအခါ မြန်မာအမျိုးသမီး ၁၀ ဦး ခန့်သာ အလုပ်ပြန်ဆင်းနေကြောင်း ဆန္ဒပြ မြန်မာအလုပ်သမား တဦးဖြစ်သူ ကိုမျိုးမင်းဦးက ဆိုသည်။
မြန်မာအလုပ်သမားများအတွက် ခိုကိုးရာမဲ့ အခြေအနေ ဆိုက်နေကြောင်း၊ အခန်းနီးချင်း နီပေါ အလုပ်သမားများကလည်း ၎င်းတို့၏ အခန်းများကို ကိုယ်တိုင်ချိုးဖျက်ကာ မိမိ လက်ပ်တော့ပ် ကွန်ပျူတာများကို မိမိတို့ဖာသာ ပြန်လည်ခိုးယူကြပြီး စက်ရုံပိုင်ရှင်မှတဆင့် မြန်မာအလုပ်သမားများ ခိုးယူသည်ဟု စွပ်စွဲကြောင်းလည်း သိရသည်။
“သူတို့ ကွန်ပျူတာ သူတို့အခန်းထဲကို ချိုးဖျက်ဝင်ယူထားတဲ့ မှတ်တမ်းတွေလည်း ကျနော်တို့ ယူထားတယ်” ဟု ကိုမျိုးမင်းဦးက ဆိုသည်။
ဂျော်ဒန်ရောက် မြန်မာ အလုပ်သမားများသည် မြန်မာနိုင်ငံမှ တရားမဝင် အေးဂျင့်များဖြင့် သွားရောက် အလုပ် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ အဆိုပါ ပြဿနာအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အခက်အခဲများ ပြေလည်ရေး ဆောင်ရွက်ရန် စီစဉ်နေသည်ဟု အစိုးရ သတင်းစာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖော်ပြခဲ့သည်။
သို့သော် မြန်မာအစိုးရ အလုပ်သမားရေးဆိုင်ရာ တာဝန်ရှိသူ မည်သူကမျှ ယခုအထိ လူကိုယ်တိုင် လာရောက်ခြင်း မရှိသေးဘဲ အစ္စရေး နိုင်ငံရှိ မြန်မာသံရုံးမှ အရာရှိတဦးဖြစ်သူ ဦးသန့်စင်က ဖုန်းဖြင့်သာ ကူညီမည်ဟု ဆိုနေသေးကြောင်း အလုပ်သမားများက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာသံရုံး မရှိသော ဂျော်ဒန်နိုင်ငံနှင့် အနီးဆုံးသံရုံးဖြစ်သည့် အစ္စရေး သံရုံးသို့ ဆက်သွယ်ရန် ဧရာဝတီက ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိပေ။
ဂျော်ဒန်နိုင်ငံတွင် မြန်မာအလုပ်သမားများ ဆန္ဒပြနေသည့် အထည်ချုပ် စက်ရုံပိုင်ရှင်သည် ဟောင်ကောင်တွင် ရုံးချုပ်ထားရှိကာ ၁၉၈၂ ခုနှစ်က တည်ထောင်ထားသည့် တရုတ် ယီတန်အုပ်စုမှ ပိုင်ဆိုင်ခြင်းဖြစ်ပြီး ကမ္ဘာတလွှား နေရာပေါင်း ၁၅ နေရာမှ နှစ်စဉ် ချည်ထည်၊ သိုးမွှေးထည် ထုတ်ကုန်ပေါင်း သန်းပေါင်း ၈၀ ကျော်ကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေကြောင်း အဆိုပါ ယီတန်အုပ်စု၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
တရုတ် ယီတန်အုပ်စု၏ ဂျော်ဒန်ရှိ စက်ရုံများတွင် မြန်မာ အလုပ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများနည်းတူ ကမ္ဘောဒီးယားနိုင်ငံရှိ ယီတန်အုပ်စုပိုင် စက်ရုံ၌လည်း ပြဿနာများ ပေါ်ပေါက်နေပြီး အလုပ်သမား ရပိုင်ခွင့်များ ဆိုးဝါးစွာ ဖြတ်တောက်မှုများ လုပ်ဆောင်နေကြောင်း၊ သို့အတွက် Worker Rights Consortium မှ အလုပ်သမားရေး ဦးဆောင်လှုပ်ရှားနေသူ တဦးဖြစ်သော မစ္စတာ Bent Gehrt က ဧရာဝတီသို့ ပြောသည်။
“ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း ကုမ္ပဏီက မွေးထားတဲ့ လက်မရွံ့ လူမိုက်တွေက ကမ္ဘောဒီးယားမှာရှိတဲ့ E Garment စက်ရုံမှာ အကြမ်းဖက် ဖြိုခွင်းမှု ကျူးလွန်ခဲ့သေးတယ်” ဟု သူက ဆိုသည်။