ပဲခူးတိုင်း ပဲခူးမြို့နယ် အတွင်းရှိ ခဲယမ်းမီးကျောက်တပ် (ACD) က သိမ်းယူခဲ့သော လယ်မြေများကို မူရင်းပိုင်ရှင် လယ်သမား များက ပြန်လည်ရရှိရေး ကြိုးပမ်းနေကြကြောင်း သိရသည်။
ခဲယမ်းမီးကျောက်တပ် (ACD) က ၁၉၉၇-၉၈ ခုနှစ်ကတည်းက တပ်တည်ဆောက်ရန်နှင့် တပ်ရန်ပုံငွေအဖြစ် အနီးရှိ ကျေးရွာ ၉ ရွာနှင့် လယ်ဧက ၅၀၀၀ ကျော်ကို သိမ်းယူခဲ့ပြီး တပ်အဆောက်အအုံ တည်ဆောက်၍ ပိုလျှံသော လယ်မြေများအား မူရင်း ပိုင်ရှင်လယ်သမားများကို သီးစားခယူ၍ အငှားချ လုပ်ကိုင်စေခဲ့ကြောင်း လယ်သမားများက ဧရာဝတီကို ပြောသည်။
ယခုအခါ မူရင်းလယ်ပိုင်ရှင်များက ၎င်းတို့ လယ်မြေများ ပြန်လည်ရရှိရေးအတွက် ပဲခူးတိုင်း အင်းတကော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ၏ အကူအညီရယူကာ သမ္မတ ဦးသိန်းစိန်၊ ပဲခူးတိုင်းဝန်ကြီး ဦးဉာဏ်ဝင်း၊ NLD ပါတီနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) တို့ထံ ယခုလလယ်ပိုင်းက စာပို့ တောင်းဆိုလိုက်ပြီ ဖြစ်သည်။
“ကျနော်တို့က လယ်ပိုင်ရှင် ဘဝကနေ လယ်ငှားသမားဘဝ ရောက်ခဲ့ရတယ်၊ သူတို့ တပ်အဆောက် အအုံ ဆောက်ပြီးသား နေရာတွေကို ပြန်တောင်းဆိုတာ မဟုတ်ဘူး၊ လွတ်နေတဲ့ မြေတွေပြန်လုပ်ကိုင်ခွင့်နဲ့ သီးစားချ လုပ်ကိုင်ခိုင်းတဲ့ လယ်တွေကို မူရင်းလယ်ပိုင်ရှင်ဖြစ်တဲ့ ကျနော်တို့ကို ပြန်လွှဲပေးဖို့ တောင်းဆိုတာပါ” ဟု လယ်သမားတဦးက ပြောသည်။
ACD က သိမ်းယူခဲ့သော ပဲခူးမြို့နယ် သာယာကုန်း ကျေးရွာအုပ်စုမှ ဂုံဂျင်းတန်း၊ ရွှေလေး၊ အလံခွဲ၊ ကျောက်ပုံး၊ ထီးဘတို၊ အင်းခနီ၊ ဆပ်အင်း၊ ကျီးဇွန်းနှင့် ကျွဲဒညင်းကုန်း ကျေးရွာများကို ပေ ၇၀×၉၀ အကျယ်ရှိ မြေကွက်များ အစားထိုးပေး၍ နိုင်သာယာ ရွာတည် ပေးခဲ့ကြောင်း သိရသည်။
လယ်မြေများကို တပ်ပိုင်အဖြစ် သိမ်းယူပြီးနောက် နွေရာသီတွင် လယ်တဧကလျင် စပါး ၁၀ တင်းနှုန်း၊ မိုးရာသီတွင် တဧက ၈ တင်း နှုန်းဖြင့် သီးစားခ ပြန်ချပေးခဲ့ပြီး လုပ်ကိုင်စေခဲ့ကြောင်း၊ လယ်မြေများသိမ်းယူခံရပြီးနောက် စီးပွားရေး ပြေလည်မှု မရှိသဖြင့် စားဝတ်နေရေး၊ ပညာရေး အကျပ်တည်းများ ကြုံတွေ့နေ ကြရကြောင်း လယ်သမားများက ဆိုသည်။
ထို့အပြင် ယခင်က သီးနှံရှာဖွေ စားသောက်ရာ နေရာများကိုလည်း သွားလာမှု မပြုရန် ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ ကြောင်း အလံခွဲ ကျေးရွာသူဦးက ပြောသည်။
“ကျမတို့ ငါးပိဖိုး၊ ဆားဖိုးလေးလုပ်ဖို့ မျှစ်ချိုးရင်လည်း မျှစ်သိမ်းတယ်၊ ထင်းခွေရင်လည်း ထင်းရော ဓားရော သိမ်းခံရတယ်၊ ကွမ်းစိုက်ရင်လည်း ကွမ်းတိုင် တတိုင်ကို ၃ ကျပ်နှုန်း ကျမတို့ဆီက တောင်းပါတယ်။ ကျမတို့မှာ အဲဒီလို ဘဝမျိုးနဲ့ နေခဲ့ရ ပါတယ်။ အဲဒီလို ခံစားခဲ့ရတာတွေ ကြာခဲ့ပါပြီ။ ဒီဒုက္ခတွေကို ကျမတို့ မခံစားနိုင်တော့ပါဘူး” ဟု သူက ပြောသည်။
