ရန်ကုန်တိုင်း၊ လှှိုင်သာယာမြို့နယ် အတွင်းရှိ စက်မှုဇုန်များမှ အလုပ်သမားများသည် ၎င်းတို့၏ လုပ်ခလစာ တိုးမြှင့်ပေးရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိရေး စသည်တို့အတွက် သီတင်း ၂ ပတ်ကျော်ကြာ ဆန္ဒထုတ်ဖော် နေကြသည့်တိုင် ပြေလည်မှု မရရှိသေးကြောင်း သိရသည်။
အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ပီနံအိတ် စက်ရုံ စသည် စက်ရုံ ၁၀ ခု ဝန်းကျင်တို့မှ ထောင်ချီသော အလုပ်သမားများသည် မေလ ဒုတိယ ပတ်မှ စတင်၍ မိမိတို့ စက်ရုံဝန်းကျင် အသီးသီးတွင် ဆန္ဒထုတ်ဖော်နေကြကြောင်း၊ စက်ရုံ ၁၀ ခု အနက် ၃ ခု ခန့်သာ ပြေလည်မှု ရသေးကြောင်း အလုပ်သမား အရေးဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေးက ဧရာဝတီသို့ ပြောသည်။
“အလုပ်သမားတွေ အဓိက တောင်းဆိုကြတာက လုပ်အားခ တိုးပေးဖို့နဲ့ ဥပဒေပါ အလုပ်သမား အခွင့်အရေးတွေ ခံစားခွင့် ရရေးပါ။ အဲဒါတွေကို တဘက်က သဘောတူ လက်မှတ်ထိုးပေးတာ မရှိသေးတဲ့အတွက် ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေကြတာပါ” ဟု ၎င်းက ဆိုသည်။
အလုပ်သမား ဆန္ဒပြမှုများနှင့် ပတ်သက်၍ စက်ရုံညှိနိုင်းရေးကော်မတီ၊ မြို့နယ် ညှိနိုင်းရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့ စသည့် အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေကြကြောင်း၊ သို့သော် တချို့သော အချက်များမှာ နှစ်ဦးနှစ်ဘက် ညှိနိုင်းမရသေးဟု ဦးဌေးက ဆက်ပြောသည်။
အလုပ်သမားများသည် အလုပ်ချိန် ပိုမိုလုပ်ရသော်လည်း ပိုက်ဆံအပြည့်အ၀ မရခြင်း၊ အခြေခံလစာ အတိအကျ သတ်မှတ်ပေးမှု မရှိခြင်း၊ အလုပ်ရှင်များ အနေဖြင့် အလုပ်သမား ဥပဒေကို လိုက်နာမှု မရှိခြင်း၊ အလုပ်သမားများ အပေါ် နိုင့်ထက်စီးနင်း ဆက်ဆံခြင်း၊ နေ့စားမှ လခစားအဖြစ်သို့ ပြောင်းလဲရန် အလုပ်ရှင်ဘက်က ဆောင်ရွက်မပေးခြင်း၊ ဆန္ဒပြ အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောမှု မရှိခြင်း စသည်တို့ကြောင့် ဆန္ဒထုတ်ဖော်ခြင်းဟု သိရသည်။
၎င်းတို့၏ တောင်းဆိုချက်များကို လိုက်လျောမှု မရှိသည့်အတွက် စံကောင်း အမည်ရှိ ပီနံအိတ်စက်ရုံမှ ရာချီသော အလုပ်သမားများသည်လည်း မေလ ၁၁ ရက်မှ စတင်၍ ဆန္ဒထုတ်ဖော် နေကြကြောင်း၊ ယခု အချိန်အထိ ထူးခြားမှု မရှိ၍ အလုပ်သမားတချို့ အစာငတ်ခံ ဆန္ဒထုတ်ဖော်နေကြကြောင်း အလုပ်သမား တဦးဖြစ်သူ ကိုအောင်ကိုဦးက ဧရာဝတီသို့ ပြောသည်။
