သန်လျင်မြို့နယ် သီလဝါ စက်မှုဇုန် စီမံကိန်း နယ်မြေအတွင်း လယ်မြေများပေါ်တွင် နေထိုင်သူများကို ယခုလ ၁၄ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ရန် ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အမိန့်ထုတ်ထားသော်လည်း ဒေသခံများ အနေဖြင့် ထွက်ခွာသွားမည် မဟုတ်ကြောင်း ပြောဆိုသည်။
ဘုရားကုန်းကျေးရွာ အလွမ်းဆွတ်ကျေးရွာ၊ သီလဝါကျေးရွာများ ပါဝင်သော လယ်မြေ ၂၆၆၅ ဧကကျော် အတွင်းရှိ မြေများ ပေါ်တွင် အခွင့်အမိန့် မရှိဘဲ နေထိုင်လုပ်ကိုင်ခြင်း မပြုရန်၊ ၎င်းမြေပေါ်မှ “အစိုးရမင်းပိုင်” ပစ္စည်းမှတပါး ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း၊ လိုက်နာခြင်း မရှိပါက မြန်မာနိုင်ငံအောက်ပိုင်း မြေယာ အက်ဥပဒေ ပုဒ်မ ၂၁ အရ ထောင်ဒဏ် ရက် ၃၀ ချထားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ၎င်းအမိန့်စာတွင် ဖော်ပြထားသည်။
“အိမ်တွေကို မဖျက်ဘူး။ ဒီအတိုင်းပဲ ဆက်နေသွားမယ်။ ကျနော်တို့က အိမ်တွေကို ဘယ်ကို ရွှေ့ရမယ်မှန်း လည်း မသိဘူး။ အဲဒါကြောင့် အိမ်တွေကို မြေတူးစက်နဲ့ လာဖျက်ရင်လည်း ဒီအတိုင်း ကြည့်နေရမှာပေါ့” ဟု အလွမ်ဆွတ် ကျေးရွာမှ ဦးမြလှိုင်က ပြောသည်။
လက်ရှိ ဆောင်ရွက်ချက်များသည် မြေယာဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း၊ ၎င်းတို့ အနေဖြင့် စီမံကိန်းဆောင်ရွက်မည့် ဂျပန်ကုမ္ပဏီများ၊ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အဖြေရှာရန် နိုင်ငံတော်သမ္မတထံ တင်ပြထားကြောင်း၊ ဂျပန်သံရုံးနှင့် တခြားကုမ္ပဏီများထံသို့လည်း စာပို့ထားကြောင်း သိရသည်။
အဆိုပါ စက်မှုဇုန် စီမံကိန်း နယ်မြေရှိ လယ်မြေများကို ၁၉၉၅ ခုနှစ်ခန့်မှ စတင်ပြီး အိုးအိမ်ဦးစီးဌာနမှ အဆင့်ဆင့် သိမ်းယူ ထားပြီး လယ် ၁ ဧက အတွက် ကျပ်ငွေ ၂ သောင်းနှင့် အိမ် ၁ လုံး အတွက် သန်လျင် အောင်ချမ်းသာ ရပ်ကွက် အစွန်းပိုင်းတွင် ပေ ၄၀၊ ပေ ၆၀ မြေ ၁ ကွက်စီ ပြန်လည် အစားပေးခဲ့ကြောင်း သိရသည်။
သို့ရာတွင် အဆိုပါလယ်မြေတွင် စီမံကိန်းအကောင်အထည် မဖော်သေးသောကြောင့် ဒေသခံ လယ်သမားများအား လယ် ၁ ဧကလျှင် စပါး ၇ တင်းနှုန်းဖြင့် သီးစား ပြန်ပေးခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် အစိုးရမှ စိုက်ပျိုးစရိတ် ချေးငွေများပင် ထုတ်ပေးခဲ့ကြောင်း အလွမ်းဆွတ်ကျေးရွာမှ ဦးလှရွှေက ပြောသည်။
