ရန်ကုန်မြို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တွင် ပြည်သူ့အိမ်ယာ စီမံကိန်း ဆောက်လုပ်မည့် သတင်း ထွက်ပေါ်လာပြီးနောက် ဝင်ရောက် ကျူးကျော် နေထိုင်သူများနှင့် မြေနေရာ ရောင်းချမှုများ ရှိနေကြောင်း သတင်းရရှိသည်။
“သူတို့က စရောင်းကတည်းက သူတို့ ပိုင်လိုလို ဘာလိုလိုနဲ့ ရောင်းတော့ အကုန်လုံးလည်း ဝယ်ကြတယ်။ ကိုယ် တဦးတည်း မဟုတ်ဘူး။ မရှိတဲ့ သူတွေအတွက် ကျပ် ၃ ၊ ၄ သိန်းဆိုတာက အိမ်ငှားနေရင်လည်း ဆယ်လစာပဲ ရှိတော့ အိမ်စပေါ်လေး ထုတ်လာပြီး ဝယ်လိုက်မိတာ” ဟု ယင်းမြေကွက်ကို ဝယ်ယူထားသည့် ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံလမ်းနေ မသင်းသင်းခိုင်က ပြောသည်။
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ဧရာဝဏ်လမ်း၊ ချင်းတွင်းလမ်း၊ ကမ်းနားလမ်း၊ ဒုဋ္ဌဝတီလမ်းတို့ရှိ မြေနေရာများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံခိုင်ရေး) ပါတီဝင်များက မြေတကွက်လျှင် ကျပ် ၄ သိန်းမှ ၇ သိန်းအထိ အခကြေးငွေ ရယူပြီး ရောင်းချနေခြင်း ဖြစ်ကာ တချို့မြေကွက်များမှာ တရားမဝင် ဝင်ရောက် ကျူးကျော်နေထိုင်ကြခြင်း ဖြစ်ကြောင်း သိရသည်။
“အစပိုင်းမှာ လူတွေက တဖွဲဖွဲ ရောက်လာပြီး ကျူးကျော် ဝင်ဆောက်ကြတယ်။ ကျနော်နဲ့ ကျနော်တို့ ရပ်ကွက် အုပ်ချုပ်ရေး မှူးက ဝင်တားတာလည်း မရဘူး။ ဒီနေရာက မဟုတ်လည်း လူတွေ ဝင်ဆောက်နေမှာပဲ၊ ဒီစီမံကိန်း မစခင်လေး ကိုယ့်ရပ်ကွက် အတွက် တခုခု အဖတ်တင်အောင် ဆိုပြီးတော့ လာဆောက်မယ့် သူတွေဆီကနေ အသင်းရန်ပုံငွေဆိုပြီး စည်းရုံးရေးလည်း ရအောင်ငွေထည့် ခိုင်းတဲ့ သဘောပါ” ဟု ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေး ပါတီဝင် တဦးဖြစ်သူ ဦးဝင်းလှိုင်က ဧရာဝတီကို ပြောသည်။
မြေကွက် ရောင်းချထားသော ငွေဖြင့် ရပ်ကွက် ကြံ့ခိုင်ရေးပါတီရုံးနှင့် စာကြည့်တိုက် တို့ကို ဆောက်လုပ် ထားပြီး မြေကွက် ရောင်းချစဉ် ကတည်းက နိုင်ငံတော်ပိုင် မြေဖြစ်ကြောင်း၊ သက်ဆိုင်ရာမှ ဖယ်ခိုင်းပါက အချိန်မရွေး ဖယ်ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။ မြေကွက်များ ရောင်းချမှုကို ကြံ့ခိုင်ရေးပါတီ၏ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင် ရုံးများသို့ အကြောင်းကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
“အဖွဲ့ချုပ်ကိုလည်း အကြောင်းမကြားပါဘူး။ ကျန်တဲ့ ဘယ်ဌာနကိုမှ အသိမပေးခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီမြေဟာ ကျူးကျော် ဖြစ်နေတယ်။ တရားဝင် ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မရဘူး။ ကျူးကျော် ဖြစ်နေလို့ အစကတည်းက တာဝန် မယူဘူးလို့ ပြောပြီး ရန်ပုံငွေ ကောက်ခဲ့တာပါ။ စီမံကိန်းက ဒီလောက် မြန်မြန် စလာလိမ့်မယ်လို့ မထင်ဘူး” ဟု ဦးဝင်းလှိုင်က ဆိုသည်။
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရပ်ကွက်/ ကျေးရွာအလုပ် အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုကမူ “ဒီအတိုင်း လာကျူးကျော်တဲ့သူရော၊ ငွေပေးဝယ်တဲ့ သူတိုင်းက ဒီလို အိမ်ယာ စီမံကိန်းရှိတယ် ဆိုတာကို သိတော့ သိလမ့်မယ်။ ဒီဟာ ဖျက်ရင်တော့ မြေရမှာပဲလို့ ထင်နေတာလည်း ရှိကောင်းရှိနိုင်တယ်။ ရောင်းတဲ့ သူတွေကလည်း သန်းခေါင်စာရင်း ထုတ်ပေးမယ် ဘာညာ မက်လုံးပေးတာ ရှိနိုင်တယ်။ ရောင်းချတဲ့ သူတွေထဲမှာ NLD ပါတီဝင် ၃ ယောက်လည်း ပါနေတယ်” ဟု ပြောသည်။