“ဆန္ဒပြနေကြတာ ၂ ပတ် ကျော်လာပေမယ့် ဘာမှမထူးခြားတဲ့အတွက် အလုပ်သမား ၁၆ ဦး အစာငတ်ခံ ဆန္ဒပြတာ ဒီနေ့ဆို ၃ ရက်ရှိပြီ။ စံကောင်း စက်ရုံဝင်းထဲမှာ ဆန္ဒပြသူ စုစုပေါင်းတော့ ၆၀၀ ဝန်းကျင်ရှိတယ်” ဟု ၎င်းက ဆိုသည်။
စံကောင်း ပီနံအိတ်စက်ရုံမှ အလုပ်ဖြုတ်ခံထားရသည့် အလုပ်သမား ၄၀ ကျော်ကို အလုပ်ပြန်ခန့်ရေး တောင်းဆိုထားခြင်းကိုလည်း အလုပ်ရှင်ဘက်က လိုက်လျောပေးမှု မရှိသေးဟု ကိုအောင်ကိုဦးက ပြောသည်။
မေလဆန်းမှ စတင်၍ အလုပ်သမားများ ဆန္ဒထုတ်ဖော်နေကြသော စက်ရုံ အလုပ်ရုံများမှာ စံကောင်း ပီနံအိတ် စက်ရုံ၊ ဆာကူရာ အထည်ချုပ်စက်ရုံ၊ ဘိုဆန်း ပိုက်စက်ရုံ၊ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ Esquire ဖိနပ် စက်ရုံ၊ ဟုန်စိန် ပီနံအိတ် စက်ရုံ၊ သုံးထပ်ကြီး အထည်ချုပ်စက်ရုံ၊ ငွေကံ့ကော် အထည်ချုပ် စက်ရုံတို့ ဖြစ်သည်။
အမျိုးသားလွှတ်တော် ဒု ဥက္ကဋ္ဌ ဦးမြငြိမ်း ခေါင်းဆောင်သော လွှတ်တော် ကိုယ်စားလှယ်များသည် လှှိုင်သာယာ စက်မှုဇုန်ရှိ ဆန္ဒပြနေကြသည့် စက်ရုံများသို့ ယမန်နေ့က လာရောက်၍ ဆန္ဒပြ အလုပ်သမားများနှင့် တွေ့ဆုံကာ အလုပ်သမားများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း လှှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဧရာဝတီသို့ ပြောသည်။
လှှိုင်သာယာ စက်မှုဇုန်များရှိ ဆန္ဒပြမှု ပြဿနာကို မြို့နယ်အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနကသာ အဓိက တာဝန်ယူ ဖြေရှင်းဆောင်ရွက် ပေးနေကြောင်းလည်း ဦးမြတ်သင်းအောင်က ဆိုသည်။
ဆန္ဒပြမှုနှင့် ပတ်သက်၍ လှှိုင်သာယာ မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးသို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိပေ။
ဦးမြငြိမ်းသည် အလုပ်သမားများ အပြင် အလုပ်ရှင်များကိုလည်း တွေ့ဆုံသွားကြောင်း၊ သို့သော် မည်သို့ ဖြေရှင်းပေးသွားမည် ဆိုသည်ကို အတိအကျ ပြောဆိုမသွားကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများက ပြောသည်။
လှှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံ အများအပြား၌ ပြီးခဲ့သည့် နှစ်တွင်လည်း လုပ်ခလစာ တိုးမြှင့်ပေးရေး၊ အလုပ်ချိန် စနစ်တကျ သတ်မှတ်ပေးရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိရေး စသည်တို့ကို တောင်းဆို ဆန္ဒပြခဲ့ကြသေးသည်။
လှှိုင်သာယာ မြို့နယ်အတွင်းမှ စက်မှုဇုန်များရှိ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား ဦးရေ ၈ သောင်း ဝန်းကျင်ရှိကြောင်း ဦးမြတ်သင်းအောင်က ပြောသည်။