မြေကွက်အစား ပြန်ပေးရာတွင် လည်း တချို့ရွာသားများမှာ မရရှိခဲ့ကြကြောင်း၊ ရရှိခဲ့သော မြေကွက်များကိုလည်း စပါးအရှုံးပေါ် ခဲ့သောကြောင့် ပြန်လည်ရောင်းချ ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“အခုက စီမံကိန်းတခုမှာ ရင်းနှီးမြှုပ်နှံရမယ့် အတွက် ကျနော်တို့ လယ်သမားတွေမှာ ဘာမှ ခံစားပိုင်ခွင့်မှ မရှိဘူးလားလို့ ကျနော်တို့ မေးချင်တာ။ ကျနော်တို့ လယ်ကို ပြန်လိုချင်တယ်၊ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီကိစ္စကို စုံစမ်းစေချင်တယ်” ဟု အလွမ်းဆွတ်ကျေးရွာမှ ကိုနေလင်းအောင်က ပြောသည်။
ယခုကဲ့သို့ ပြောင်းရွှေ့ရမည်ဆိုလျှင် မည်သည့်နေရာတွင် နေထိုင်ရမည်ကို မသိတော့ကြောင်း၊ တချို့လည်း နွေစပါး စိုက်ပျိုးထားကြောင်း၊ လယ်လုပ်ငန်းမှ ကျွဲ၊ နွားများ ထားစရာ နေရာလည်း အခက်တွေ့နေကြောင်း ဘုရားကုန်းကျေး ရွာမှ လယ်လုပ်ငန်းကို ၅၂ နှစ်ကျော် လုပ်ကိုင်ခဲ့သော ဦးရာဇူးက ဆိုသည်။
သီလဝါ စက်မှုဇုန် စီမံကိန်းကြောင့် သန်လျင်မြို့နယ် ဖလမ်းကျေးရွာ၊ သီတာမြိုင်ကျေးရွာ၊ သီလဝါကျေးရွာ၊ ဘုရားကုန်း ကျေးရွာ၊ အလွမ်းဆွတ်ကျေးရွာများမှ လယ် ဧက တသောင်းကျော် သိမ်းယူထားကြောင်း၊ ယခု ဖေဖော်ဝါရီ ၁၄ ရက်နေ့ နောက်ဆုံး ထွက်ခွာပေးရန် အမိန့်ထုတ်ထားသော သိမ်းဆည်း လယ်မြေများတွင် လူဦးရေ တသောင်းကျော် နေထိုင်လျှက် ရှိကြောင်းနှင့် လူနေကျေးရွာများလည်း ပါဝင်ကြောင်း သိရသည်။
“ရွာမြေဆိုတာ လူတွေနေဖို့ ထားတာလေ။ ဒါကို ကျူးကျော်လို့ ပြောတယ်။ လူကြီးတွေနဲ့ မျက်နှာစုံညီတွေ့ရင် မေးချင်တယ်။ ကျနော်တို့က ဒီလိုဖြစ်လို့ ဆန္ဒပြဖို့လည်း မလုပ်ပါဘူး။ သက်ဆိုင်ရာ တွေကိုတော့ စာတင်ထားတယ်။ ဘယ်လို ဆက်ဖြစ်မယ် တော့ မပြောတတ်ဘူး။ လူကြီးတွေက ဒီအတိုင်း ကြည့်နေမယ်တော့ မထင်ပါဘူး။ သူတို့ ကျနော်တို့ လယ်သမားတွေကို နားလည်မှု ရှိတယ်၊ တနည်းနည်းနဲ့တော့ လုပ်ပေးမယ်လို့ ယုံကြည်ထားတယ်” ဟု ဦးမြလှိုင်က ပြောသည်။
သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ယင်း ကိစ္စနှင့်ပက်သက်ပြီး သွားရောက်မေးမြန်းခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခြင်းများ ပြုလုပ်ခဲ့သော်လည်း တာဝန်ယူ ဖြေကြားပေးမည့် သူနှင့် မတွေ့ခဲ့ရပေ။