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်သည် ၁၉၉၀ ပြည့်နှစ် ပတ်ဝန်းကျင်က မြေတကွက်လျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ရောင်းချထားပြီးသော မြေကွက်များဖြစ်ကာ၊ နောက်ပိုင်းတွင် မြေကွက် ဝယ်ယူထားသူများကို လမ်းကြေး ကျပ် ၇၀၀၀၀ နှင့် မြေဝယ်ခ ၂ သိန်း စုစုပေါင်း ၂ သိန်း ၇ သောင်း ပြန်အမ်း၍ နိုင်ငံပိုင်မြေအဖြစ် ပြန်လည် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတဖန် ပြည်သူ့အိမ်ယာ စီမံကိန်း ဆောက်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
“အရင်ကတည်းက ကျူးကျော်နေသူရော၊ ခုမှ ခါတော်မီ လာကျူးသူတွေကိုရော ကျနော်တို့က ဥပဒေအရပဲ ဆောင်ရွက်မယ်။ အများပြည်သူ အတွက်ကို ဆောင်ရွက်တဲ့ နေရာမှာ မနေ့တနေ့ကမှ စီမံကိန်း ဆောက်မယ်ဆိုမှ ရလိုမှုနဲ့ လာနေသူတွေ အားလုံးကို ဖျက်ပါ့မယ်။ ရောင်းစားတဲ့ သူတွေကိုလည်း ပုဒ်မ ၆၁ အရ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ တရားဥပဒေအရ အရေးယူမယ်။ ရောင်းစားသူတွေ ကလည်း တော်တော်များပါတယ်” ဟု အိုးအိမ်နှင့် မြို့ရွာ ဖွံ့ဖြိုးရေးဦးစီးဌာန တန်ဖိုးနည်း အိမ်ယာ စီမံကိန်းဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ဧရာဝတီကို ပြောသည်။
အိမ်ယာ စီမံကိန်းများ ဆောက်လုပ်မည်ဟု သတင်း ထွက်ပေါ်လာသည့် နေရာများတွင် မူရင်းနေထိုင်သည့် ကျူးကျော်များ အပြင် လျော်ကြေးရလိုမှုဖြင့် ကျူးကျော်မှုများ၊ မြေကွက် ရောင်းစားမှုများ ဖြစ်ပေါ်လျှက်ရှိသည်။
“မြေဝယ်တယ်ဆိုတာ စတိုးဆိုင်မှာ ပစ္စည်းဝယ်သလို ဝယ်လို့ ရတာမဟုတ်ဘူး။ အစိုးရပိုင် စီမံကိန်းကြီး ရှိပါတယ်ဆိုမှ ဒါကို အရောင်းအဝယ် လုပ်တာဟာ မသိလို့ မဟုတ်ဘူး” ဟု ဦးအောင်ကျော်ဦးက ဆိုသည်။
ရန်ကုန်မြို့ သန့်ရှင်းသာယာ လှပရေးနှင့် အဆင့်မြှင့်တင်ရေး အစည်းအဝေးတွင် ပြည်သူ့ အိမ်ယာ စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် စေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းညွှန်ထားသည်ဟု သိရသည်။ ပြည်သူ့ အိမ်ယာစီမံကိန်းတွင် ရတနာပြည်သူ့ အိမ်ယာစီမံကိန်းနှင့် ဧရာဝဏ် ပြည်သူ့ အိမ်ယာ စီမံကိန်းတို့ ပါဝင်မည်ဖြစ်ကာ တိုက်ခန်းပေါင်း တသောင်းကျော် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၄၅ မြို့နယ်၌ ၄၄ မြို့နယ်တွင် ကျူးကျော် နေထိုင်သူများရှိနေပြီးမြို့နယ်တိုင်းတွင်ကျူးကျော် ဆိုင်ခန်းများ မပါဘဲ အနည်းဆုံး ကျူးကျော် တဲ၊ အိမ်၊ အဆောက်အဦး ၅ပုံ ၁ ပုံစီခန့် ရှိနေကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥပဒေ ကော်မတီမှခန့်မှန်းခြေ အတည်ပြုထားသည်။ ကျူးကျော်နေထိုင်သူများကို တရားဝင်နေထိုင်ခွင့် (ဂရမ်မြေ) နေရာအစားပေးရန် ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီမှ တိုင်းဒေသကြီး လွှတ်တော် ဥပဒေ ကော်မတီဝင်များနှင့် ညှိနှိုင်း စီစဉ်နေကြောင်း သိရသည်။