ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဟုန်းရှင်းအအေးခန်းစက်ရုံက စက်ရုံပိတ်သိမ်းပြီဟုဆိုကာ အလုပ်သမားများကို အလုပ်ဖြုတ်ခဲ့ခြင်း အပေါ် မကျေနပ်၍ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယမန်နေ့ ညလုံးပေါက် ဆန္ဒပြခဲ့သော အလုပ်သမားသပိတ်သည် ယနေ့ ပြေလည်မှုရရှိပြီး သပိတ်စခန်းပိတ်သိမ်း သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဟုန်းရှင်း အအေးခန်းစက်ရုံက စက်ရုံဒေဝါလီခံတော့မည်ဟုဆိုကာ စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်ကာ အလုပ်သမား များကို လျှော်ကြေးပေး အလုပ်ဖြုတ်ခဲ့ကြောင်း၊ ယင်းသို့ အလုပ်ဖြုတ်မှုသည် စက်ရုံတွင်း ဖွဲ့စည်းတည်ထောင် ထားသော အလုပ်သမားသမဂ္ဂကို ဖြိုခွင်းလိုသော ရည်ရွယ်ချက်ကြောင့်ဖြစ်ပြီး မဟာလင်းထက် နာမည်ဖြင့် စက်ရုံပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း၊ ထို့ကြောင့် ယင်းသို့ မတရား အလုပ်ဖြုတ်မှုကို အစိုးရက ဝင်ရောက်ဖြေရှင်းပေးရန် ဟုန်းရှင်း အအေးခန်း စက်ရုံ အလုပ်သမား ၁၄၀ က စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီမှစတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သပိတ် စခန်း ဖွင့်လှစ်ပြီး ညလုံးပေါက် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးဝန်ကြီး ဦးစိုးမင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်စန္ဒာမင်း၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ များ၊ ဟုန်းရှင်း အလုပ်သမား သမဂ္ဂမှ ဦးဆောင်သူများနှင့် ဟုန်းရှင်းအအေးခန်းစက်ရုံမှ အလုပ်ရှင် ကိုယ်စားလှယ် များ ညှိနှိုင်း ဆွေးနွေး ခဲ့ပြီးနောက် ပြေလည်မှုရရှိသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ဟုန်းရှင်းအအေးခန်းစက်ရုံကို လုံးဝပိတ်သိမ်းမှာပါ။ လုံးဝကို ပြန်မဖွင့်တော့ပါဘူး။ တခါတည်း အပြီးပိတ်လိုက်ပါပြီ။ နစ်နာ ကြေးတွေကို လာထုတ်လို့ရပါတယ်” ဟု ဟုန်းရှင်းအအေးခန်းစက်ရုံ ဒါရိုက်တာတဦးဖြစ်သူ ဦးကောင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရဝန်ကြီးဦးစိုးမင်းက ဟုန်းရှင်းအအေးခန်းစက်ရုံကို ဟုန်ရှင်းနာမည်ဖြင့်သော်လည်းကောင်း၊ အမည်ပြောင်း ဖွင့်လှစ်လျှင်သော်လည်းကောင်း၊ လုပ်ငန်းပြောင်းလဲ စက်ရုံပြန် ဖွင့်လျှင်သော်လည်းကောင်း ရန်ကုန်တိုင်း အစိုးအဖွဲ့က အရေးယူသွားမည်ဖြစ်ကြောင်း၊ အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများအတွက်လည်း အလုပ် ပြန်လည် ရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့တွင် ခွင့်ပြုချက်မရှိဘဲ သပိတ် စခန်းဖွင့် ဆန္ဒပြမှုသည် အလွန်အန္တရာယ်များ ကြောင်း၊ စက်တင်ဘာလ ၂၂ ရက်နေ့လည်ပိုင်းအချိန်ကတည်းက မြို့တော်ခန်းမ ရှေ့တွင် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြမှု ကြောင့် ဆန္ဒပြနေသော အလုပ်သမားများကို ဥပဒေဖြင့် အရေးယူ မည် မဟုတ်ကြောင်း ပြောသည်။
ဟုန်ရှင်းစက်ရုံပိုင်ရှင်နှင့် အလုပ်သမားများအကြား သြဂုတ်လအတွင်းက ပြဿနာဖြစ်ပွားခဲ့ပြီး အလုပ်ရှင်က အလုပ်သမား ခေါင်းဆောင် ၃ ဦးအား အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းအမှုကို အလုပ်ရှင်နှင့် ညှိနှိုင်းကာ အမှုပိတ်သိမ်းရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်သမားများ ခွင့်ပြုချက်မရှိပဲ ဆန္ဒပြခဲ့သဖြင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားမှုကိုလည်း ငွေဒဏ်ဖြင့်ပင် ပြီးစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးမြင့်အေးက ဆိုသည်။
ဟုန်းရှင်းအလုပ်သမား သမဂ္ဂ ခေါင်းဆောင် ကိုမင်းမင်းက “ကျနော်တို့ကို ဘာမှ မပြောမဆိုဘဲ စက်ရုံပိတ်တဲ့အတွက် နစ်နာကြေးတွေကို စက်တင်ဘာလ ၂၃ ရက်နေ့နောက်ဆုံး ထားပြီး လာထုတ်ရမယ်။ မထုတ်ရင် စက်ရုံထဲက မောင်းထုတ်မယ် ဆိုတော့ ကျနော်တို့က အလုပ်ပဲလိုချင်တယ်။ နစ်နာ ကြေးကို မလိုချင်ဘူး။ ဒါ့ကြောင့် အခုလို ဆန္ဒပြခဲ့တာ” ဟု ဧရာဝတီသို့ ပြောသည်။
ဟုန်းရှင်းအအေးခန်းစက်ရုံတွင် စုစုပေါင်း အလုပ်သမား ၂၀၀ ကျော်ရှိခဲ့ပြီး ဆန္ဒပြအလုပ်သမား ၁၄၀ ကျော်မှာ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ လာရောက် လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။