သိမ်းဆည်းခံရစဉ်က တပ်အာဏာပိုင်များက သဘောတူ ကျေနပ်ကြောင်း လက်မှတ်ထိုးခိုင်းခြင်းကို လက်မခံခဲ့ကြသော်လည်း စစ်တပ်ကို ကြောက်ရွံ့သဖြင့် တောင်းဆိုနိုင်ခြင်း မရှိကြောင်း၊ ယခုအခါတွင် ပြည်သူက ရွေးချယ် တင်မြှောက်ထားသော အရပ်သား အစိုးရ လက်ထက်တွင် ၎င်းတို့လယ်မြေများနှင့် ပတ်သက်၍ တရားမျှတစွာ ဆောင်ရွက်ပေးမည်ဟု မျှော်လင့်သဖြင့် တင်ပြ တောင်းဆိုလာရခြင်း ဖြစ်ကြောင်း လယ်သမားများက ဆိုသည်။
အလားတူ ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည် မြို့နယ်အတွင်းရှိ အမှတ် ၃၁၇ တပ်ရင်းမှ သိမ်းဆည်းထားသော မြေဧက ၁၁၀ ပြန်လည်ရရှိရေးအတွက် မူရင်းလယ်ပိုင်ရှင်များ ဖြစ်ကြသော ကြံဇနွယ်နှင့် မအူတုံကွင်း ကျေးရွာခံ လယ်သမားများက အစိုးရဌာနများ အပါအဝင် သိမ်းဆည်းခံ လယ်မြေ စုံစမ်းဖော်ထုတ်ရေး ကော်မရှင်ကို ကွင်းဆင်း စစ်ဆေးပေးရန် တောင်းဆို ထားကြောင်း လယ် ၆ ဧက အသိမ်းခံထားရသည့် လယ်သမား ဦးလှိုင်မင်းဦးက ဧရာဝတီသို့ ပြောသည်။
နိုင်ငံအတွင်း တပ်ချရာနေရာ အများစုတွင် ဒေသခံများ၏ မြေ၊ ယာ၊ အိမ်ခြံများ အသိမ်းခံရခြင်း များပြားလှပြီး တရားမဲ့ လုပ်ဆောင်မှုများကို ဖြေရှင်းပေးသင့်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် များကလည်း အရေးထား လုပ်ဆောင်ပေး သင့်ကြောင်း တောင်သူလယ်သမားများ အရေး၊ အလုပ်သမားအရေးနှင့် လူ့အခွင့်အရေးများ လိုက်လံဆောင်ရွက်နေသော ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့်က ပြောသည်။
“တပ်ရန်ပုံငွေဆိုတာ မလိုဘူး၊ တပ်ကို အစိုးရက ဝန်ထမ်းလစာ ဆိုတာ ပေးထားပြီးသားပဲ။ အခု သူတို့ သိမ်းတာက အဆောက်အအုံ ဆောက်ဖို့တင် မဟုတ်ဘဲနဲ့ သူတို့ဝင်ငွေ ရရေးအတွက် လူထုကို အနိုင်ကျင့် သိမ်းတယ်။ တချို့ နေရာတွေ ဆိုရင် တပ်က အင်းတကော်မှာ၊ သိမ်းတဲ့ မြေက ကဝမြို့နယ်ထဲမှာ တခြားစီပဲ၊ ဒါက ဘာသဘောလဲ” ဟု ဦးအေးမြင့်က ဆိုသည်။
စစ်တပ်အပါအဝင် အစိုးရဌာနများ သိမ်းဆည်းထားသော မြေများ ပြန်ရရေးအတွက် တိုင်ကြားထားသူ များပြားကြောင်း၊ ထိုအကြောင်း အရာများကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှတဆင့် လွှတ်တော်သို့ တင်ပြနိုင်ရန် ပြင်ဆင် ကြိုးပမ်း နေလျှက်ရှိကြောင်း၊ ထို့အပြင် NLD ပါတီက ဒေသတွင်း၌ လယ်သမားများအရေး ကူညီဆောင်ရွက်လာသဖြင့် လယ်သမားများအတွက် ပိုမို အဆင်ပြေလာသည်ကို တွေ့ရကြောင်း ဦးအေးမြင့်က ဆက်ပြောသည်။